ထိုးစစ်ဆင်တာ ရပ်လိုက်ကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထုတ်ပြန်၊ တိုက်ပွဲတွေ ဆက်ရှိနေ


2019.09.04
northern-alliance-pc-622.jpg မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ပြည်တွင်းစစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ဖို့အတွက် တစ်ဖက်သတ် ထိုးစစ်ဆင်တာတွေကို မပြုလုပ်တော့ဘူးလို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ ကျိုင်းတုံဆွေးနွေးပွဲနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ ဟာ တရုတ်နိုင်ငံ နယ်စပ်တစ်နေရာမှာ ဆွေးနွေးခဲ့ကြအပြီးမှာ အခုလို ထုတ်ပြန်လိုက်တာပါ။

လာမယ့် စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့တွေမှာ ထပ်မံတွေ့ဆုံသွားမှာ ဖြစ်ပြီး ပဏာမအပစ်ရပ် သဘောတူစာချုပ် Bilateral ထိုးနိုင်ဖို့ နှစ်ဘက်တင်းမားနေလို့ မရဘူးလို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဒီနေ့ RFA
ကိုပြောပါတယ်။

ကျိုင်းတုံဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေအရ ဒီအဖွဲ့တွေ  ပဏာမအပစ်ရပ် သဘောတူစာချုပ် Bilateral ရေးထိုးနိုင်ရေး၊ သဘောတူညီချက်တွေကို ပြင်ဆင်နိုင်ရေး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

စာချုပ်လက်မှတ် မထိုးနိုင်ခင်ကာလမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြီးမားတဲ့ ဆန္ဒရှိကြောင်း၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစားသွားမှာ ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

တပ်မတော်အနေနဲ့ အပစ်ရပ်ကာလကို စက်တင်ဘာ ၂၁ ရက်နေ့ထိ ထပ်မံတိုးပေးထားတာဟာ ငြိမ်းချမ်းရေးကို ဆက်လက်ဆွေးနွေးနိုင်အောင် ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အပစ်ရပ်မယ်ဆိုတာကို နှစ်ဘက် ကြေညာကြပေမယ့် တိုက်ပွဲသတင်းတွေကတော့ ဒီရက်ပိုင်း ဆက်တိုက်ပေါ်ပေါက်နေတာ တွေ့ရပါတယ်။ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ထိုးစစ်တွေကို ရပ်တန့်ထားတာ ဖြစ်ကြောင်း ပြောပါတယ်။

လာမယ့်ဆွေးနွေးပွဲမှာ မူးအားဖြင့် သဘောတူညီမှု ရယူမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကျိုင်းတုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာ သတင်း မီဒီယာတွေကနေ ဆွေးနွေးလို့မရကြောင်း ဆွေးနွေးမယ်ဆိုရင် ချဲ့ကားပြောတာတွေ ရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ကားမီးရှို့မှုတွေ၊ လက်နက်ကြီးကျည်ဆံ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ အသက် သေဆုံးခဲ့တာတွေ အပေါ် RFA က မေးမြန်းချိန်မှာ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေက ငြင်းဆိုခဲ့ကြပါတယ် ခင်ဗျာ။

(RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။