ဗိုင်းရပ်စ်ကာကွယ်ဆေးရရင် ထိုးပေးမယ့် အစီအစဉ်များ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ရရှိတော့မယ်လို့ ကမ္ဘာ့ဆေး ကုမ္ပဏီတွေက ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကလည်း မြန်မာပြည်သူတွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ထိုးနှံဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။
-
ခင်မောင်စိုး
2020-10-02 -
-
-
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ရရှိတော့မယ်လို့ ကမ္ဘာ့ဆေးကုမ္ပဏီတွေက ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသားကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကလည်း မြန်မာပြည်သူတွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ထိုးနှံဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံအားလုံး ဒီကနေ့ လိုချင်နေတဲ့ဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပါပဲ။ ဒီကာကွယ်ဆေးရရှိဖို့ ကမ္ဘာ့ဆေးဝါးကုမ္ပဏီတွေက အပြိုင်အဆိုင်ကြိုးစားနေကြရာမှာ အမေရိကန်ဆေးကုမ္ပဏီတချို့ကတော့ အခုနှစ်မကုန်ခင်မှာ စတင်ထုတ်လုပ်နိုင်တော့မယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး ဒီရောဂါအကြောင်းအချိန်ယူလေ့လာနေတဲ့ ဒေါက်တာတင့်ဆွေက-
“ရှေ့ဆုံးက ပြေးနေတာကတော့ အမေရိကန်နိုင်ငံက ကုမ္ပဏီကြီး ၃ ခုပါပဲ။ Pfizer ကုမ္ပဏီ၊ နောက်တခါ Moderna ကုမ္ပဏီ နဲ့ နောက်တခုက Johnson & Johnson ကုမ္ပဏီတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Moderna ကုမ္ပဏီက ကာကွယ်ဆေးဆိုရင် နောက်ဆုံးအဆင့်လို့ပြောနိုင်တဲ့ လူ ၃ သောင်းလောက်ကို စမ်းသပ်တဲ့ တတိယအဆင့်ကို အခု စတော့မယ်။ ကာကွယ်ဆေးတွေကို အတိအကျပြောရရင် ဒီနှစ်ကုန်ခါနီးမှာ စတင်ထုတ်လုပ်ပြီးတော့ ၂ဝ၂၁ ခု နှစ်ဆန်းပိုင်းမှာ လူအများစုထံ ရောက်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်”
မြန်မာနိုင်ငံရှိ NITAG နိုင်တက် လို့ အတိုကောက်ခေါ်တဲ့ National Immunization Technical Advisory Group- အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဝါရင့်ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က မြန်မာပြည်သူတွေကို လာမယ့်နှစ်အစပိုင်းလတွေအတွင်း စတင်ထိုးနိုင်ဖို့အတွက် သူတို့ ဆွေးနွေးကြိုးပမ်းနေကြတယ်လို့ RFA ကိုပြောပါတယ်။
“ကျနော်ထင်ပါတယ် သင်္ကြန်မတိုင်ခင်မှာ (စတင်ထိုးနှံဖို့) ဖြစ်နိုင်ခြေ ရှိပါတယ်။ (ဦးစားပေးထိုးနှံဖို့အတွက်) ပထမဆုံးက ကျန်းမာရေးဝန်ထမ်းတွေပါ အဲဒီကျန်းမာရေးဝန်ထမ်းလို့ပြောတဲ့အခါ ပုဂ္ဂလိက နဲ့ နိုင်ငံတော်လုပ်ငန်းမှာ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းလို့ မခွဲခြားပဲနဲ့ တပြိုင်နက်လုပ်ပေးဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။ နောက်တခုကတော့ အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေက လူကြီးတွေကို ဦးစားပေးဖို့လိုပါတယ်။ ဥပမာ- ဆီးချို သွေးတိုး နှလုံးရောဂါ အစရှိသဖြင့် ဒီလိုလူကြီးတွေက ကိုဗစ်ရောဂါဖြစ်ရင် အသေအပျောက်နှုန်း များပါတယ်။ နောက်တခုကတော့ အခြေခံလူတန်းစားအတွက် ပိုက်ဆံရှာပေးနေတဲ့ သူတွေပါ။ ဥပမာပေါ့နော် အထည်ချုပ်လုပ်ငန်းမှာလုပ်နေတဲ့သူတွေက တနေရာထဲမှာ စုပြီးလုပ်ရတဲ့အတွက်ကြောင့် ရောဂါဖြစ်ရင်လည်း သူတို့ပဲ။ ကူးရင်လည်း သူတို့ပဲ အများကြီးကူးမှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို ရောဂါဖြစ်မဖြစ် screening စစ်ဆေးတဲ့အခါ ဦးစားပေးသင့်ပါတယ်၊ ဒါ့အပြင် ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း သူတို့ကို ဦးစားပေးသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ အခြေခံလူတန်းစားက မစောင့်နိုင်ဘူး။ ဒါလေးတွေတော့ ကျနော်တို့စဉ်းစားတဲ့အခါ ထည့်စဉ်းစားမှာပါ”
တဆက်တည်းမှာပဲ ပါမောက္ခကြီး ဦးသိန်းအောင်က ပုဂ္ဂလိကဌာနတွေကို အစိုးရက ကူညီမယ်ဆိုရင် ရောဂါပိုးစစ်ဆေးရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး ကုသရေးကိုလည်း အထောက်အကူပြုနိုင်မယ်လို့ ပြောပါတယ်။
“စျေးနှုန်းချိုသာစွာရနိုင်တဲ့ အဆင့်အတန်းမီတဲ့ Screening test စစ်ဆေးမှုတွေလုပ်နိုင်မယ်ဆိုရင် ရောဂါရှိတဲ့သူနဲ့ ရောဂါမရှိတဲ့သူတွေကို ကျနော်တို့ ခွဲခြားပြီးတော့ သိခွင့်ရမယ်။ ရောဂါရှိတဲ့သူဆိုရင်တော့ ကျနော်တို့ ကာကွယ်ဆေးထိုးတဲ့ဆီမှာ ဦးစားပေးတဲ့ထဲ ထည့်ဖို့ မလိုပါဘူး။ နောက်တခုက သူတို့က ရောဂါ ရှိပြီးသားဖြစ်လို့ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ Antibody ရှိတယ်ဆိုရင်တော့ ရောဂါကုသရေးအတွက် ထုတ်လုပ်ပြီး အကျိုးပြုနိုင်ပါတယ်။ အဲဒီတော့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ အခုကတည်းကစပြီးလုပ်ဖို့ လိုပါတယ်"
ဒေါက်တာတင့်ဆွေက ကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုလည်း သတိထားဖို့လိုတယ်လို့ အကြံပေးပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ မကြာသေးခင်က တရုတ်နိုင်ငံက ထိပ်တန်းအရာရှိကြီးတဦး ဗမာပြည်လာစဉ်က ဗမာပြည်ကို တရုတ်က ကာကွယ်ဆေးတွေ ပေးမယ်ဆိုတဲ့ သတင်းထွက်နေတော့ ကျနော်တို့နိုင်ငံအနေနဲ့ တရုတ်နိုင်ငံပဲဖြစ်ဖြစ် တခြား ကုလသမဂ္ဂနဲ့ ဆက်နေတဲ့နိုင်ငံပဲဖြစ်ဖြစ် အလှူနိုင်ငံတွေကဖြစ်ဖြစ် ရနိုင်မယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ အခုထွက်လာတဲ့ သတင်းတွေအရ တရုတ်နိုင်ငံကလာတဲ့ ကာကွယ်ဆေး အတုတွေကို သတိထားဖို့ဆိုပြီး ကျနော်တို့နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေက ကြေညာထားတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဆေးအတုကိစ္စကို အခုထဲက သတိထားရမယ်။ ပိုဆိုးတာက သတင်းအတုတွေကိုလည်း သတိထားရမယ်။”
ပါမောက္ခ ဦးသိန်းအောင်က သူတို့အနေနဲ့ ကာကွယ်ဆေးတွေက ပေါ်ပေါက်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း လေ့လာဆွေးနွေးနေပါတယ်၊ အချက်အလက် မပြည့်စုံသေးတဲ့အတွက် ဘယ်နိုင်ငံ ဘယ်ကုမ္ပဏီက ထုတ်တဲ့ဆေးက ပိုကောင်းမယ်ဆိုတာကို ပြောကြားဖို့တော့ အချိန်စောသေးတယ်လို့ RFA ကိုပြောပါတယ်။