ချက်သမ္မတနိုင်ငံမှာ မြန်မာသံရုံးပြန်ဖွင့်မည်
ချက်သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသစ်ကို မနက်ဖြန် ဇွန်လ ၄ ရက်နေ့မှာ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
-
2019-06-03 -
-
-
Your browser doesn’t support HTML5 audio
ချက်သမ္မတနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇွန်လ ၃ ရက် ညနေမှာ ပရာ့ဂ်မြို့က Charles University မိန့်ခွန်းပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာပိတ်လိုက်တဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံရုံးသစ်ကို မနက်ဖြန် ဇွန်လ ၄ ရက်နေ့မှာဖွင့်လှစ်ပေးမှာဖြစ်သလို ချက်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။RFA ဝိုင်းတော်သူ မခက်မာတင်ပြထားပါတယ်။
~~~~~~~~~~~~
ချက်သမ္မတနိုင်ငံမှာ မြန်မာသံရုံးပြန်ဖွင့်မည်
(ခက်မာ)
ချက်နိုင်ငံ ပရာ့ဂ်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ ချက်နိုင်ငံ ဝန်ကြီးချုပ် အွန်ဒရေး ဘာဘစ်ဂျ် (Andrej Babis)နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ ညနေမှာတော့ ချက်နိုင်ငံရဲ့အထင်ကရဖြစ်တဲ့ Charles University မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက ကျောင်းသားတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်းပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံကို စနေနေ့ကရောက်ရှိလာတာဖြစ်ပါတယ်။ ရောက်ရှိချိန် ကစပြီး ဒီကနေ့အထိ အစီအစဉ်ကို ချက်နိုင်ငံမှာနေထိုင်တဲ့ ဧရာဝတီသတင်းထောက်ဟောင်း ကိုလင်းသန့်က ခုလို ပြောပြပါတယ်။
(နောက်နေ့မနက်ကစပြီး ချက်နိုင်ငံမှာရှိတဲ့ ဆီနိတ်တာတွေ၊ လွှတ်တော်အမတ်တွေနဲ့တွေ့တယ် ပေါ့လေ။ ခုန ကတော့ ဝန်ကြီးချုပ် အွန်ဒရေး ဘာဘစ်ဂျ် (Andrej Babis)နဲ့တွေ့တယ်။ ညနေကျရင်တော့ ကမ္ဘာ့ ရှေးအကျ ဆုံးဖြစ်တဲ့ သမိုင်းဝင် Charles University မှာ သူ့ကို မိန့်ခွန်း ပြောခွင့်ပေးထားတယ်လေ။ အဲဒီမှာ နိုင်ငံတကာ ကျောင်းသားတွေရယ်၊ မြန်မာကျောင်းသားတွေရော ဒီနေ့ဆုံကြမယ်။ ဒီနေ့ နေ့လယ် ၃ နာရီမှာ။ အဲဒါပြီးရင်တော့ မနက်ဖန် အင်္ဂါနေ့မနက်မှာ ချက်-မြန်မာ စီးပွားရေးဖိုရမ်မှာ ဝန်ကြီးချုပ်နဲ့အတူ၊ နိုင်ငံခြား ရေးဝန်ကြီးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောမယ်။ ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာတော့ ချက်နိုင်ငံမှာ အသစ်ဖွင့်မယ့် သံရုံးသစ်ကို ဒေါ်အောင်ဆန်းစုကြည်တက်ဖွင့်လှစ်ပေးမယ်။ အဲဒီမှာ မြန်မာ မိသားစုတချို့နဲ့တွေ့မယ်ပေါ့လေ။)
မြန်မာနိုင်ငံဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံအဖြစ်နဲ့ရှိစဉ်က နှစ်နိုင်ငံသံတမန်ရေးကောင်းခဲ့တဲ့ အလျှောက် ပရာ့ဂ်မြို့မှာ မြန်မာသံရုံးရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ချက်ခ်နိုင်ငံနဲ့ စလိုဗက်ကီးယားနိုင်ငံ သီးခြားစီကွဲထွက်သွားပြီးတဲ့နောက် မြန်မာနဲ့ဆက်ဆံရေးလည်း ပျက်ယွင်းသွားခဲ့ပြီး မြန်မာသံရုံးကို လည်း ရောင်းပစ်လိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဗားကလပ်ဟာဗယ်သမ္မတဖြစ်တဲ့အချိန်မှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ကြိုးစားပေးခဲ့ရုံမက ငြိမ်းချမ်းရေးနိုဘယ်ဆုရဖို့အထိ ပံ့ပိုးထောက်ခံအားပေးခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းပြန်ဝင်ရောက်လာတဲ့ ၂၀၁၂ လောက်ကစပြီး ချက်နိုင်ငံက သံတမန်ဆက်ဆံရေးစတင်ဖို့ပြန်လည်ကြိုးစားခဲ့ပြီး ၂၀၁၄ မှာ မြန်မာနိုင်ငံအတွင်း သံရုံးပြန်ဖွင့်ခဲ့ပါတယ်။ မြန်မာဘက် ကတော့ ၁၉၉၃ ခုနှစ်ထဲက ပရာ့ခ်မြို့မှာပိတ်ပစ်ခဲ့တဲ့သံရုံးကို အခုမှ ပြန်ဖွင့်မှာဖြစ်တဲ့အတွက် မြန်မာ-ချက် သံတမန်ဆက်ဆံရေးစာမျက်နှာသစ်ဖွင့်လိုက်တာလို့ ပြောလို့ရပါတယ်။
ခုလောလောဆယ်မှာတော့ ချက်နိုင်ငံက မြန်မာသံရုံးကို ဂျာမဏီနိုင်ငံဆိုင်ရာမြန်မာသံရုံးက ပူးတွဲ တာဝန်ယူနေပြီး ပရာ့ဂ်မြို့မှာ သံရုံးတရားဝင်ဖွင့်ပြီးရင် သီးခြားသံတမန်ခန့်အပ်တာဝန်ပေးသွားမယ်လို့ အမည်မဖော်လိုတဲ့ သံတမန်အသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။ နှစ်ပေါင်းများစွာပိတ်သိမ်းခဲ့ရတဲ့မြန်မာသံရုံးကို အခုမှ ပြန်ဖွင့်လှစ်ရမယ့်အတွက် သံတမန်အသိုင်း အဝိုင်းက စိတ်လှုပ်ရှားနေကြပါသလား။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးစိုးဟန်က အခုလိုပြောပါတယ်။
(နှစ်နိုင်ငံကြားမှာ MoU ထိုးပြီးဆောင်ရွက်နေတာတွေရှိပါတယ်။ ဥပမာရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနနဲ့ ချက်နိုင်ငံနဲ့ ကျနော်တို့ Joint Commission on Economic Cooperation (JCEC) ဆိုတာရှိပါတယ်။ အလားတူ ပုဂ္ဂလိက ကဏ္ဍမှာလည်း UNFCCI နဲ့ Czech Chamber of Commerce ကလည်း MoU ထိုးပြီးတော့ Business Match making တွေလုပ်တယ်။ နောက် အပြန်အလှန်ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှုတိုးမြှင့်ရေးတွေ ဆွေးနွေးနေတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့က အရှိန်အဟုတ်မြှင့်တင်ဖို့ လိုပါတယ်။ သံရုံးဖွင့်လှစ်ခြင်း အားဖြင့် ဒါတွေက သံရုံးဖွင့်လှစ်ခြင်းအားဖြင့် ပိုပြီးတော့ ထိထိရောက်ရောက်လုပ်နိုင် မှာဖြစ်ပါတယ်။ အခု ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေကို နှစ်နိုင်ငံအကြားမှာ ပိုပြီး နီးနီးကပ်ကပ်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာသမိုင်းမျက်နှာစာတခုကို ပြန်လည်ဖွင့်လှစ်နိုင်တဲ့ အခမ်းအနားတခုပေါ့နော်။ ဒါဟာ မနက်ဖန်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ အင်မတန်ဝမ်းမြောက်မိပါတယ်။)
ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံခရီးစဉ်အတွင်း မြန်မာမိသားစုတွေနဲ့ ဘယ်လိုအကြောင်း အရာတွေ ဆွေးနွေးမယ်မသိရသေးပေမဲ့ သမ္မတ မီးလိုဇီးမန် (Milos Zeman)၊ နိုင်ငံခြားရေးဝန်ကြီး တိုးမတ်စ် ပက်ထရေ ဇက် (Tomas Petricek) တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့တွေ၊ မြန်မာနိုင်ငံအတွင်း ချက်နိုင်ငံက လာရောက်လုပ်ကိုင်မယ့် ဖွံဖြိုးရေးစီမံကိန်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးသွားမယ်လို့ ပရာ့ဂ် ရေဒီယိုက ကြေညာထားပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဟာ ချက်နိုင်ငံခရီးစဉ်အပြီးမှာ ဟန်ဂေရီနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။