ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်
2024.02.04

[Update: 4:39 PM, Feb 05 2024]
ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်က တောင်ပြို လက်ယာ နယ်ခြားစောင့် တပ်စခန်းကို ဖေဖော်ဝါရီလ ၄ ရက် မနေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ် တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က မနေ့ညက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်သားတွေရဲ့ ရုပ်အလောင်းအများအပြားနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့သလို AA တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဆယ်နီးပါးဟာလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ထွက်ပြေးသွားကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေမှာတော့ စစ်ကောင်စီ နယ်ခြားစောင့်တပ်သားတွေဟာ လက်နက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြေးလွှားထွက်ပြေးနေတာ တွေ့ရပါတယ်။ သေနတ်သံတွေလည်း အဆက်မပြတ်ကြားနေရပြီး နယ်ခြားစောင့်တပ်သားတချို့ ဒဏ်ရာရထားတာကိုလည်း မြင်တွေ့ရပါတယ်။
“မောင်တောမှာ ဗျူဟာသုံးခုနဲ့ ကျီးကန်းပြင်ဌာနချုပ်ရယ် ဘူးသီးတောင်ပါပေါင်းရင် တပ်ရင်း ၁၀ ရင်းလောက်တော့ ရှိသေးတာပေါ့။ AA ဘက်ကတော့ ဖိတိုက်မယ်လို့ ယူဆမိပါတယ်"
အဲဒီဒေသမှာ ဒီနေ့လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီတပ်က မနက် ၁၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေခံတွေက RFA ကို ပြောပါတယ်။
တောင်ပြိုလက်ဝဲနဲ့ တောင်ပြိုလက်ယာတပ်စခန်းတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေက တပ်သားတွေနဲ့ အင်အားပေါင်းစုထားတဲ့ စခန်းတွေဖြစ်ပြီး စခန်းတစ်ခုမှာ အနည်းဆုံး အင်အား တစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီစခန်းတွေဟာ စစ်ကောင်စီအတွက် အတော်အရေးပါတဲ့ နယ်စပ် တပ်စခန်းတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီတပ်စခန်းတွေကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က စတင်တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံတချို့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးကြတာတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒေသခံတချို့တော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတယ်။ တချို့က ဗုံးခိုကျင်းတွေတူးပြီးတော့ ဗုံးခိုကျင်းထဲမှာ ခိုလှုံနေတယ်။ တချို့ကတော့ သင်္ဘောလှရွာဘက်ကို ပြေးလာတယ်။ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အဲဒီမှာ မနေရဲဘူးလေ။ လေယာဉ်နဲ့လည်း နှစ်ခေါက်၊ သုံးခေါက်လာပစ်တယ်။ အဲဒီတော့ မနေရဲဘူး”
တောင်ပြိုမြို့မှာ လူဦးရေ တစ်ထောင်ကျော်ရှိပြီး အဲဒီအထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တိုက်ပွဲကာလအတွင်း ခိုလှုံနေတဲ့ သင်္ဘောလှ၊ မီးတိုက် စတဲ့ ရွာတွေက စစ်ဘေးဒုက္ခသည်တွေလည်းရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်မှာ နယ်ခြားစောင့်တပ်ရင်း ၁၀ ခုလောက်နဲ့ စစ်ကောင်စီတပ် ဗျူဟာသုံးခုသာ ကျန်တော့တာကြောင့် ရက္ခိုင့်တပ်တော် (AA) ကတော့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် မယ့် အခြေအနေရှိနေတယ်လို့ နောက်ထပ် ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မောင်တောမှာ ဗျူဟာသုံးခုနဲ့ ကျီးကန်းပြင်ဌာနချုပ်ရယ်။ ဘူးသီးတောင်ပါပေါင်းရင် တပ်ရင်း ၁၀ ရင်းလောက်တော့ ရှိသေးတာပေါ့။ AA ဘက်ကတော့ ဖိတိုက်မယ်လို့ ယူဆမိပါတယ်။ အခု တောင်ပြိုစခန်းတွေ ကျသွားရင်တော့ ရခိုင်ဘက်နဲ့ နယ်ခြားကုန်သွယ်ရေးတွေ တော်တော်လေးကိုလုပ်နိုင်မယ်လို့ ယူဆတယ်။ နောက်ပြီးတော့ ကျန်တဲ့စခန်းတွေတွေကိုလည်း ဖိတိုက်မယ်လို့ မြင်တယ်”
အခုလို ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ကုန်စည်စီးဆင်းမှုပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုရအောင် လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“အဓိကတော့ စစ်ကောင်စီက ရခိုင်ကို ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့လိုက်တော့ ကုန်ပစ္စည်းတွေ အကုန်လုံးရှားပါးကုန်တာပေါ့။ အဲဒီလို အခက်အခဲဖြစ်တဲ့အချိန်မှာ AA က သူတို့မှာလည်း တာဝန်လို သဘောဖြစ်နေတယ်။ ဒါကြောင့် အခုမောင်တောဘက်ကို အဓိကတိုက်တယ်ဆိုတာက ဘင်္ဂလားဒေ့ရှ်နဲ့လုပ်မယ်လို့ ယူဆလို့ရတာပေါ့”
မောင်တောမြို့နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲစတင်တဲ့ နိုဝင်ဘာလကစလို့ နယ်ခြားစောင့် ကင်းစခန်းပေါင်း ခြောက်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲက စခန်းအများစုဟာ AA ဝင်တိုက်မှာကို စိုးရိမ်တာကြောင့် ဆုတ်ခွာသွားကြတာဖြစ်ပြီး ဗောဓိကုန်း၊ ဒုံးညို စတဲ့ နယ်ခြားစောင့် စခန်းကြီးတွေကတော့ AA က အပြင်းအထန် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အခုတိုက်ပွဲပြင်းထန်နေတဲ့ တောင်ပြိုမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် စစ်ကောင်စီကပြင်ဆင်ထားတဲ့ ကြားစခန်းတွေ ရှိပါတယ်။
အခုလို အဲဒီဒေသမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ဟာ အလှမ်းဝေးနေဆဲပဲလို့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးခင်မောင်က RFA ကို ပြောပါတယ်။
“နယ်က ရိုဟင်ဂျာတွေနေမယ့်နေရာမှာ ဒီလိုမျိုးတိုက်ပွဲတွေဖြစ်နေရင် ဘယ်လိုလုပ်ပြီးသွားမှာလဲ။ ကျွန်တော်တို့ အရင်တုန်းက ထွက်ပြေးသွားခဲ့တာလည်း ဒီလိုမျိုးမနေနိုင်တဲ့အတွက် ထွက်သွားခဲ့တာလေ။ အခု အဲဒီမှာ အရင်လို ပုံစံမျိုးပြန်ပြင်နေရတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ ပြန်ဝင်ရမှာလဲ။ ဝင်လာနိုင်တဲ့ အနေအထား မရှိဘူး”
အခုလို မောင်တောမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီ နယ်ခြားစောင့်စခန်းတိုက်ခိုက်ခံရတာ၊ တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်တော့ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်သုံးလ နီးပါး ရှိသွားပါပြီ။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို AAက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။