အရွယ်မရောက်သေးတဲ့ကလေးသူငယ် ၂၅ဝ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရ

စစ်တပ်အာဏာသိမ်းထားတဲ့ ၁၄ လအတွင်း အဖမ်းခံထားရသူတွေထဲမှာ လသားအရွယ် ကလေး တွေအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၅ဝ ကျော် ပါဝင်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတာ၊ မိသားစုနဲ့အတူ ဖမ်းဆီးထားတာတွေဟာ တရားဥပဒေနဲ့မညီသလို ကလေးသူငယ်အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် စောင့်ကြပ်နေကြသော စစ်ကောင်စီတပ်သားများ။ Photo: AFP

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးကတည်းက အခုနှစ် ဧပြီလကုန်လောက်အထိ အရွယ်မရောက်သေးတဲ့ကလေးသူငယ် ၂၅ဝ ကျော် ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးတဲ့အခါ အလိုရှိသူကို မမိလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေပါတယ်။ အဲဒီအပြင် သူတို့အလိုရှိတဲ့သူကို ဖမ်းမိရင်လည်း အဲဒီလူကို စစ်ကြောရေးမှာ အကျပ်ကိုင်ဖို့ သူ့ရဲ့ သားသမီးတွေကိုဖမ်းတဲ့အတွက် လသားအရွယ်ကလေးတွေကနေ ကျောင်းနေအရွယ်အထိ အဖမ်းခံနေရတာပါ။

"စစ်တပ်က ကလေးသူငယ်အခွင့်အရေးတွေနဲ့ဆိုင်တဲ့ ပြည်တွင်းဥပဒေတွေရော၊ နိုင်ငံတကာဥပဒေတွေရောကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။"

“ကျနော့်ကလေးနဲ့ အမျိုးသမီးကို ပြန်လွှတ်ပေးစေချင်တယ်။ သူတို့မှာ ဘာအပြစ်မရှိဘူး။ ကျနော်လည်း ဘာမှမလုပ်ဘူး၊ ဘာအပြစ်မှ မရှိဘူး။ အခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြစ်ရှိရှိ၊ မရှိရှိ သံသယနဲ့အကုန်ဖမ်းဆီးတာကို ခံနေရတာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ၊ ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားမှာကို တော်တော်လေး စိုးရိမ်တယ်၊ ကျနော့်ကလေးမှတင်မဟုတ်ဘူး တစ်နိုင်ငံလုံးက ကလေးတွေအတွက် စိုးရိမ်တယ်၊ ကိုယ်ချင်းစာပါတယ်။ ကလေးတွေအကုန်လုံးကို အမြန်ဆုံး ပြန်လွတ်စေချင်တယ်”

ဧရာဝတီတိုင်း ငပုတောမြို့နယ် NLD တိုင်းအမတ် ဦးသက်ပိုင်စိုး ပြောသွားတာပါ။

ဦးသက်ပိုင်စိုးကို ဖမ်းမမိလို့ ၁ဝ လအရွယ် သမီးလေး စုမြတ်ပိုင်နဲ့ ဇနီးဖြစ်သူအပြင် အသက် ၁၃ နှစ် အရွယ် ညီမဝမ်းကွဲအပါအဝင် ၆ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီ ၂၃ ရက် နေ့လယ်က ငပုတောမြို့နယ်၊ ကညင်ချောင်ကျေးရွာမှာ ဖမ်းဆီးသွားတာပါ။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး၏ ဇနီးဖြစ်သူနှင့် ၁ဝ လအရွယ် သမီးငယ်။ (Photo: Citizen Journalist)

ဧပြီ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ အလုံမြို့နယ် မူကြိုကျောင်းတစ်ကျောင်းကနေ အသက် ၃ နှစ် အရွယ် မောင်သန့်ဘုန်းဝေယံကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ မိခင်ဖြစ်တဲ့ မသီရိဝေကို သင်္ကြန်ကာလအတွင်း ဖောက်ခွဲရေးတွေလုပ်ဆောင်မယ့် အကြမ်းဖက်အဖွဲ့ဝင်လို့ စစ်ကောင်စီက သတ်မှတ်ဖမ်းဆီးခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပေမယ့် ကလေးနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

မသီရိဝေဆီကနေ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရယူဖို့အတွက် သားဖြစ်သူကိုပါ ဖမ်းဆီးတာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခုလက်ရှိ ကျနော်တို့ သိထားတာက နှစ်ယောက်လုံးက ထောင်ထဲမရောက်သေးဘူး။ စစ်ကြောရေးလိုမျိုး နေရာတစ်ခုခုမှာ ရှိနေတယ်လို့ပဲ သိထားပါတယ်။ မဝေ(မသီရိဝေ)က ဘယ်လိုအမျိုးသမီးလဲဆိုတာ သူတို့(စစ်ကောင်စီ) သိထားပြီး ဖြစ်လို့ မဝေဆီက သတင်းအချက်အလက်တွေရဖို့ ကလေးနဲ့ ခြိမ်းခြောက်ပြီး လုပ်တာ။ မဝေနဲ့ ဆက်စပ်ပြီး တစ်သီတစ်တန်းကြီး အဖမ်းခံရတာတွေ ပေါ်လာတာ။ ပြီးတော့ အခုချိန်ထိလည်း မဝေနဲ့ ချိတ်ဆက်ဖူးတဲ့နေရာ ဒေသတွေမှာလည်း အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးတွေ အပြည့်ပဲ စောင့်နေတာ၊ ကျနော်တို့ (မြေအောက်လှုပ်ရှားတဲ့အဖွဲ့) UG တွေကို အထိနာစေချင်လို့ ကလေးကိုပါ ဖမ်းတယ်။ သတင်းကို ညှစ်ယူတယ်။ ကလေးနဲ့အတင်းအကျပ် ချုပ်ကိုင်လို့ မဝေက ပြောတယ်လို့ သုံးသပ်တယ်။”

အာဏာသိမ်းစစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေတွေ၊ နိုင်ငံတကာ စံနှုန်းတွေကို ချိုးဖောက်နေတာ ထင်ရှားတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောပါတယ်။

“စစ်တပ်က ကလေးသူငယ်အခွင့်အရေးတွေနဲ့ဆိုင်တဲ့ ပြည်တွင်းဥပဒေတွေရော၊ နိုင်ငံတကာဥပဒေတွေရောကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။ တပ်မတော်လို့တောင် မခေါ်ထိုက်ဘူး၊ အကြမ်းဖက်၊ ဓားပြ၊ ပြန်ပေးဆွဲပုံစံမျိုးတွေဖြစ်နေတာ။ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ ပြောချင်တယ်”

NUG အစိုးရက ပြည်တွင်းမှာ ကလေးသူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တိုင်းကို မှတ်တမ်းတင်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက ကလေးသူငယ်တွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို စဉ်ဆက်မပြတ် ပေးပို့နေတယ်လို့ ဆိုပါတယ်။

လသားအရွယ်လေးတွေနဲ့ ကျောင်းနေအရွယ် ကလေးသူငယ်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးဟာ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် တော်လှန်ရေးကာလတွေမှာ မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ယောက်က ပြောပါတယ်။

“ကျနော် ၁၉၆၂ မကြုံဘူး။ ၁၉၈၈၊ ၁၉၉၇၊ ၂ဝဝ၇ ကြုံခဲ့တယ်၊ အဲဒီကာလတွေမှာ အစိုးရတွေက သက်ဆိုင်ရာကာယကံရှင်တွေ သူတို့အရေးယူဆောင်ရွက်ဖို့လိုအပ်တယ်၊ ရာဇဝတ်ကြောင်းအရ ဖြစ်စေ၊ အထူးဥပဒေတစ်ရပ်အရဖြစ်စေ အရေးယူဖို့ လိုအပ်တယ်လို့ ယူဆတဲ့လူတွေကိုပဲ အရေးယူတာ။ ဒီလူကို မမိလို့ တခြားမိသားစုကိုဖြစ်စေ သူတို့သားသမီး အရွယ်မရောက်သေးတဲ့ ကလေးတွေကို ဖမ်းဆီးတယ်ဆိုတာ သမိုင်းတစ်လျှောက် မကြုံခဲ့ဖူးဘူး။ ကြုံကို မကြုံခဲ့ဖူးတာ။ အခုလက်ရှိမှာ အဲဒါတွေကို ကြုံနေရတာ ဥပဒေနဲ့လည်း မညီဘူး။ လူမှုတရားမျှတမှုအရလည်း လုပ်သင့်တဲ့ကိစ္စမဟုတ်ဘူး။”

“အခုလက်ရှိမှာ အဲဒါတွေကို ကြုံနေရတာ ဥပဒေနဲ့လည်း မညီဘူး။ လူမှုတရားမျှတမှုအရလည်း လုပ်သင့်တဲ့ကိစ္စမဟုတ်ဘူး”

အကျဉ်းထောင်လက်စွဲဥပဒေအရ ထောင်ထဲရောက်နေတဲ့ မိခင်ရဲ့ အုပ်ထိန်းမှုအောက်မှာရှိဖို့ လိုအပ်တဲ့ ကလေးတွေဆိုရင်တောင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ဆောင်ရွက်ပေးရမယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဒီအချက်တွေကိုလည်း လိုက်နာမှုမရှိဘူးလို့ ဆိုပါတယ်။

မိဘတွေနဲ့အတူ အကျဉ်းထောင်တွေနဲ့ အချုပ်ခန်းတွေထဲ ရောက်နေရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောဖမ်းခေါ်သွားတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ဖြေတာ မရှိခဲ့ပါဘူး။

“တချို့ကလေးတွေကတော့ တချို့မိခင်တွေက ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်ချမှတ်ရတာ ရှိတယ်။ သူ့ရဲ့ဆန္ဒအရ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေအတွက် မိခင်က ခေါ်ထားချင်တယ်။ သူနဲ့ အတူထားချင်တယ်ဆိုရင် ဒါ စည်းမျဉ်းစည်းကမ်းအရ ထားခွင့်ပေးတာ ရှိတယ်၊ ဖမ်းဆီးတာ မရှိပါဘူး။ ထိန်းသိမ်းတာလည်း မရှိပါဘူး။ မိခင်နဲ့အတူထားချင်လို့ ခေါ်ထားတာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။”

စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝတွေ မလုံခြုံတော့သလို အခုဆိုရင် ကလေးသူငယ်တွေရဲ့ လုံခြုံရေးဟာလည်း စိုးရိမ်စရာအခြေအနေမှာ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org