မြေပုံဒေသခံ ငါးရာလောက် ရိက္ခာပြတ်နေ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနဲ့ ချုံချောင်းကျေးရွာအနီး ယောချောင်းတံတားမှာ တပ်မတော်က နေရာယူထားပြီး ရွာတွင်း၊ ရွာပြင် တစ်စုံတစ်ရာ ပစ္စည်းသယ်ယူခွင့်မပေးဘဲ ကန့်သတ်ထားတဲ့အတွက် ရွာသား ၅၀၀ ခန့် စားသောက်ရေးအတွက် ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
ဝေမာထွန်း
2019-12-23 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနဲ့ ချုံချောင်းကျေးရွာအနီး ယောချောင်းတံတားမှာ တပ်မတော်က နေရာယူထားပြီး ရွာတွင်း၊ ရွာပြင် တစ်စုံတစ်ရာ ပစ္စည်းသယ်ယူခွင့်မပေးဘဲ ကန့်သတ်ထားတဲ့အတွက် ရွာသား ၅၀၀ ခန့် စားသောက်ရေးအတွက် ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒေသအာဏာပိုင်တွေရဲ့ ထောက်ခံစာပါရင် စားနပ်ရိက္ခာ သယ်ယူခွင့်ပေးသွားမှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနဲ့ ချုံချောင်းကျေးရွာကနေ နှစ်မိုင်ခန့် ဝေးတဲ့ ယောချောင်းတံတားမှာ တပ်မတော်က နေရာယူထားပြီး ဖြတ်သန်းသွားလာမှုတွေကို စစ်ဆေးနေတာ ဒီနေ့ အထိပါပဲ။
ရွာသာယာရွာနဲ့ ချုံချောင်းကျေးရွာတွေက ဒေသခံတွေဟာ သူတို့နေထိုင်ရာရွာတွေကနေ တခြားနေရာတွေကို သွားမယ်ဆိုရင် မဖြစ်မနေ ယောချောင်းတံတားကို ဖြတ်သန်းသွားရပါတယ်။
တပ်မတော်က ဖြတ်သန်းသွားသူတွေကို အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ဖြတ်သန်းသွားခွင့်ပေးပြီး ပစ္စည်း သယ်ယူခွင့် မပေးဘူးလို့ ရွာခံတချို့က RFA ကို ဆက်သွယ်ပြောလာပါတယ်။
အမည်မဖော်လိုတဲ့ ရွာသာယာကျေးရွာသားတစ်ဦးက အခုလို ဆန်၊ ဆီ၊ ဟင်းစားတွေ သယ်ဆောင်ခွင့် မပေးတာ တစ်လလောက်ကြာနေပြီဖြစ်တဲ့အတွက် စားသောက်ရေးအခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
ကျန်းမာရေးအခက်အခဲ စားဝတ်နေရေးအခက်အခဲ အဲလိုအခက်အခဲတွေ အများကြီးဖြစ်နေတယ်
“ဘယ်ကိုမှမသွားရဘူး။ ရွာကိုပိတ်ဆို့တာ လုပ်လိုက်တာပေါ့။ နိုဝင်ဘာ ၂၅ ကနေ အခုထိဆိုရင် အကိုတို့ရွာနဲ့ ချုံချောင်းရွာ လူ ၅၀၀ ဝန်းကျင်လောက်က တစ်လလောက်ထိ ပိတ်ဆို့ ထားတာခံရတော့ အကိုတို့ရွာက ဒေသခံတွေက ဘယ်လို ဖြစ်နေလဲဆိုလို့ရှိရင် ကျန်းမာရေးအခက်အခဲ စားဝတ်နေရေး အခက်အခဲ အဲလိုအခက်အခဲတွေ အများကြီးဖြစ်နေတယ်။ နဂိုရှိတာလေးတွေနဲ့ပဲ စားသောက်နေရတာ။ အခုဆိုရင် နဂိုရှိတာလေးတွေလည်း ကုန်ပြီဆိုတော့ ရှေ့ဆက်ပြီး ဒီတိုင်းပိတ်ထားမယ်ဆိုရင် အကိုတို့ရွာကသူတွေ တော်တော်လေး အခက်အခဲဖြစ်မှာပေါ့။”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုအသံတွေ ထွက်လာတာဟာ AA ကို စားနပ်ရိက္ခာ မပို့ဆောင်နိုင်တော့တာကြောင့်လို့ တုံ့ပြန်ပါတယ်။
အခုလဆန်းပိုင်းမှာ ဒီရွာတွေက AA အဖွဲ့ကို ထောက်ပံ့တဲ့ ဆန်အိတ် ၂၀၀ ခန့်ကို တပ်မတော်က ဖမ်းဆီးရမိခဲ့ တယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ ထောက်ခံချက် ပါမယ်ဆိုရင် စားနပ်ရိက္ခာသယ်ယူခွင့်ရှိတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“ကျနော်တို့က ယောချောင်းတံတားလုံခြုံရေးထားပါတယ်။ လုံခြုံရေးမထားဘဲ အေအေ ခွဲသွားလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ဒေသအဲဒီမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ကျန်တဲ့သူတွေရဲ့ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ ပါတယ်ဆိုရင် ကျနော်တို့ကတော့ ဘာမှ ကန့်သတ်ချက်မရှိဘူး။ အခုလည်း သွားနေတာပါပဲ။ အော်လို့သာအော်တာ။ အဝတ်တစ်ထည်ကိုယ်တစ်ခုဆိုတာတော့ မဟုတ်ဘူးခင်ဗျ။”
ရွာသာယာရွာမှာ လူဦးရေ ၁၇၀၀ ကျော်ရှိတာဖြစ်ပြီး တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက် နေ့တွေမှာ ရွာအတွင်း ဝင်ရောက်စစ်ဆေးတာ၊ ဒေသခံတွေကို ဖမ်းဆီးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ရွာခံ ၁၆၀၀ ကျော် ဒုက္ခသည်စခန်းတွေကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပါတယ်။
အဲဒီကာလက တပ်မတော်က AA အဖွဲ့နဲ့ ဆက်စပ်တယ်လို့ ယူဆချက်နဲ့ ဖမ်းဆီးထားတဲ့ ရွာသာယာ ကျေးရွာသား ငါးဦးရှိပါတယ်။
သူတို့ကို လက်ရှိမှာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ပြီလို့ တပ်မတော်ဘက်က ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒါဟာ တပ်မတော်က ရခိုင်ရွာတွေကို AA ကို ရိက္ခာပို့တယ်လို့ ယူဆပြီး အနိုင်ကျင့်တာသာဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ဦးစစ်တမ်းဆိုတဲ့ စာအုပ်နဲ့ စာပေဆုရရှိထားသူ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဒါဟာ အစိုးရတပ်မတော် ဘက်က တစ်ဘက်လက်နက်ကိုင်အဖွဲ့ဆီ ရိက္ခာတွေ ရောက်ရှိမှာ စိုးလို့ လုပ်ဆောင်နေကျ နည်းလမ်းဖြစ်ပြီး လက်တွေ့မှာ ဒေသခံတွေ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
“AA တပ်ဖွဲ့ဆီကို ရိက္ခာရောက်မသွားအောင် တားဆီးပုံရပါတယ်။ တစ်ဘက်ကလည်း ထောက်ခံစာပါမှ သယ်ခွင့်ပေးမယ်ဆိုပေမယ့် အရပ်သားတွေလည်း ထောက်ခံစာမယူတတ်တာ မယူနိုင်တာ ရှိနိုင်တာပေါ့။ အဲတော့ စစ်ဆင်ရေးကာလမှာ ဒါမျိုးတွေကတော့ အရင်ဒေသတွေမှာလည်း ကြုံခဲ့ဖူးတဲ့ ကိစ္စတွေဖြစ်တယ်။ အရပ်သားတွေကတော့ ထိခိုက်နစ်နာမှုရှိတာပေါ့။”
လက်ရှိမှာ ရွာသာယာရွာအတွင်း ပစ္စည်းတွေကို စောင့်ကြပ်ဖို့ နေခဲ့တဲ့ ရွာခံတချို့နဲ့ သက်ကြီးရွယ်အိုတွေ စုစုပေါင်း ၁၀၀ ခန့် နေထိုင်နေပါတယ်။ ချုံချောင်းကျေးရွာမှာတော့ ချင်းတိုင်းရင်းသားတွေ အများစုနေကြတာဖြစ်ပြီး အဲဒီရွာမှာ ရွာသား ၃၈၀ ကျော် ကျန်ရှိနေပါသေးတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီရွာနှစ်ရွာက ဒေသခံတွေရဲ့ သတင်းကို အခုလို ပြောပါတယ်။
“အမှန်ကတော့ ဒီရွာနှစ်ရွာက ယောချောင်းတံတားက ဒီလိုဖြတ်တောက်ထားလိမ့်မယ်ဆိုရင်တော့ အောက်လည်း ဆင်းလို့မရ၊ အောက်ကလည်း အပေါ်တက်လို့မရ ကြုံပြီးတော့ တော်တော်ကို ဒုက္ခရောက်မှာပေါ့။ အမှန်ကတော့ စစ်ဆေးပြီး ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေ စစ်ဆေးပြီး လွှတ်ပေးဖို့ ကောင်းတယ်။ လူတိုင်း မြင်ပြီးတော့ အေအေပဲလို့ အဲလို သံသယစိတ်နဲ့ ဖမ်းဆီးမယ်ဆိုရင် မသွားရဲကြတော့ဘူးပေါ့။ အဲ့တံတားဖြတ်ဖို့က တော်တော်လေးခက်သွားပြီ။”
မြေပုံမြို့နယ်မှာဆိုရင် အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိ ပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေ မဖြစ်တာ ရက် ၂၀ လောက်ရှိပြီလို့ တပ်မတော်ဘက်က ပြောပါတယ်။
မြေပုံမြို့နယ်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေကြသူ ၄၆၀၀ ကျော် ရှိနေပါပြီ။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာတော့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါးအထိ ရှိလာကြောင်း အရပ်ဘက် အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။