NLD အစိုးရနဲ့ တပ်မတော်အကြား တင်းမာမှုတိုးပွား
တပ်မတော်က ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့တာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မနေ့က ပြောဆိုခဲ့ပါတယ်။ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။
-
ခင်မောင်စိုး
2020-11-04 -
-
-
တပ်မတော်က ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့တာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မနေ့က ပြောဆိုခဲ့ပါတယ်။ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။
လတ်တလောလပိုင်းတွေအတွင်း အစိုးရနဲ့ တပ်မတော်အကြား တင်းမာမှုတွေ တိုးလာခဲ့ပြီးနောက် မနေ့ကဆိုရင် အပြန်အလှန်ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးညိုအုန်းမြင့် ကတော့ အစိုးရဘက်ကစပြီး တပ်မတော်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
“ပြဿနာက လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက စပြီး မှားယွင်းနေတယ်လို့ ကျနော်ထင်ပါတယ်။ ကိုဗစ်ဥပဒေတွေကိုလည်း အာဏာရပါတီက ချိုးဖောက်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ တရားမမျှတမှုတွေ ရှိနေတယ်။ ဒါပေမယ့် အစိုးရဘက်က တာဝန်ယူပြီးတော့ ဒီပြဿနာတွေကို ကိုင်တွယ်နေတဲ့ပုံမျိုး မမြင်ရဘူး။ တရားမျှတတဲ့ သန့်ရှင်းတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်သင့်တယ်ဆိုတာကိုပဲ တပ်မတော်ဘက်က ထောက်ပြတယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုရင် အစိုးရအနေနဲ့ သမ္မတကြီးဦးဝင်းမြင့်ပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ် ဒီကိစ္စကို ကိုင်တွယ်ဖို့လိုမယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး မျက်နှာလွှဲ ခဲပစ် ပုံစံမျိုး လုပ်ထားရင်တော့ ရွေးကောက်ပွဲအလွန်ကာလမှာ တခြားပြဿနာတွေနဲ့ ကျနော်တို့ ရင်ဆိုင်ရနိုင်ပါတယ်။ တပ်မတော်အနေနဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာပြောခွင့်ရှိတယ်။ ဒါကြောင့် သူတားတယ်။ ဒီတပ်မတော်ကို ရန်သူအဖြစ်သတ်မှတ်ပြီး ရန်ဖြစ်နေမယ်ဆိုရင် NLD ပါတီအတွက် ကောင်းတဲ့အလားအလာမဖြစ်သလို ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း ကောင်းမယ်လို့ မမျှော်လင့်ဘူး"
နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးသိန်းသန်းဦးက အစိုးရနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့နေတယ်လို့ ပြောပါတယ်။
“အစိုးရနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်မှု ရှိပုံမပေါ်ဘူး။ တဖက်နဲ့ တဖက် အလှမ်းကွာနေတယ်။ တိုင်းကျိုးပြည်ကျိုးအတွက်ဆိုရင်တော့ အဖွဲ့အစည်းတခုတည်း အကျိုးစီးပွား မကြည့်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှ ရမယ်လို့ ကျနော်မြင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ ကော်မရှင်အဆုံးအဖြတ်က အတည်ပဲ။ ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဘူးထင်ရင် ဥပဒေကြောင်းအရ ခုံရုံးတက်၊ ဒီရွေးကောက်ပွဲ ရလဒ်ကို ဘယ်သူက အသိအမှတ်မပြုဘဲ နေလို့ရတယ်ဆိုတဲ့ စာကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါဘူး။ ဘာပဲပါသလဲဆိုရင် မဲဆန္ဒနယ်တခုချင်းအလိုက် တရားမျှတမှုမရှိရင် မရှိတဲ့အလျောက် ရွေးကောက်ပွဲကော်မရှင်ကိုဆက်သွား ဒါပဲပါတယ်။ အဲဒါလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်က အတည်ပဲဗျ။”
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို အာဏာအများကြီးပေးထားရာက ပြဿနာတွေ စတင်တယ်လို့ ဝေဖန်ပါတယ်။
“အဲလိုပေးထားတဲ့အခါကျတော့ တပ်ရဲ့လုပ်ဆောင်မှုဟာ အစိုးရတရပ်လိုပုံစံမျိုး ဖြစ်လာတယ်ပေါ့၊ အရှေ့မှာလည်း တပ်က သဘောထားတွေ ထုတ်ပြောတာတွေ ရှိတယ်။ အဲဒီအပိုင်းတွေမှာတုန်းကတော့ NLD က ကန့်ကွက်ခဲ့တာမရှိခဲ့ဘူး။ ကန့်ကွက်တာမရှိတဲ့အပြင် ICJ လို ကိစ္စမျိုးမှာ တာဝန်ယူခဲ့တာရှိတယ်။ သို့သော်လည်း အခု မဲပေးတဲ့ကိစ္စလိုမျိုး ရွေးကောက်ပွဲကော်မရှင်လို ကိစ္စမျိုးမှာ တပ်မတော်က ကြေညာချက်တွေ ထုတ်လာတဲ့အခါမှာ NLD က ခုလိုထုတ်ပြန်ချက်တွေ ပြောဆိုချက်တွေက ဖွဲ့စည်းပုံနဲ့ မညီဘူး ဝန်ထမ်းဥပဒေနဲ့ မညီဘူးလို့ ပြန်လည်ပြောဆိုချက်တွေထိ ရောက်သွားတယ်လို့ မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်က တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာပဲ လွတ်လပ်စွာပါဝင်ခွင့်ရှိတယ်လို့ ရေးထားတယ်။ ဒီလိုရွေးကောက်ပွဲမှာ တပ်ရဲ့သဘောထားအမြင်ကို တပ်က ထုတ်ပြောပိုင်ခွင့်ရှိတယ်ဆိုတာမျိုး ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်ရဲ့သဘောထားအမြင် လိုအပ်တယ်ဆိုတာမျိုး ဖွဲ့စည်းပုံမှာ ရေးထားတာမရှိပါဘူး။ တပ်အနေနဲ့က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရင် သူ အာဏာသိမ်းဖို့ဆိုတဲ့အကြောင်းပဲ ပေါ်ပေါက်တယ်လို့ ကျနော်တော့ ဒီတိုင်းပဲမြင်တယ်။”
ရွေးကောက်ပွဲကျင်းပဖို့ ၄ ရက်ပဲလိုတော့တဲ့ အချိန်မှာ အခုလို အစိုးရနဲ့ တပ်မတော်အကြား တင်းမာမှုတွေ တိုးပွားလာနေတာဖြစ်ပါတယ်။
----------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)