ငါန်းမြာကြီးရွာ ဗုံးကြဲခံရမှု ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၁ ဦး သေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-09-21 -
-
-
Updated 5:25 PM Sep 21, 2024
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး နောက်ထပ် ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ အသက် ၉ နှစ်ရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ရှစ်ဦး ပါဝင်ပါတယ်။ အဲဒီအထဲမှာ ကိုးဦးက ရွာခံတွေဖြစ်ပြီး နှစ်ဦးက ကာကွယ်ရေးအဖွဲ့ဝင်တွေလို့ ဆိုပါတယ်။
ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေကြဲချခဲ့လို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာဖြစ်ပြီး တစ်မိသားစုထဲကနေ ခုနစ်ဦးအထိ သေဆုံးခဲ့တယ်လို့ မိဘနှစ်ပါးနဲ့ ၉ နှစ်အရွယ် ညီမဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ပေါ် သတ်သတ်မှတ်မှတ်ကို ချတာ။ အဖေရယ်၊ အမေရယ်၊ ညီမလေးရယ်၊ ဦးလေးက သုံးယောက်၊ အဒေါ် တစ်ယောက်။ ကျွန်မတို့ အိမ်မှာတင်ကို အိမ်ရှေ့မှာထိုင်နေတာကို ခုနစ်ယောက်။ ဦးလေး သုံးယောက်က ရှာလို့ကို မတွေ့တော့ဘူး၊ အကုန်လုံးကို ပြတ်ထွက်သွားတာ။ အဖေနဲ့ အမေကလည်း ရုပ်မပီတော့ဘူး။ ညီမလေးကလည်း ဗိုက်ပေါက်သွားတယ်။ ညီမလေးက အခုမှ ၉ နှစ်ပဲ ရှိသေးတာ။ အိမ်ပေါ်ကို နှစ်လုံးချတာ။ သူက ပြေးမရအောင် လုပ်တာ။ အကုန်လုံး ပျက်စီးသွားပြီ၊ ဘာတစ်ခုမှ မရတော့ဘူး။ ကျွန်မတို့ မောင်နှမ နှစ်ယောက်တည်းပဲ ကျန်နေခဲ့တာ"
တစ်မိသားစုထဲကဖြစ်တဲ့ ဖခင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဦးအောင်သက်ဦး၊ မိခင်ဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်ခင်မာအေး၊ ညီမဖြစ်သူ အသက် ၉ နှစ်အရွယ် မသက်နှောင်းစံ၊ ဦးလေးတွေ ဖြစ်ကြတဲ့ ၄၂ နှစ်အရွယ် ဦးမောင်ကို၊ အသက် ၄၀ အရွယ် ဦးဝင်းမိုးသန့်၊ ၃၅ နှစ်အရွယ် ဦးထွန်းကိုနဲ့ အဒေါ်ဖြစ်သူ ၂၃ နှစ်အရွယ် မလုံးတို့ နေရာမှာတင် သေဆုံးခဲ့တာလို့ သူက ပြောပါတယ်။
အဲဒီခုနစ်ဦးအပြင် ဗုံးကြဲချတဲ့နေရာက ဈေးဆိုင်ကို ဈေးလာဝယ်သူတွေနဲ့ လမ်းသွားလမ်းလာတွေပါ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မနေ့က ဗုံးကြဲတိုက်ခိုက်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကင်းနေရာ အပါအဝင် အရပ်သားတွေနေထိုင်တဲ့ စုစုပေါင်း နေရာ လေးနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီလေးနေရာထဲက ငါန်းဇွန်-ငါန်းမြာကြီးလမ်းဘေးမှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ကင်းနေရာ ဗုံးကြဲခံရမှုမှာတော့ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့မှာလည်း နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့ကတော့ ပြည်သူ ရှစ်လောင်းနဲ့ ရဲဘော် နှစ်လောင်းက ညပိုင်းကတည်းက။ ဒီနေ့မနက် ထပ်ပြီး ရှင်းလင်းရေးဝင်တော့ ပြည်သူအလောင်း တစ်လောင်း ပြန်တွေ့တယ်ဗျ။ ခေါင်းပြတ်တဲ့သူတွေက ပြတ်၊ ဦးနှောက်ထွက်တဲ့သူတွေက ထွက်၊ ခြေပြတ်တဲ့လူတွေက ပြတ်၊ လက်ပြတ်တဲ့လူတွေက ပြတ်ဆိုတော့ အဲဒီလိုကျတော့ ခွဲခြားလို့ မရတော့ဘူးဗျ။ ၉ နှစ်အရွယ် ကလေး ပါတယ်ဗျ။ လက်ရှိအခြေအနေကတော့ နယ်မြေရှင်းလင်းရေး ဝင်ထားတယ်။ ပြည်သူတွေကိုလည်း အပြင်ခဏ ထုတ်ထားသေးတယ်ဗျ။ လေကြောင်းသတင်းက နောက်ထပ် ထပ်ကြားနေရသေးတယ်ဗျ၊ ဒီဘက်မှာ။ အနီးအနားမှာရှိတဲ့ ဆုံရွာကလည်း လှုပ်နေတယ်ဗျ။ မြို့သာကလည်း အင်အားတွေများပြီးတော့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်ဗျ ဒီဘက်ကို"
လေကြောင်းရန်နဲ့ မြေပြင် စစ်ကြောင်းအခြေအနေတွေကြောင့် ငါန်းမြာကြီးရွာနဲ့ အနီးအနားရွာတွေက ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
"တိုက်ပွဲရှိတဲ့နေရာပဲဖြစ်ဖြစ်၊ မရှိတဲ့နေရာပဲဖြစ်ဖြစ် လေယာဥ်ဖြတ်သွားတဲ့ လမ်းကြောင်းတစ်လျှောက်က ရွာတွေဆို ကြောက်နေကြရတယ်၊ ပုန်းနေကြရတယ်"
စစ်ကောင်စီဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး ပစ်မှတ်ထားလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံမှု မရှိတော့ဘူးလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက RFA ကို ပြောပါတယ်။
"အဲဒီနေရာမှာ တိုက်ပွဲဖြစ်နေတာမျိုးလည်း မရှိဘူးပေါ့။ သူ့ဘာသာသူ ငြိမ်နေတဲ့နေရာမျိုးပေါ့။ စစ်နဲ့ တိုက်ရိုက် မပတ်သက်တဲ့ ပြည်သူတွေ ဆိုရင်တောင်မှ မလုံခြုံတော့တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အခုနောက်ပိုင်းဆိုလို့ရင်ဗျာ လေယာဥ်တွေဘာတွေ လာပြီဆိုလို့ရင် ဘယ်လိုဖြစ်နေလဲဆိုရင် တိုက်ပွဲရှိတဲ့နေရာပဲဖြစ်ဖြစ်၊ မရှိတဲ့နေရာပဲဖြစ်ဖြစ် လေယာဥ်ဖြတ်သွားတဲ့ လမ်းကြောင်းတစ်လျှောက်က ရွာတွေဆို ကြောက်နေကြရတယ်၊ ပုန်းနေကြရတယ်။ အဲဒီလိုမျိုး အနေအထားအထိပေါ့နော်။ အဲဒီအနေအထားက ဘာကြောင့်လဲဆိုလို့ရင် သူတို့မှာ အကြောင်းပြချက်မရှိဘူး။ သူတို့ကြဲချင်လည်း ကြဲသွားမယ်ဆိုတဲ့ စိတ်က ပြည်သူဆီမှာ ဝင်နေတယ်ပေါ့ဗျာ"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
မန္တလေးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း သုံးဦးသေဆုံး
မန္တလေးမြို့အနီး တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်
တောင်သာမြို့နယ် ခြုံကြီးရွာ စီးနင်းခံရမှု ခုနစ်ဦးသေဆုံး
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ငါန်းဇွန်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာလည်း သြဂုတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြန်လည် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေတာပါ။
စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - သေဆုံးသူတို့၏ မိသားစုဝင်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)