ပဋိပက္ခတွေက AA အဖွဲ့ထဲဝင်အောင် တွန်းပို့သလိုဖြစ်နေတယ်လို့ ALD ပါတီသုံးသပ်

ရခိုင်ပြည်နယ်ကဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းဖိနှိပ်ခံရမှုတွေကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ တပ်မတော်အပေါ် မုန်းတီမှုတွေပိုပြီးဖြစ်လာတယ်လို့ ရခိုင်နိုင်ငံရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉ ဧပြီလက တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ဆက်တိုက်ဖြစ်နေတဲ့ ပဋိပက္ခတွေက ဒေသခံရခိုင်တိုင်းရင်းသားတွေကို AA ရခိုင့်တပ်ဖွဲ့ဘက်ကို တွန်းပို့ရာရောက်သလို တပ်မတော်အပေါ် နာကျည်းမုန်းတီးမှုတွေ ပိုပြီးဖြစ်လာစေတယ်လို့ ရခိုင်ပြည်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ အထွေတွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အပါအဝင် နိုင်ငံရေးပါတီတချို့ ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေကို သွားရောက်ခဲ့ပြီး ဒေသခံတွေ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေအရ အခုလို ပြောဆိုတာဖြစ်တယ်လို့ ဦးမျိုးကျော်က ပြောပါတယ်။

“ကျနော်တို့ မကြာခင်က ရခိုင်ပြည်နယ်သွားတယ်။ အဲဒီမှာ တွေ့သင့်တွေ့ထိုက်သူတွေနဲ့ တွေ့တယ်။ စစ်ရှောင်စခန်းတွေလည်း ရောက်တယ်။ သူတို့တွေကပြောတယ်။ သူတို့နေရာတွေကို လက်နက်တွေ ကျည်တွေနဲ့ သေနတ်တွေနဲ့ပစ်ကြတယ်။ လက်နက်ကြီးတွေကျတယ်။ သူတို့က ထွက်ပြေးရင် သူတို့ကိုလိုက်ဖမ်းတယ်။ တချို့လည်း ဒဏ်ရာရတယ်။ တချို့လည်း သေတယ်ပေါ့။ ဖမ်းဆီးခံရပြီးတော့ နှိပ်စက်ညှင်းပန်းမှုတွေခံရတယ်။ အဲဒါတွေအကုန်လုံးကို လုပ်တဲ့သူက တပ်မတော်ဖြစ်နေတယ်။ သူတို့ပြောတာပေါ့လေ။ ဒီတော့ ကျနော်တို့ဆီမှာ တဖြည်းဖြည်းနဲ့ တပ်မတော်နဲ့အစိုးရအပေါ် အယုံအကြည်မရှိတော့ဘူး။ သူတို့ဒီဒေသမှာမွေးတယ်။ ဒီဒေသမှာကြီးတယ်။ အဲဒီမှာဝမ်းစာရှာစားတယ်။ ဒါပေမယ့် ကောင်းကောင်းမွန်မွန်မစားရဘူးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဒေသမှာ သူတို့နေတယ်။ ဗမာစစ်တပ်က လာတိုက်နေတဲ့ပုံစံ ပြောလာတယ်။ ဒါရခိုင့်တပ်ကို အားကိုးရမယ်ဆိုတဲ့ အယူအဆဖြစ်နေတာပေါ့နော်”

တပ်မတော်က မတရားဖမ်းဆီတာတွေ ဖိနှိပ်တာတွေကြောင့် ဒေသခံတွေအနေနဲ့ AA ရခိုင့်တပ်ဖွဲ့ကို ထောက်ခံမှုတွေပိုတိုးလာတယ်ဆိုတဲ့အပေါ် မြောက်ဦးဒေသခံတဦးကလည်း…

“ အခုက ဒီမှာအနေအထားက မဆီမဆိုင်တဲ့သူတွေ ရွာသားတွေကို ဖမ်းဆီးနေတော့ သူတို့ကို စစ်တပ်ကိုပဲ ကြောက်နေရသလိုဖြစ်နေတယ်။ လူငယ်ပိုင်းတွေကို စစ်တပ်က လုံးဝ အယုံအကြည်မရှိတော့ လူငယ်ပိုင်းတွေဟာ AA ဘက်ကို တွန်းပို့သလိုဖြစ်နေတယ်။ စစ်ဆင်ရေးတွေက ထပ်ပြီး တိုးပြီးတိုးရင်း လူတွေကို ထပ်ပြီးချရင်းဆိုတော့ သူတို့က AA နဲ့တွေ့လို့ဘာမှမဖြစ်ဘူး။ စစ်တပ်နဲ့တွေ့လို့ ဒုက္ခရောက်တယ်ဆိုတော့ အမုန်းစကားတွေ အတော်လေးကြားနေရတယ်”

ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း တိုက်ပွဲတွေအတွင်း ဒေသခံတွေ အသက်ဆုံးရှုံးရတာတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေက တပ်မတော်အပေါ် မုန်းတီးမှုတွေ ဖြစ်လာစေတာလို့ ပြောပါတယ်။

“အရင်တုန်းကတော့ အဲလောက်မဟုတ်ဘူး ဒီတိုက်ပွဲတွေ AA နဲ့ ပတ်သက်ပြီး တိုက်ပွဲတွေဖြစ်လာတယ်။ တိုက်ပွဲဖြစ်တော့ စစ်ကြောင်းတွေလာတယ်။ နောက်တခါ AA နဲ့ ပတ်သက်တယ်ဆိုပြီးတော့ ဖမ်းဆီးခံရထားရတာတွေရှိတယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုလည်း ရဲစခန်းကို တရားဥပဒေအရမအပ်ဘဲ သူတို့ ခေါ်ယူစစ်ဆေးတာတွေရှိတယ်။ အဲဒီလို ခေါ်ယူစစ်ဆေးတဲ့အခါမှာ  သူတို့နှိပ်စက်မှုတွေ ခံခဲ့ရသူတွေကိုလည်း မီဒီယာတိုင်းသိပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ ဒီတပ်မတော်အပေါ် မုန်းတီးမှုတွေ သူတို့ပိုများလာတယ်”

ALD ပါတီအဖွဲ့ဝင်တွေ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်တွေအပါအဝင် နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ် ၁၄ ယောက်က  ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ AA နဲ့ မြန်မာ့တပ်မတော်တို့တိုက်ပွဲတွေဖြစ်ပွားရာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နဲ့ အမ်း မြို့တို့ကို သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသတွေက သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေနဲ့ ဒေသခံတွေရဲ့နစ်နာချက်တွေကို နိုင်ငံတော်သမ္မထံကို မနေ့က အိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့တယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်လာခဲ့တာ အခုဆိုရင် ခြောက်လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့်  အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသူလည်း လေးသောင်းကျော် ငါးသောင်းနီးပါးရှိနေပြီလို့လည်း သိရပါတယ်။

( RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org