ရွေးကောက်ပွဲမှာ NLD ပါတီ မကွေးတိုင်းလုံးကျွတ် အနိုင်ရ
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေးတတိုင်းလုံးမှာ အနိုင်ရရှိခဲ့တာနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ ကိုယ်စားလှယ်ဦးရေ ကျော်လွန်အနိုင်ရခဲ့လို့ အမေစုနိုင်ပြီလို့ ကြွေးကြော်ကြပြီး ပျော်ပွဲတွေ ကျင်းပနေကြပါတယ်။
-
ဇော်တူး
2020-11-12 -
-
-
၂ဝ၂ဝ ရွေးကောက်ပွဲမှာ မကွေးတိုင်းလုံးကျွတ် အနိုင်ရခဲ့လို့ အောင်ပွဲခံနေကြသော မကွေးတိုင်းက NLD ပါတီထောက်ခံသူများ။
Photo: RFA
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေးတတိုင်းလုံးမှာ အနိုင်ရရှိခဲ့တာနဲ့ အစိုးရဖွဲ့ နိုင်တဲ့အထိ ကိုယ်စားလှယ်ဦးရေ ကျော်လွန်အနိုင်ရခဲ့လို့ အမေစုနိုင်ပြီလို့ ကြွေးကြော်ကြပြီး ပျော်ပွဲတွေ ကျင်းပနေကြပါတယ်။ ဒီလိုအောင်မြင်မှုဟာ ငြိမ်းချမ်းရေးအတွက် အားတက်စရာဖြစ်တယ်လို့ ပွင့်ဖြူမြို့နယ် ရွှေလှေအုပ်စု ဂတ်ကုန်းကျေးရွာက ဦးမောင်ဌေးက ပြောပါတယ်။
“ဒီတိုင်းပြည်က အမေစုအုပ်ချုပ်မှ ငြိမ်းချမ်းရေးရမှာပါ။ ကျနော်တို့ ငြိမ်းချမ်းရေး အမြန်ဆုံးရချင်ပါတယ်။ နယ်စပ်တွေ ရခိုင်တွေ ရှမ်းပြည်နယ်တွေ နယ်စပ်တွေမှာ စစ်ဖြစ်နေတာတွေ စစ်ဘေးဒုက္ခတွေ ရှောင်ရတယ်။ ပညာရေးတွေနှောင့်နှေးတယ်။ ကျောင်းသားတွေ ကျောင်းမတက်ရဘူး။ စစ်ဘေးရှောင်ကြရတယ်။ အဲဒီဒုက္ခသည်တွေ ဒီစစ်ငြိမ်းချမ်းမှသာလျှင် ဒါတွေဟာ သာယာဖြောင့်ဖြူးမှာပါ။ ငြိမ်းချမ်းရေးရအောင် အမြန်ဆုံးလုပ်ပေးပါလို့ တောင်းဆိုပါတယ်”
နယ်စပ်က စစ်ဘေးတွေ ပြည်တွင်းကို ကူးစက်လာမှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒေသက ပြည်သူတွေကတော့ ပါတီကိုလည်း မကြည့် ကိုယ်စားလှယ်ဘယ်သူဆိုတာလည်း နားမလည် အမေစုနိုင်အောင် မဲပေးခဲ့တာလို့ ၈၅ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်စိန်သန်းက ပြောပါတယ်။
“ကျမလား ကျမက အမေစုပဲ ပေးပါတယ်။ အားရသမှတော့ ပြောမနေနဲ့။ ထမင်းကို မစားချင်ဘူး။ အဲလောက်ပဲအားရတယ်။ အမေအောင်ဆန်းစုကြည်နိုင်ပါစေ။ သာယာပါစေပဲ အမေကတော့”
အနီးနားက ချွန်းစု၊ ရွှေလှေ၊ ဂတ်ကုန်း စတဲ့ရွာတွေမှာ အကျွေးအမွေးတွေနဲ့ အောင်ပွဲတွေ ကျင်းပနေကြတာပါ။ သူတို့ရဲ့ မျှော်လင့်ချက်တွေကတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာဖို့ ကျန်းမာရေးဆေးပေးခန်းတွေ ဖွင့်လာနိုင်ဖို့နဲ့ ကလေးတွေရဲ့ ပညာရေးကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ ရွှေလှေမှာ ပညာရွှေလှေဘော်ဒါဖွင့်ထားတဲ့ ဦးတင်မောင်ဌေးကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့နေတာကို ကာကွယ်ရချိိန်မှာ ကျောင်းတွေပိတ်ထားရလို့ ပြောင်းလဲထားတဲ့ ပညာရေးစနစ်နဲ့အညီ ကလေးတွေရဲ့ ပညာရေး နှောင့်နှေးမသွားအောင် အနိုင်ရအစိုးရအနေနဲ့ စဉ်းစားပေးစေချင်တယ်လို့ပြောပါတယ်။
“ကိုဗစ်ကာလဆိုတော့ ပညာရေးနဲ့ ပတ်သက်လို့တော့ ကလေးတွေရဲ့ ကျန်းမာရေးဆိုတာ ရှိတယ်။ သို့သော် ကျနော်တို့က ဒီကိုဗစ်ကာလ အမြန်ဆုံးပေါ့ ဟို ပြီးစီးသွားစေ့ချင်တယ်။ကာကွယ်ဆေးတွေကိုလည်း ဖော်စေချင်တယ်။ အဲဒီလိုပေါ်မှသာလျှင် ကလေးတွေရဲ့ ပညာရေးက တစ်နှစ်အောက်မသွားအောင်ပေါ့။ နောက်တစ်ခါ ကျနော်တို့ပညာရေးစနစ် မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ပညာရေးစနစ်၊ အဲဒီစနစ်ကို တစ်နှစ်ကားထဲမှာ အောက်သွားလို့ရှိရင် နည်းနည်းအစီအစဉ်လေးတွေ ပျက်သွားမှာကိုလည်း စိုးရိမ်မိတယ်”
မကွေးတိုင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း တိုင်းလုံးကျွတ် အနိုင်ရခဲ့ပါတယ်။ အခု ၂၀၂၀ မှာလည်း တတိုင်းလုံး အတိုင်းအတာအနေနဲ့ ပြောရရင် မဲပေးသူပျှမ်းမျှ ၇၆.၈၇ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာလို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
----------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)