စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တုန့်ပြန်ဖို့ ပခုံးထမ်းလေကြောင်းပစ် လက်နက်တွေလိုအပ်
ကုန်းတွင်းပစ်မှတ်တွေကို စစ်ဆင်တဲ့အခါ မြေပြင်မှာ အရေးမလှတဲ့ စစ်ကောင်စီဟာ လေကြောင်းကို အထူး အားကိုးရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်မှာ စစ်ဘက်သုံးလေယာဉ် ၂၉၂ စင်းရှိတယ်လို့ WDMMA - World Directory of Modern Military Aircraft ကမ္ဘာ့ခေတ်မီ စစ်လေယာဉ်ရေးရာလမ်းညွှန်က ဖော်ပြပါတယ်။
-
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022-10-21 -
-
-
ကုန်းတွင်းပစ်မှတ်တွေကို စစ်ဆင်တဲ့အခါ မြေပြင်မှာ အရေးမလှတဲ့ စစ်ကောင်စီဟာ လေကြောင်းကို အထူး အားကိုးရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်မှာ စစ်ဘက်သုံးလေယာဉ် ၂၉၂ စင်းရှိတယ်လို့ WDMMA - World Directory of Modern Military Aircraft ကမ္ဘာ့ခေတ်မီစစ်လေယာဉ်ရေးရာလမ်းညွှန်က ဖော်ပြပါတယ်။
မြန်မာလေတပ်မှာ စစ်တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ လေ့ကျင့်ရေးလေယာဉ်တွေ ရှိနေတာပါ။
ရဟတ်ယာဉ်ဆိုတာ ကုန်းလမ်းနဲ့ သွားလာရခက်ခဲတဲ့နေရာတွေမှာ ထိုးစစ်ဆင်ဖို့သာမဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အခါမျိုးလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း သုံးရပါတယ်။ စစ်ကောင်စီကတော့ ပြည်ပရန်ကာကွယ်ဖို့မလိုဘဲ ပြည်တွင်းရန်ကို အဓိကနှိမ်နင်းဖို့ စစ်လေယာဉ်တွေကို အသုံးချပါတယ်။
သမိုင်းပြန်ကြည့်ရင်လည်း တိုင်းပြည်ဖွံ့ဖြိုးရေးထက် စစ်တပ်အားကောင်းရေးကို အစဉ်အဆက် ကျင့်သုံးလာပြီး Might is right ဆိုတဲ့ အာဏာရှိရင် လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတဲ့ သဘောတရား လက်ကိုင်ထားတဲ့ အနေအထားရှိပါတယ်။
မြန်မာတွေ သဘာဝကိုက ရှေးဘုရင်တွေလက်ထက်ကတည်းက စစ်ကိုပဲ အားသန်တာလို့ နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်ကလည်း ပြောတာပါ။
“မြန်မာ Nature က စစ်ပဲ၊ အိမ်နီးချင်းနိုင်ငံတွေက ဘုရင်စနစ်အောက်မှာကတည်းက ကူးသန်းရောင်းဝယ်ရေး တို့၊ ပြုပြင်ပြောင်းလဲရေးတို့ ရှိတယ်။ အောင်မြင်တာပဲ။ ဗမာဘုရင်တွေမှာ အဲဒါမရှိဘူး။ စစ်ပဲ။ စစ်တိုက်မယ်။ ဘုရားတည်မယ်။ Institution လုပ်ရမှ မသိဘူး။”
တိုင်းပြည်ပြုပြင်ပြောင်းလဲရေးထက် စစ်ကိုပဲ အားသန်နေတာမို့ နိုင်ငံ့အာဏာကို ထိန်းတယ်ပဲဆိုဆို တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးတဲ့နောက် တိုင်းပြည်ဖွံ့ဖြိုးရေးထက် စစ်အာဏာရှင်သန်ရေးကိုပဲ တည်ဆောက်နေတာမို့ ဆန့်ကျင်သူမှန်သမျှ ရတဲ့နည်းနဲ့ စစ်ကောင်စီက နှိမ်နင်းနေတာပဲ ဖြစ်ပါတယ်။
စစ်တပ်က မျှော်လင့်ထားဖွယ်မရှိတဲ့ ပုန်ကန်ခြားနားတော်လှန်တဲ့ အင်အားစုတွေပေါ်ပေါက်လာပြီး လက်လုပ်တူမီးသေနတ်နဲ့ စတင်လာတဲ့ တန်ပြန်ခုခံစစ် မြေပြင်တိုက်ပွဲတွေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အသာစီးရသမျှ စစ်ကောင်စီက မကျေပွဲအနေနဲ့ လေကြောင်းထိုးစစ်တွေ ဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။ ရုရှားလုပ် Mi 17 စစ်ရဟတ်ယာဉ်နဲ့ ပစ်မှတ်ထားတဲ့ဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချထားပေးပြီး ရွာတွေထဲ စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးစေပါတယ်။ တစ်ဖက်မှာလည်း လေကြောင်းက ပစ်ကူတိုက်ခိုက်ပါတယ်။ ဒါကို တန်ပြန်တိုက်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေး လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းတစ်နေရာမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ CDM ဗိုလ်ကြီးဇေလတ်က ပြောတာပါ။
“ကျွန်တော်နေတဲ့ မြို့နယ်ဘက်မှာ တော်တော်လေးတော့ အခြေအနေဆိုးနေတယ်။ စစ်ကြောင်းတွေ ဝင်တယ်။ လေကြောင်းတွေလည်း ဝင်တယ်။ လေကြောင်းကဆိုတာ ဂျက်ဖိုက်တာလည်း ဝင်တယ်၊ Mi 35 တွေလည်း ဝင်တယ်။ ကျွန်တော်တို့ဘက်က လူအင်အားရှိတယ်။ ကျွန်တော်တို့နဲ့ စစ်ကောင်စီနဲ့ လက်နက်အင်အားချင်း မမျှဘူးဗျ။ ထိုးစစ်ဆင်လာရင် ကျွန်တော်တို့ဘက်က ခွာပေးရတယ်ခင်ဗျ။ ရှောင်ပေးရတယ်။ ထိပ်တိုက် ရင်ဆိုင်မှုမျိုးက ဖြစ်လို့ မရသေးတဲ့ အခြေအနေခင်ဗျ။ အဓိကလိုအပ်ချက်က လက်နက်ပေါ့။ လက်နက်ဆိုတာ က ကျွန်တော်တို့ မြေပြင်ပစ်တဲ့ မက်ရှင်းဂန်း လက်နက်ငယ်တင် မဟုတ်ဘူး၊ လက်နက်ကြီးသဘောမျိုး လေကြောင်းကိုကာကွယ်ဖို့ လေကြောင်းရန် ကာကွယ်ရေးတွေလည်း လိုပါတယ်ခင်ဗျ။”
လေကြောင်းရန်ကာကွယ်ဖို့ Man-Pads Man portable air-defense systems ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေလိုမျိုး လိုအပ်တာကို ပြောတာပါ။
ရုရှားကျူးကျော်စစ်ပွဲမှာ ယူကရိန်းတွေ Man-Pads သုံးတာကို ဗြိတိန်အခြေစိုက် စစ်တပ်လေကြောင်းသမိုင်း Military Aviation History က ပြောတာကတော့
“ယူကရိန်းစစ်ပွဲ ပထမသီတင်းပတ်မှာ တွေ့ရတဲ့ ဗွီဒီယိုတွေထဲက အံ့အားသင့်စရာတစ်ခုက Man-Pads တွေရဲ့ ထိရောက်မှုပါပဲ”
Man-Pads ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေးလက်နက်ဟာ လူတစ်ယောက်တည်း ဒါမှမဟုတ် သုံးလေး ယောက်က ပစ်ခတ်တဲ့ မြေပြင်ကဝေဟင်ပစ်ဒုံး ဖြစ်ပါတယ်။ အလေးချိန် ၂၈ ပေါင်က ၅၅ ပေါင်လေးပြီး အလျှားက ၄ ပေကနေ ၆ ပေရှိတဲ့အတွက် သယ်ရလည်းလွယ် ဝှက်ရတာလည်း လွယ်ပါတယ်။ တစ်ချက်တည်းနဲ့ ပစ်မှတ်ကို ထိအောင်ပစ်ခတ်နိုင်ပြီး အသံထက်နှစ်ဆနဲ့ ပေ ၁၅၀၀၀ လောက်ထိ ပစ်ခတ်နိုင်ပါတယ်။
အဓိကအားဖြင့် Man-pads အမျိုးအစား သုံးခုရှိပြီး တစ်ခုက အနီအောက်ရောင်ခြည်သုံး ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အပူကို နောက်ယောင်ခံ လိုက်ပစ်ခတ်တာပါ။ နောက်တစ်ခုက မှန်ပြောင်းကနေ လေယာဉ်ကို ပစ်မှတ်ထားပြီး အသံထိန်းစနစ်နဲ့ ပစ်ခတ်တာပါ။ နောက်တစ်ခုက လေဆာရောင်ခြည်သုံး ပစ်ခတ်ပါတယ်။
နိုင်ငံ ၂၀ လောက်ဟာ Man-pads ဒါမှမဟုတ် သူ့ အစိတ်အပိုင်းတွေထုတ်လုပ်ခွင့် လိုင်စင်ရထားပါတယ်။ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ မြောက်ကိုရီးယား၊ ရုရှား၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စု စတဲ့နိုင်ငံတွေမှာ ထုတ်လုပ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ မြေပြင်မှာ အလေးသာတဲ့ PDF တွေကို ထိုးစစ်ဆင်ရုံသာ မဟုတ်ဘဲ ရွာတွေပါ စစ်ကြောင်းထိုး မီးဝင်ရှို့နေပါတယ်။ ကျေးလက်နေသူတွေကတော့ Man-pads ဆိုတာလည်း မသိနိုင်ဘဲ ကောင်းကင်မှာ လေယာဉ်တွေ ရဟတ်ယာဉ်တွေလာတာနဲ့ ရရာအထုပ်ဆွဲလို့ဖြစ်ဖြစ် အဝတ်အထည် ကိုယ်တစ်ခုနဲ့ဖြစ်ဖြစ် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။