နိုင်ငံအခက်အခဲ တွေ့နေချိန်မှာ အမျိုးသားညီညွတ်ရေးကို အခြေခံပြီး ဆောင်ရွက်မည်

ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ပတ်သက်လို့ ဧပြီလ ၁၃ ရက်နေ့နဲ့ သြဂုတ်လ ၉ ရက်နေ့တွေမှာ အစိုးရက ထုတ်ပြန်ထားတဲ့အတိုင်း ရပ်တည်သွားမှာဖြစ်ပြီး အသွင်ကူးပြောင်းရေးအတွက် အမျိုးသားညီညွတ်ရေးကို အခြေခံကာ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ် Photo: myanmar president office

ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ပတ်သက်လို့ ဧပြီလ ၁၃ ရက်နေ့နဲ့ သြဂုတ်လ ၉ ရက်နေ့တွေမှာ အစိုးရက ထုတ်ပြန်ထားတဲ့အတိုင်း ရပ်တည်သွားမှာဖြစ်ပြီး အသွင်ကူးပြောင်းရေးအတွက် အမျိုးသားညီညွတ်ရေးကို အခြေခံကာ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

ဒီနေ့ နေပြည်တော်က နိုင်ငံတေ်ာ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောသွားတာဖြစ်ပါတယ်။

"ICC နဲ့ပတ်သက်လို့ ဧပြီလ ၁၃ ပေါ့နော်၊ အဲမှာတစ်ကြိမ်ထုတ်ထားတယ်၊ ၂၀၁၈ သြဂုတ်လ ၉ ရက်နေ့ အဲမှာတစ်ကြိမ်ထုတ်ထားတယ်၊ အဲဒါအစိုးရရဲ့သဘောထားပါ၊ အဲဒါတွေ ပြန်လေ့လာကြည့်ပါ၊ နောက်တစ်ချက် က အဓိကအလေးထားပြီး ပြောချင်တာ အသွင်ကူးပြောင်းရေးဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပြောထားတယ်၊ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီးတော့ အဲဒါနဲ့သွားမှရမှာ၊ နံပါတ်တစ် မညီညွတ်လို့ မရဘူး"

ICC ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ တုံ့ပြန်စရာမရှိကြောင်း RFA သတင်းဌာနကို ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အတွက် အဲဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး သဘောတူပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေးတွေ လုပ်ဆောင်နေကြောင်းလည်း ဖြေကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အကြောင်းနဲ့၊ နယ်စပ်ကိုဖြတ်ကျော်ပြီး နှင်ထုတ်ခဲ့တဲ့ သဘောသဘာဝအရ လုံလောက်တဲ့ စီရင်ပိုင်ခွင့် ရှိတဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ ICC ရဲ့ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org