မြန်မာနိုင်ငံ လူကုန်ကူးမှုအခြေအနေ အဆိုးဆုံးအဆင့်မှာ ဆက်ရှိနေ

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိရုံတင်မကဘဲ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို လူကုန်ကူးမှုမြောက်တဲ့ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း အခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဝင်ပေါက်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ဇူလိုင်လ ၁၉ရက် မနေ့က ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ ၂၀၂၂ခုနှစ်အတွက် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောခဲ့ပြီး ကမ္ဘာတစ်ဝန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့သူတွေကို ချီးကျူးဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့ပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ အခုနှစ်အတွက် လူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ အီရန်နိုင်ငံတွေကို လူကုန်ကူးမှု၊ အစိုးရကဏ္ဍတွေမှာ အဓမ္မစေခိုင်းမှု၊ လိင်ကျေးကျွန်ပြုမှုနဲ့ ကလေးစစ်သားအသုံးပြုမှုတွေကို ထပ်တလဲလဲ ကျူးလွန်နေတဲ့ နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားပြီး အခုနှစ်မှာ ရုရှားနိုင်ငံကိုလည်း ဒီနိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

မနေ့က ပြုလုပ်တဲ့ အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ရဲ့မိန့်ခွန်းထဲမှာ ကမ္ဘာတစ်ဝန်းမှာ လူကုန်ကူးခံရသူ ၂၅သန်းလောက်ထိ ရှိနေပြီး၊ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကြောင့် စစ်ပြေးဒုက္ခသည် ဖြစ်ရတဲ့ ယူကရိန်းနိုင်ငံသားတွေ အလွန် ထိခိုက်လွယ်ပြီး၊ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ဖို့ ဖြစ်နိုင်ခြေများနေတဲ့ အခြေအနေကို အလေးထားပြီးပြောသွားပါတယ်။

အခုနှစ်မှာ နိုင်ငံ ၂၁ နိုင်ငံဟာ သူတို့ ပြည်တွင်းနဲ့ ပြည်ပရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို လူကုန်ကူးမခံရအောင် အကာအကွယ်ပေးဖို့ ကြိုးပမ်းအားထုတ်ခဲ့တဲ့အတွက် လူကုန်ကူးမှုအဆင့်သတ်မှတ်ချက် တိုးမြှင့်ပေးခဲ့ပြီး ၁၈ နိုင်ငံကိုတော့ လုံလောက်တဲ့ ကြိုးပမ်းအားထုတ်မှု မရှိတဲ့အတွက် အဆင့်လျှော့ချထားတယ်လို့ ဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောသွားပါတယ်

အမေရိကန်အစိုးရဟာ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို လူကုန်ကူးမှု အခြေအနေအဆိုးဆုံးအဆင့် tier 3 စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး အခုနှစ်မှာလည်း အပြောင်းအလဲ မရှိခဲ့ပါဘူး။

မနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်လည်း လုံလောက်တဲ့ ကြိုးပမ်းအားထုတ်မှု မရှိခဲ့ပဲ အလွန်နည်းပါးတဲ့ လူကုန်ကူးမှု အရေအတွက်ကိုသာ အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

စစ်ကောင်စီဟာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို အတင်းအဓမ္မ ပေါ်တာဆွဲပြီး ကုန်ပစ္စည်းသယ်ခိုင်းတာ၊ ထမင်းဟင်းချက်ခိုင်းတာ၊ လယ်ယာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ခမပေးဘဲ စေခိုင်းတာတွေအပြင် စစ်မြေပြင်မှာ လူသားတံတိုင်းအဖြစ် အသုံးချတာနဲ့ ကလေးစစ်သားအဖြစ် စေခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတင်းပို့ခဲ့တယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီဟာ အသက် ၁၂ နှစ်လောက်ပဲ ရှိတဲ့ တပ်မတော်သားတွေရဲ့ သားသမီးတွေကိုလည်း လက်နက်အသုံးပြုနည်းအပါအဝင် မတက်မနေရ စစ်သင်တန်းတွေ တက်ခိုင်းတဲ့အကြောင်း၊ ၂၀၂၁ နှစ် မေလနဲ့ ဧပြီလတွေက စစ်ကောင်စီကိုယ်တိုင်က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာတောင် စစ်ကောင်စီတပ်သားတွေဟာ အာဏာသိမ်းဆန့်ကျင်သူတွေကို ဖြိုခွင်းခဲ့တဲ့နေရာက အပျက်အစီးတွေကို ရှင်းလင်းဖို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအချို့ကို သေနတ်နဲ့ထောက်ပြီး စေခိုင်းနေတာတွေ တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မြို့မှာ အလုပ်အကိုင်ဆုံးရှုံးသွားတဲ့ ရွှေ့ပြောင်းလုပ်သား တစ်သိန်းကျော်လောက် နယ်မြို့တွေကို ပြန်သွားကြပြီး၊ အများစုဟာ ထိုင်းနဲ့တရုတ်နိုင်ငံကို အလုပ်အကိုင်ရှာဖွေဖို့ ထွက်ခွာဖို့ ကြိုးစားရင်း လူကုန်ကူးမှုသားကောင်ဖြစ်ဖို့ အလားအလာရှိနေတဲ့အကြောင်းနဲ့ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ စစ်ဘေး ဒုက္ခသည်တွေဟာလည်း အမြတ်ထုတ်ခံရနိုင်တဲ့ အခြေအနေ ရှိနေတဲ့အကြောင်း၊ နိုင်ငံမဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံသား တော်တော်များများဟာ ထိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို တရားဝင်နည်းလမ်းနဲ့ရော တရားမဝင်လမ်းကြောင်းတွေကပါ ထွက်ခွာနေကြပြီး၊ လူကုန်ကူးမှုသားကောင်ဖြစ်ဖို့ အလားအလာရှိနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဝင်ပေါက်တစ်ခု။ (Photo: RFA)

ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီအာဏာပိုင်တွေဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေထက် အရပ်သားပြည်သူတွေကို ဖိနှိပ်ဖို့ ဦးစားပေးလုပ်ဆောင်ခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်တွေ လျော့ကျခဲ့ကြောင်းနဲ့ ပြည်သူတွေဟာ ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေအပေါ် ယုံကြည်လေးစားမှု မရှိတော့တဲ့အတွက် တရားဥပဒေစိုးမိုးရေးအခြေအနေ ပိုဆိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေ ရပ်နားထားရတဲ့အပြင်၊ အရင်အရပ်သားအစိုးရလက်ထက်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အဓိကလုပ်ဆောင်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်က လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနခွဲတို့ဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ရပ်နားခဲ့တဲ့အတွက်လည်း လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတွေ အားနည်းသွားရတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကလေးလုပ်သားနဲ့ အဓမ္မလုပ်အားပေး စေခိုင်းခဲ့တဲ့ စစ်တပ်အရာရှိတွေနဲ့ ယခင် အရပ်သားအစိုးရတာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးတာမရှိခဲ့ဘဲ လူကုန်ကူးခံရသူတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီထောက်ပံ့တာတွေကိုလည်း တားမြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေ ကျင့်သုံးနေတာကြောင့် ဒီလူနည်းစုဝင်တွေဟာ လူကုန်ကူးခံရဖို့ ဖြစ်နိုင်ခြေအလွန်များနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org