“ဆောင်ပုဒ်နဲ့အညီ ပြောင်းလဲချိန်တန်ပြီ NLD”
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် အရပ်သားအစိုးရ တက်လာတာ အခုဆိုရင် သက်တမ်းတဝက် ရှိလာချိန်မှာ - အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြီးမားလွန်းတာ ကြောင့် ထင်သလောက် အပြောင်းအလဲတွေ မဖြစ်ရတာလို့ ယူဆသူတွေလည်း ရှိပါတယ်။
-
2018-12-07 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် အရပ်သားအစိုးရ တက်လာတာ အခုဆိုရင် သက်တမ်းတဝက် ရှိလာချိန်မှာ - အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြီးမားလွန်းတာ ကြောင့် ထင်သလောက် အပြောင်းအလဲတွေ မဖြစ်ရတာလို့ ယူဆသူတွေလည်း ရှိပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်း စုကြည် (မဲဆွယ်စည်းရုံးရေးကာလ)
“အခု ပြောင်းလဲချိန်တန်ပြီ…. တန်တာမဟုတ်ဘူး…. ပြောင်းလဲချိန်က တော်တော်ကို လွန်နေပါပြီ….”
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်ပါ။ “ပြောင်းလဲချိန်တန်ပြီ” - ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ အပြောင်းအလဲတွေကို ပြည်သူတွေ မျှော်လင့်ချက်အပြည့်နဲ့ မေးပေးခဲ့ကြတာပါ။
အစိုးရဝန်ထမ်းတဦး
“၂၀၁၅ တုန်းကတော့ NLD ပဲလေ။ ကျနော်တို့နိုင်ငံကဗျာ အများကြီးနောက်ကျနေခဲ့ပြီ။ အဲတော့ ဒီမိုကရေစီလေးများရရင် ပြည်သူလူထုအတွက် အကျိုးခံစားခွင့်များ ရမလားလို့ ပြောင်းလဲချိန်တန်ပြီဆိုတာကို မျှော်လင့်တာလေ။”
အိမ်ရှင်မတဦး
“အပြောင်းအလဲများ ဖြစ်မလားဆိုပြီးတော့ NLD ကို မဲပေးလိုက်တာ။ တခြားတော့ ကိုယ်လည်း နားမလည်ပါဘူး။ အဲ့လိုမျိုးလေး ဖြစ်ချင်လို့ပဲ NLD ကို မဲပေးလိုက်တာ။”
ပြည်သူတွေရဲ့ အခုလို ထောက်ခံမှုတွေနဲ့ ရွေးကောက်ပွဲနိုင်ပြီးလို့ NLD ပါတီ အစိုးရဖွဲ့နိုင်တဲ့အခါ - မြန်မာ့နိုင်ငံရေးမှာ အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ သန္ဓိဌာန်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အရပ်သားအစိုးရလက်ထက်မှာ အပြောင်းအလဲတွေ သိသိသာသာ မတွေ့ရဘူးဆိုပြီး ဝေဖန်သံတွေလည်း ကြားနေရတာ ပါ။ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ အကြီးတန်းသုတေသီ ဦးတင်မောင်သန်း ကတော့ - NLD အစိုးရအနေနဲ့ ဝန်နဲ့အား မမျှတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အတွက် မျှော်လင့်သလောက် ခရီးမပေါက်ရတာလို့ မြင်ပါတယ်။
“လက်တွေ့ဖြစ်ရပ်တွေမှာ တခြားနိုင်ငံတွေနဲ့ ပြန်ယှဉ်ကြည့်လို့ရှိရင် ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စကလည်း ရေရှည်လုပ်ရတဲ့ ကိစ္စ။ ဥပမာ - ပါလက်စတိုင်းနဲ့ အစ္စရေးလ်ဆိုရင် အခုထိကို ငြိမ်းချမ်းရေးမရသေးဘူး။ ဒုတိယတချက် - ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဲ့ဒါနဲ့ ဆက်နွယ်နေတဲ့ တပ်မတော် ဆုတ်ခွာရေး၊ ငြိမ်းချမ်းရေးနဲ့လည်း ဆက်နွယ် နေတယ်။ ဒါတွေအားလုံးကလည်း ၅ နှစ်သက်တမ်းတွင်းမှာ သူ့ရဲ့ အလုပ်သဘောသဘာဝကိုက ဖြစ်ဖို့ မလွယ်ဘူး။ NLD မှ မဟုတ်ဘူး။ တခြားပါတီတက်လာလည်း အဲ့လို ၅ နှစ်အတွင်းနဲ့ဖြစ်အောင် လုပ်ဖို့ မလွယ်ဘူး။ ဦးသိန်းစိန်လည်း မလုပ်နိုင်ခဲ့ဘူး။ တတိယတချက် - အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ အဲဒီ အကျင့်ပျက်ခြစားမှု ကင်းစင်တဲ့ စံတွေထဲကို ဝင်သွားတဲ့ အမြန်ဆုံးဝင်သွားတဲ့ နိုင်ငံ ၂၀ ကို လေ့လာလိုက်တဲ့အခါမှာ ပျမ်းမျှယူရတဲ့အချိန်က ၃၆ နှစ်ကြာတယ်။ ဒါက အလုပ်သဘောသဘာဝ။ ရည်မှန်းချက်တွေ ကိုယ်တိုင်ကိုက ခက်ခဲတဲ့ သဘောသဘာဝရှိတယ်။ ၅ နှစ်နဲ့ ပြီးမြောက်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ လက်တွေ့သဘောအရ ပြောလို့ရှိရင်က ၅ နှစ်သက်တမ်းအတွင်းမှာ ဖြစ်နိုင်တဲ့ကိစ္စတွေ မဟုတ်တဲ့အတွက် ကြောင့် အဲဒီလို တိုင်းတာကြည့်ရှုတာကိုက ကြည့်ရှုလို့မရတဲ့ ကိစ္စဖြစ်တယ်လို့ သုံးသပ်သူတယောက်အနေနဲ့ မြင်မိပါတယ်။”
ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်ရဲ့အုပ်ချုပ်မှုအောက် ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေကြားမှာတော့ မျှော်လင့်သလောက် ဖြစ်မလာတဲ့အပေါ် အားမလိုအားမရ ဖြစ်နေကြတာပါ။
“အဓိကကတော့ဗျာ အားမရဘူး။ သူတို့ဘာတွေလုပ်နေတာလဲ။ ကျနော်တို့က နိုင်ငံရေးသမား မဟုတ်ပါဘူး။ ပါတီနိုင်ငံရေးကိုလည်း စိတ်မဝင်စားဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ၂ နှစ်ခွဲ စောင့်ကြည့်ရမှာပေါ့”
“မျှော်လင့်သလိုတော့ မပြောင်းလဲသေးပါဘူး။ အရင်ကထက်ကိုလေ ပိုပိုပြီး စိတ်ဓာတ်ကျကျလာတယ် ဘာလို့လဲဆိုရင် စီးပွားရေးမကောင်းလို့”
အခုလို အပြောင်းအလဲအပေါ်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက် ကြီးမားမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုတွေ ဖြစ်သင့်တာထက် အချိန်ကြာလာမယ်ဆိုရင်တော့ - NLD အစိုးရအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ ဦးတင်မောင်သန်း က သတိပေးထားပါတယ်။
“တကယ်လို့ ပြုပြင်ပြောင်းလဲရေးက ကြာလာခဲ့တယ်ဆိုရင် တည်ဆဲစနစ်ရဲ့ အထိုင် ခိုင်တာက ပိုပြီးတော့ ခိုင်သွားနိုင် တယ်ပေါ့။ တစုံတရာတော့ စပြီးတော့ အဲဒီအခိုင်လေးက နည်းနည်း ကျွတ်နိုင်တဲ့ အနေအထားကိုတော့ ရောက်တော့ လာတယ်ပေါ့လေ။ သို့သော်လည်း မဆက်နိုင်ရင် တည်ဆဲစနစ်ကြီးထဲမှာပဲ ကိုယ်က ရောက်သွားမယ်။ ကိုယ်ကိုယ်တိုင် ကလည်း အဲဒီ တည်ဆဲစနစ်ရဲ့ သားကောင် ဖြစ်သွားနိုင်တယ်။ ဒီအန္တရာယ်ကတော့ အကြီးမားဆုံး အန္တရာယ်ပေါ့။”
လူထုထောက်ခံမှု တခဲနက်ရထားပေမဲ့လည်း NLD အစိုးရအတွက် ရခိုင်ပြည်နယ် အကျပ်အတည်းလို စိန်ခေါ်မှုတွေ ကလည်း မျှော်လင့်မထားတဲ့ ခေါင်းခဲစရာတခု ဖြစ်ခဲ့ရတာပါ။ NLD အစိုးရတက်လာပြီး တနှစ်အကြာမှာပဲ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေ တိုးလာခဲ့ပါတယ်။ ဒီဖိအားတွေ က - NLD ရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တခုဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှုမှာ ဘေးကျပ်နံကျပ် ဖြစ်လာခဲ့တာပါ။
ဒီအချိန်မျိုးမှာ NLD ရဲ့ ဆောင်ပုဒ်နဲ့အညီ အစိုးရကိုယ်တိုင်က - ထိထိရောက်ရောက် ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖို့ လိုအပ်နေပြီလို့လည်း ဦးတင်မောင်သန်း က သုံးသပ်ပါတယ်။
“ပထမဆုံးတော့ ပြောင်းလဲရမှာ ဘာဆိုတာကို အငြင်းအခုံ ဆွေးနွေးပွဲတွေ လုပ်ရင်ကောင်းမယ်ထင်တယ်။ ထောင့်အမျိုးမျိုး၊ လူအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုး၊ အမြင်အမျိုးမျိုးတွေကို ပထမဦးဆုံး နားထောင်ကြည့်ဖို့ လိုလိမ့်မယ် ထင်တယ် ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့။ ပထမ အဲ့ဒါကို နားထောင်ဖို့ လိုတယ်။ ဒုတိယ အဲဒီနားထောင်ပြီးတဲ့ အခါကျမှ ဘာကို ဦးစိုက်လုပ်မယ်ဆိုတာကို ရွေးချယ်ဖို့ လိုတယ်။ နောက် တတိယ ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း နားထောင်ဖို့ လိုတယ်။ ရွေးချယ်ဖို့ လိုတယ်။ ဒါကြောင့်မို့ ချုပ်ပြီးပြောရရင်တော့ နံပါတ် ၁ ဘာကို ဘယ်လို ဘယ်သူတွေနဲ့ ပြောင်းမလဲဆိုတာကို နံပါတ် ၁ နားထောင်၊ နံပါတ် ၂ နားထောင်၊ နံပါတ် ၃ နားထောင်လို့ရှိရင် အများကြီး ရှေ့ကို ပြည်သူတွေ လိုလားတဲ့အတိုင်း ရောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
အခုဆိုရင် NLD အစိုးရသက်တမ်း တဝက်ကျိုးသွားပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် ၁၃ နေရာ ယှဉ်ပြိုင်ကြတဲ့ထဲ NLD က ၇ နေရာသာ အနိုင်ရခဲ့ပြီး ၆ နေရာ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဒီရွေးကောက်ပွဲဟာ NLD ပါတီအပေါ် စမ်းသပ်မှုတခုအဖြစ်နဲ့လည်း တွက်ဆမှုတွေ ရှိခဲ့တာပါ။ ဒါကြောင့်လည်း နောက်တကြိမ် ကျင်းပမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ အရင်လို NLD ပါတီကို သောင်ပြိုကမ်းပြို ထောက်ခံမှုမျိုး ရနိုင်ဖို့အတွက် လက်ရှိ အခြေအနေတွေကနေ ဖောက်ထွက်နိုင်ဖို့ရာ အချိန် တနှစ်ကျော်သာ ကျန်တော့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်ရှင်။