ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ချင်းညီနောင်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇားကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။ Citizen Photo

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့မှာ မတ်လ ၁၁ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြို့မှာတစ်ခုတည်းကျန်နေတဲ့ ခလရ (၂၆၈) တပ်ကို ချင်းညီနောင်တပ်တွေ အပြင်းအထန် ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း စခန်းလက်မလွှတ်ရဖို့အတွက် လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကြဲနေတာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က စတင်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ခလရ (၂၆၈) တပ်စခန်းကလွဲပြီး မြို့ပေါ်နေရာအားလုံးကို ချင်းညီနောင်တပ်တွေ သိမ်းပိုက်ထားတာပါ။ အဲဒီတပ်စခန်းကို ချင်းညီနောင်အဖွဲ့က တစ်လနီးပါးကြာ ပိတ်ဆို့ထားတာပါ။ ဒါကြောင့် စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်နေတာလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က RFA ကို ပြောပါတယ်။

"၁ဝ ရက်နေ့မှာ သူတို့အင်အားချတာရှိတယ်၊ အင်အားက လေးဆယ်နဲ့ ငါးဆယ်ကြားလောက် ချတယ်။ ၁၁ ရက်နေ့ မနက်ပိုင်းမှာ သူတို့ဘက်ကစပြီး ထိုးစစ်ဆင်တယ် ကျွန်တော်တို့ကို။ ဒါပေမဲ့ ဆေးရုံကုန်းနဲ့ RC ကုန်းကို ကျွန်တော်တို့ထိန်းနိုင်သလို ခလရ (၂၆၈) ထဲကို ကျွန်တော်တို့ဝင်ပြီ။ ဝင်ပြီးတော့ တော်တော်များများ ပွိုင့်ကို သိမ်းထားတယ်။ ဆိုတော့ အဲဒါကြောင့်လည်း သူတို့ ပြင်းပြင်းထန်ထန် လေကြောင်းနဲ့ပြန်ပြီး တန်ပြန်စစ်ဆင်ရေး လုပ်နေတဲ့အခြေအနေမှာ ရှိတယ်။ နှစ်ဖက်တိုက်ပွဲကတော့ တော်တော်လေးပြင်းထန်တဲ့ အခြေအနေမှာရှိတယ်"

စစ်ကောင်စီတပ်ဟာ မတ်လ ၁၅ ရက်တစ်ရက်တည်းမှာတင် လေကြောင်းနဲ့ ဗုံးအလုံးရေ ၁၅၀ ကျော် ကြဲချခဲ့ပြီး တစ်ပတ်အတွင်းဆိုရင် ဗုံးအလုံးရေ ငါးရာခန့်ရှိပြီလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး ဖလမ်းမြို့မှာနေထိုင်တဲ့ ဒေသခံတစ်သောင်းကျော်ဟာ အခြား ကျေးရွာတွေအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရန်ကုန်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးနေရပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် ကာကီဆွာစစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဖလမ်းမြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့လိုပဲ မြို့ပျက်ဖြစ်သွားမှာကို စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

"မြို့ကနေစွန့်ခွာရတာတော့ လေးလကျော်ပြီပေါ့။ လူသားတစ်ယောက်ပီပီ ကိုယ့်ရဲ့ဇာတိမြို့ကို ချစ်တယ်၊ မြို့ပျက်စီးမှုကိုတော့ ယူကျုံးမရဖြစ်ရတာပေါ့။ တခြားနည်းလမ်းရှိရင် တခြားနည်းလမ်းနဲ့ပဲ ဖြစ်စေချင်တယ်။ ဒါပေမဲ့ ဒီကာလမှာက ဖြစ်သွားပြီဆိုတော့လည်း ဝမ်းနည်းရတာပေါ့။ ဘဝတိုတိုလေးမှာ အရင်က စိတ်အေးချမ်းသာစွာ အရင်က နေခဲ့ရတဲ့မြို့က စိတ်အေးချမ်းသာစွာ နေခွင့်ပြန်ရနိုင်မဲ့ရှိဖို့ပဲ မျှော်လင့်တာပါ"

ဖလမ်းမြို့အနီးမှာရှိတဲ့ ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ရွာအများစုမှာ ဗုံးခိုကျင်းတွေတူးထားရသလို တောင်ယာသွားလာဖို့လည်း ဒေသခံတွေ ခက်ခဲနေကြပါတယ်။

"လေကြောင်းရန်ကတော့ ပြောလို့တော့မရဘူး၊ သူတို့က ချချင်တဲ့နေရာချတော့လေ။ အနီးအနားရွာတွေက အကုန်ပြောင်းရွှေ့ကုန်ပြီ၊ ဗုံးကျင်းတူးတာတွေ တချို့ကျတော့ လုပ်ပါတယ်၊ တချို့ကျတော့ ရေပြွန်တွေမှာပဲ နေကြတာများတယ်။ အနှောင့်အယှက်တော့ဖြစ်တာပေါ့။ ဒီအချိန်မှာတော့ တောင်ပေါ်ဒေသက တောင်ယာမီးရှို့၊ တောင်ယာခုတ်တဲ့ဟာတွေ မီးရှို့ပြီး နောက်လလောက်ဆိုရင် မျိုးစေ့ကြဲရတော့မှာလေ။ အဲဒါ အခက်အခဲတော့ ဖြစ်တာပေါ့"

မတ်လ ၁၆ ရက်နေ့က ဖလမ်းမြို့နဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ တလန်ဇားရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လေကြောင်းရန်ကတော့ ပြောလို့တော့မရဘူး၊ သူတို့က ချချင်တဲ့နေရာချတော့လေ။ အနီးအနားရွာတွေက အကုန်ပြောင်းရွှေ့ကုန်ပြီ"

မတ်လ ၁၄ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ စီဇာမွာလ်ရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်လေးလုံး ပျက်စီးခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

တိုက်ပွဲအတွင်း နှစ်ဖက်စလုံး သေဆုံးထိခိုက်မှုရှိတယ်လို့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက ပြောပေမဲ့ အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗုံးအလုံးရေ ရာနဲ့ချီကြဲချ

ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားအချို့ဖမ်းမိထားကြောင်း CNDF ပြော

၂၀၂၅ မှာ ချင်းပြည်နယ်ကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးနိုင်မလား


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတဲ့ ဖလမ်းမြို့တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၃၀ ခန့်ကို ချင်းညီနောင်ပူးပေါင်းတပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ အရပ်သား ၄၉၁ ဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ သုံးထောင်ကျော် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org