မြောက်ဦးမှာ မနေ့က ပစ်ခတ်မှုကြောင့် ရွာသား ငါးဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာမှာ မနေ့ညနေ ၄ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား ငါးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
-
2019-06-14 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာမှာ မနေ့ညနေ ၄ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား ငါးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တပ်မတော်ဘက်က ပစ်တာလို့ ရွာသားတွေဘက်ကပြောပေမယ့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ AA အဖွဲ့က တပ်မတော်ကို မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်တာဖြစ်ကြောင်း ရွာနဲ့ ဆန့်ကျင်ဘက်ကိုသာ ပစ်ခတ်တာဖြစ်ကြောင်း၊ ရွာထဲကို ပစ်ခတ်တာ မဟုတ်ကြောင်း ပြောပါတယ်။
မြောက်ဦးမြို့မှာ မနေ့ညနေက ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရွာဟောင်းတောရွာထဲမှာရှိတဲ့ စာသင်ကျောင်းမှာ ပန်းရံလုပ်နေတဲ့ ရွာသားတစ်ယောက်၊ အသက် ကိုးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ အိမ်ထဲမှာနေနေတဲ့ ရွာသားတစ်ယောက် စုစုပေါင်း သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ရွာရဲ့အနောက်ဘက်မှာ ငါးရှာနေတဲ့ မြောက်ဦးမြို့ပေါ်ရပ်ကွက်က အမျိုးသား တစ်ယောက်နဲ့ လယ်တော ကနေပြန်လာတဲ့ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရွာသားတစ်ယောက်တို့လည်း သေနတ်ကျဉ်ထိမှန်ပြီး လက်မောင်း၊ ခြေထောက်တို့ ထိခိုက်ဒဏ်ရာရပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဂရုဏာလှိုင်းသွေးလှူရှင်းများ အသင်းကနေ သိရပါတယ်။
မနေ့က ဖြစ်စဉ်ကြောင့် လက်ရှိမှာဒေသခံ ရွာသူရွာသားတချို့ဟာ ကြောက်လှန့်ပြီး စစ်ရှောင်စခန်းတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြောက်ဦးမြို့ မြို့ဦးဂေါင်းဆရာတော်က RFA ကို မိန့်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။