မကွေးတိုင်းမှာ ဇွန်လအတွင်း ပြည်သူ ၂၄ ဦး သေဆုံးပြီး နေအိမ် ၈၀၀ ကျော် မီးရှို့ခံရ

ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က သီးခြားပြုစုထားတဲ့ အချက်အလက်တွေအရ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ဒေသခံပြည်သူ ၂၄ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၈၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာအား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ် Photo: PDF-Gangaw - တောင်ပိုင်း

ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က သီးခြားပြုစုထားတဲ့ အချက်အလက်တွေအရ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ဒေသခံပြည်သူ ၂၄ ဦး သေဆုံးခဲ့ပြီး လူ နေအိမ် ၈၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးရှို့မှုဖြစ်စဉ်တွေကို ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ကျောက်ထု၊ ပွင့်ဖြူ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ မြိုင်နဲ့ ရေစကြို စတဲ့ မြို့နယ်တွေမှာ အများဆုံးတွေ့ရပါတယ်။

"ခွေးတွေ့ ခွေးသတ်မယ်၊ နွားတွေ့ နွားသတ်မယ်။ ကန်နက်က လူတွေကို ကြိမ်းထားတော့ ဘယ်သူမှ သိပ်မနေရဲကြတော့ဘူး"

ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာ ဝင်ရောက်စီးနင်းမှုမှာ ဒေသခံရွာသားခုနစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မသီတာ (အမည်လွှဲ) က RFA ကို ပြောပါတယ်။

"ကတ္တရာလမ်းအောက်က မြောင်းလေးတွေရှိတယ်။ အဲပြွန်ခေါင်းထဲမှာ နှစ်လောင်းတွေ့ တယ်။ ရွာလယ်ထဲမှာ တစ်လောင်း၊ ရွာပြင်မှာ တစ်လောင်းတွေ့တယ်။နောက်ပြီး စာ သင်ကျောင်းနားက မီးလောင်တဲ့ အိမ်ထဲမှာက လေးလောင်း။ လက်တွေကို သံကြိုး နောက်ပြန် တုပ်ထားတယ်။ အဲဒါလေးလောင်းတွေ့တယ်။ အဲဒါမီးလောင်ပြီးသား။ အိမ် ရော ပြာကျသွားတာလေ။ အိမ်ထဲမှာတင် ရှို့ထားခဲ့တာ။ အလောင်းက လေးလောင်း၊ ငါးလောင်း၊ ခြောက်လောင်း၊ ခုနစ်လောင်းရှင့်"

အဲဒီနောက် ညောင်လယ်ရွာအနီး ပတ်ဝန်းကျင် ရွာတွေဖြစ်တဲ့ ရေမျက်နီ၊ ရေပုတ်၊ စင်းစယ် စတဲ့ရွာတွေကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် အရပ်သားတစ် ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဇွန်လ ဒုတိယပတ်အတွင်း မြိုင်မြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက စစ်ဆင်ရေးဆောင် ရွက်ခဲ့ပြီး နေအိမ်တွေ မီးရှို့တာ၊ အရပ်သားနဲ့ PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းချိန် ဇွန် ၁၆ ရက်မှာ အလုံကြီးကျေးရွာက အသက် ၄၀ အရွယ် ကိုမြင့်ဝေနဲ့ ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုံကြီးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျောက်တောကနေ အလုံကြီးသွားတာပေါ့နော်။ အလုံကြီးသွားပြီး အလုံကြီးကျတော့ လည်း ပြည်သူလူထုတွေ ထိုင်ခိုင်းပြီးတော့ ထမပြေးပါနဲ့ဆိုတာ ပြည်သူလူထုတစ် ယောက်က ကြောက်လန့်ပြီးတော့ ထပြေးတဲ့အချိန် ပစ်လိုက်တာ ဗိုက်ကို ထုတ်ချင်း ပေါက်သွားပါတယ်။ အဲလူက ကိုမြင့်ဝေပါ၊ အလုံကြီးကပေါ့နော်။ ကန့်ဘလူ ရွာသစ် ဘက်ကလည်း PDF နှစ်ယောက်ကို ဖမ်းမိပါတယ်။ သူကတော့ ဘယ်လိုတုန်းဆိုတော့ ကန်နီကို ခေါ်သွားပြီးတော့ မျက်လုံးတွေလည်း ဖောက်တယ်။ နောက်ပြီးတော့ လျှာတွေ လည်းဖြတ်တယ်။ မသေမရှင် တူးမြှုပ်တယ်လို့ ကျနော်ကတော့ သတင်းအတိအကျ ရပါ တယ်ဗျ"

အလုံကြီးရွာကို စစ်ကောင်စီမရောက်ခင် ဇွန် ၁၆ ရက်မနက်ပိုင်းက ပြင်သာကျေးရွာထဲ ဝင် ရောက်စီးနင်းရာမှာ PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ အသက် ၂၀ အရွယ် PDF အဖွဲ့ဝင် ကိုမျိုးဆွေ ဖမ်းဆီးခံခဲ့ရပြီးနောက် မီးရှို့ခံထားရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတာပါ။

အလားတူ မြိုင်မြို့နယ်ထဲက ကန်နက်ရွာကိုလည်း ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် ကန်နက်ရွာက နေ အိမ် ၁၀၀ ကျော် မီးရှို့ခံလိုက်ရပြီး အရပ်သား ၅၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ် လို့ ကန်နက်ရွာသားတစ်ဦးက ပြောပါတယ်။

"တခြားရွာမှာ ကပ်နေရတာပေါ့။ တချို့ထောက်ပံ့တဲ့ နေရာရှိသလို ကိုယ်ကိုယ်တိုင် နွား တိရစ္ဆာန်တွေနဲ့ မဖြစ်တဲ့ နေရာတွေလည်းရှိတော့ ကိုယ့်ဟာနဲ့ကိုယ်လည်း လုံးပန်းပြီး တော့ စားသောက်နေရတာပေါ့။ ရွာမှာ မနေတော့ဘူးဗျ။ ကျနော့်ရွာမှာ နေစရာအိမ် နေရာမရှိတော့ သူတို့ကလည်း ကြိမ်းထားတာလေ။ ခွေးတွေ့ ခွေးသတ်မယ်၊ နွားတွေ့ နွားသတ်မယ်။ ကန်နက်က လူတွေကို ကြိမ်းထားတော့ ဘယ်သူမှ သိပ်မနေရဲကြတော့ ဘူး"

ဒီဖြစ်စဉ်မတိုင်ခင် ကန်နက်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ဒီ့အပြင် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နယ်စပ်က စစ်ကောင်စီရဲ့ ဆင်ဖြူရှင်တံတားစစ်ဆေး ရေးဂိတ်ကို ဇွန်လ ၉ ရက်နေ့မှာ PDF တွေ တိုက်ခိုက်ခဲ့တဲ့အတွက် တံတားအနီးပတ်ဝန်း ကျင်က ကျေးရွာတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းမှုတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီနယ်မြေရှင်းလင်းမှုကြောင့် ရေစကြိုမြို့နယ် သစ်ကြီးတောရွာက နေအိမ် ၇၀၀ ဝန်း ကျင် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သစ်ကြီးတောရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပထမအကြိမ် သေနတ်တွေနဲ့ သူတို့က ခြိမ်းခြောက်ပြီးတော့ ရွာထဲက အကုန်လုံးထွက် ပြေးကြတော့ ညနေကျ ရွာကြီးကို အကုန်မီးရှို့တော့ တစ်ရွာလုံးမှာ နည်းနည်းလောက်ပဲ ကျန်တော့တာ။ ရွာထဲလည်း မနေရဲပါဘူးရှင်။ ကစဉ့်ကရဲတွေ ဖြစ်နေကြတာလေ။ စားဝတ်နေရေးတွေရော၊ တိရစ္ဆာန်တွေရော အကုန်ပါကုန်တာ။ အခုတောထဲမှာဆိုရင် တအားကျပ်တည်းနေကြတာ။ ချက်စရာ ပိုက်ဆံရှိတော့လည်း ဝယ်စားလို့မရ။ အသည် တွေကလည်း မကူးရဲ၊ မလာရဲ၊ ရောင်းလည်း မရောင်းရဲ။ ဝယ်စားစရာက မပါ၊ အလုပ်က လည်းမရှိ အဲလိုဖြစ်နေကြတာ"

အဲဒီနေ့မှာပဲ ရေစကြိုမြို့နယ် ဒန်းပင်ကန်ရွာအနီး စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးစစ် ကြောင်းကို ရေစကြို မြောက်ပိုင်း ပြောက်ကျားအဖွဲ့ (N-YSO) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါ တယ်။ အပြန်အလှန် ပစ်ခတ်မှုတွေဆက်ဖြစ်ခဲ့ပြီး N-YSO အဖွဲ့ဝင် ငါးဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံလိုက်ရတယ်လို့ N-YSO တာဝန်ခံ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။

"သူတို့အလောင်းရဲ့ အနေအထားကို ကြည့်ရတာ သတ်ပြီးမှ မီးရှို့ထားတဲ့ အနေအထား တော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ရဲဘော်တွေအားလုံး အလောင်းတွေ ဖော်ကြည့်တဲ့အခါမှာတော့ ခြေထောက်တွေ မရှိတော့ဘူး။ အဲမှာ တရွတ်တိုက်ဆွဲထား တာတွေ့တယ်။ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတချို့မှာဆိုရင် သွေးစွန်းတာတွေ့တယ်။ အဲ့ဒါကြောင့် သူတို့က မသတ်ခင်မှာ အရင်ဆုံး ညှဉ်းပန်းနှိပ်စက်မယ်၊ ပြီးကျတော့ ဖြစ် နိုင်ခြေများတာကတော့ သူတို့ရဲ့ ခြေတွေပေါ့နော်၊ ခြေချောင်းတွေကို ဖြတ်ပြီးတော့ မပြေးနိုင်အောင် လုပ်ပြီးတော့ မီးရှို့ထားတာ ဖြစ်နိုင်ခြေများမယ်ဆိုတာ ကျနော်တို့ ဒီ အလောင်းတွေရဲ့ ဖြစ်စဉ်အခြေအနေကို ကြည့်ရတဲ့ အနေအထားအရတော့ အရှင်လတ် လတ် မီးရှို့ထားတဲ့ ပုံစံမျိုးဖြစ်မယ်"

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရေစကြိုမြောက်ပိုင်း ပြောက်ကျားအဖွဲ့ဝင် ငါးဦးအား တွေ့ရစဉ် (Photo: CJ)

သေဆုံးသွားသူတွေဟာ အသက် ၅၂ နှစ်အရွယ် CDM ကျောင်းအုပ်ဆရာ ဦးဝင်းကျော်၊ ကိုယ်ဝန် ငါးလခန့်ရှိနေတဲ့ အသက် ၃၀ ဝန်းကျင် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ အသက် ၂၆ နှစ်အရွယ် CDM အထက်တန်း သူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ထောက်ပို့ ရဲဘော် မသဲအိအိဝင်းနဲ့ ဝူခုန်း (ခေါ်) ကိုဌေးမင်းဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အလောင်းတွေကို ဇွန်လ ၁၄ ရက် နေ့လယ် ၁ နာရီလောက်မှာ တွေ့ရှိခဲ့ရပြီး သူတို့ကို ဖမ်းဆီးသတ်ဖြတ်တာက ရေစကြိုအခြေစိုက် ခလရ ၂၅၆ ၊ ခလရ ၂၅၇ တပ်တွေလို့ ရေစကြို မြောက်ပိုင်း ပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဇွန်လအတွင်း မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဒေသခံပြည်သူ တွေ သေဆုံးတာနဲ့ နေအိမ်တွေ မီးရှို့ခံရမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့အတွက် စစ် ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၄ ရက်စာရင်း အရ စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သား ၂၀၅၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းဖြစ်တဲ့ Data For Myanmar ရဲ့ ဖော်ပြချက် အရ စစ်တပ်က အာဏာသိမ်းပြီး ၁၆ လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူနေအိမ် ၁၈,၈၈၆ လုံး မီးရှို့ခံခဲ့ရပါတယ်။ ဒီလို မီးလောင်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သူတို့မှာ တာဝန်မရှိကြောင်း အမြဲတမ်းငြင်းဆန်လေ့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org