တိုင်းလွှတ်တော်ကိုယ်စားလှယ် အသက်အန္တရာယ် ခြိမ်းခြောက်သူ ၁၅ ဦးကို အမှုဖွင့်
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးကို လောင်းကစားသမားတစ်စုက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပုတီးကုန်းနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၆၊ ၂၉၄ စတဲ့ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားပါတယ်။
-
2017-11-07 -
-
-
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးကို လောင်းကစားသမားတစ်စု က အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပုတီးကုန်းနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၆၊ ၂၉၄ စတဲ့ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၃ ဦးကနေတဆင့် ခြိမ်းခြောက်ပြောဆိုတာဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်နိုင်ဦး က ပြောပါတယ်။
"ကျနော့်ရဲ့ ပါတီဝင် ၃ ဦးကို တိုက်ရိုက်ပေါ့နော်၊ လူတွေဝိုင်းဝန်းပြီးတော့ ဓါးတွေကိုင်ဆောင်ပြီးတော့ စိန်ခေါ်တော့ ဘယ်မှာလဲ လွှတ်တော်ကိုယ်စားလှယ် အဲ..ဇော်နိုင်ဦး ဆိုတဲ့ကောင်ဘယ်မှာလဲ၊ သတ်မယ် ဆိုပြီးတော့ ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်သွားတာပေါ့နော်၊ ၅ ရက်နေ့ညက ဖြစ်တာပေါ့နော်၊ တစ်ဦးကိုတော့ ဖုန်းနဲ့ပဲပြောတယ်၊ ၆ ရက်နေ့ မနက်မိုးလင်းမှ ပါတီကတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ အမှုဖွင့်တယ်၊ ခရိုင်မှူးကို တင်ပြတယ်၊ ဒီဟာအရေးကြီးကိစ္စဖြစ်တယ်၊ ပုဒ်မတွေတပ်ပေးလိုက်တယ်၊ ၅၀၆ နဲ့ ၂၉၄ ဆိုပြီး တပ်ပေးလိုက်တယ်"
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ တရားရုံးကို လျှောက်တင်မှာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
သဲကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းထိုက်က လောင်းကစားတွေ၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ အရေးယူမှုအားနည်းတာကြောင့် တင်းကျပ်စွာဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်မှာ ပြီးခဲ့တဲ့ မတ်လအတွင်းက တင်သွင်းခဲ့ရာ အဆိုအောင်မြင်ပြီး အတည်ဖြစ်ခဲ့ပါတယ်။ အဲဒီအဆိုနဲ့ဆက်စပ်ပြီး အခုလို လုပ်ဆောင်လာတာဖြစ်နိုင်တယ် လို့လည်း ဦးဇော်နိုင်ဦး က သူ့အမြင်ကို ပြောပါတယ်။
သဲကုန်းမြို့နယ်အတွင်းက ဘုရားပွဲတွေမှာ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ကြက်ဝိုင်း စတဲ့ လောင်းကစား တွေကို ဒိုင်လုပ်နေတဲ့ ဦးစန်းမောင်ဆိုသူရဲ့ သားတွေနဲ့ အပေါင်းအပါ ၁၅ ယောက်ကို ပုတီးကုန်းနယ်မြေရဲစခန်းမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ နဲ့ ညစ်ညမ်းစွာဆဲဆိုမှုပုဒ်မ ၂၉၄ တို့နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။