အမှုအများစု မရုပ်သိမ်းရတဲ့အကြောင်းရင်း တပ်က ရှင်းလင်း
တပ်က အမှုဖွင့်တဲ့ ဘာသာရေးခေါင်းဆောင်များထဲမှာ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်အမှု ရုပ်သိမ်းလိုက်ပေမယ့် မန္တလေးက ဆရာတော် သုံးပါး အမှု မရုပ်သိမ်းပေးတာကတော့ တပ်မတော် ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုပုံချင်း မတူတာကြောင့်ဖြစ်တယ်လို့ တပ်မတော်က ပြောလိုက် ပါတယ်။
-
2019-10-04 -
-
-
Your browser doesn’t support HTML5 audio
တပ်မတော်ကို ဝေဖန်ပြစ်တင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မန္တလေးမြို့ မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတ၊ ဘဝအလင်းရောင် ဆရာတော် ဦးသောဘိတ၊ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသ ဘိဝံသ တို့ကို တပ်မတော်က ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုထားပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ် ဆမ်ဆွန်လည်း အမေရိကန်သမ္မတနဲ့ တေ့ွဆုံချိန်မှာ တပ်မတော်ကို အကြည်ညိုပျက်အောင်၊ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခဲ့လို့ဆိုပြီး တရားစွဲဆိုဖို့ ကြိုးစားခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ အမှုကို တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဒေါက်တာ ခလမ် ဆမ်ဆွန်ကတော့ တပ်မတော်ဘက်က သူ့အမှုကို ရုပ်သိမ်းလိုက်တဲ့အကြောင်းရင်းအပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။
"နိုင်ငံတကာရဲ့ ဖိအားပေးတဲ့အပေါ်မှာ သူတို့ကတော့ ဘယ်သူ့ရဲ့ ဖိအား၊ ဘယ်အဖွဲ့အစည်းရဲ့ ဖိအားလည်းမပါဘူး လို့ ပြောတာပေါ့။ ဒါပေမဲ့ သူတို့အတွက်တော့ ထည့်စဉ်းစားစရာတွေတော့ ဖြစ်နိုင် တယ်ဆိုတာ ကျွန်တော့်ဘက်က မြင်တာပေ့ါ။ ဒါပေမဲ့ တပ်မတော် ဘက်ကတော့ ဖိအားမပါဘူးလို့တော့ ပြောတာပေါ့။ ဖိအားတော့ နည်းနည်းပါ လိမ့်မယ်။"
မန္တလေးက ဆရာတော် သုံးပါးကတော့ တရားရုံးမှာ အမှုရင်ဆိုင်နေ ရပါတယ်။
ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ယောက်ကို တရားစွဲဆိုမယ့် အစီအစဉ်ကို တပ်မတော်က ရုပ်သိမ်းလိုက် တဲ့အပေါ် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသဘိဝံသက အခုလို မှတ်ချပြုမိန့်ပါတယ်။
"တော်တော်မကောင်းတဲ့ကိစ္စပေ့ါနော်။ ဆရာတော်ကောင်းတွေနဲ့ ဆက်ဆံမှုမရှိဘူးဆိုတဲ့ သင်္ကေတလည်း ပြနေတယ်၊ မဘသ ကျတော့ သာသာထိုးထိုးတင်မကပါဘူး၊ ဆရာအဖြစ်နဲ့ အကြိမ် ကြိမ်ဆွမ်းသွားကပ်ပေါ့နော်။ သွားရောက်လှူဒါန်း ပွဲကြီးတွေတက်နဲ့ သူတို့လုပ်နေတာက သူတို့ကိုးကွယ်တာကို ပြနေတယ်။ အင်မတန် ဆိုးရွားပါတယ်။ တော်တော်မှားယွင်းနေပြီလို့ပဲ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဒုက္ခရောက်အောင် နှိပ်စက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။"
မြဝတီမင်းကြီး ဆရာတော် အရှင်အရိယာဝံသဘိဝံသဟာ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က အလှူငွေ လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်ကို ဝေဖန်ခဲ့အပြီး တရားစွဲဆို ခံခဲ့ရပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ နားလည်ခွင့်လွှတ်ပြီး တရားစွဲဆိုဖို့ မသင့်ဘူးပေါ့
ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာရဲ့ သတင်းတစ်ပုဒ်မှာ ပါဝင်ခဲ့တဲ့ မြဝတီမင်းကြီးဆရာတော်ရဲ့ ဝေဖန်ချက်ထဲမှာ မဘသအဖွဲ့ဟာ ဒီမိုကရေစီလမ်းကြောင်းကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုက ငွေကြေးထောက်ပံ့မှုတွေ အများကြီး ရရှိနေတဲ့ ဝိနည်းတော်နဲ့ မညီတဲ့အုပ်စုဖြစ်တယ်၊ ဝိနည်းတော်အရ အုပ်ချုပ်သူနဲ့ ရောရောထွေးထွေး မနေသင့်ဘူး ဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး သော်တာထွေး က နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၀၊ ၅၀၅ (ခ) ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာပါ။
အဲဒီအမှုကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက လက်ခံ၊ မခံကို လာမယ့်အောက်တိုဘာ ၁၆ ရက်နေ့မှာ အမိန့်ချမှတ် မှာဖြစ်ပါတယ်။
မြဝတီမင်းကြီးဆရာတော်ကို အမှုဖွင့်ထားတာ ပြန်ရုပ်သိမ်းနိုင်မလား လို့ RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖဲ့ွက ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာ
"ပြောတဲ့အကြောင်းအရာချင်း မတူဘူး၊ အချက်အလက်ချင်းလည်း မတူပါဘူးဗျ။ ကွာခြားပါတယ်။ ပြောတဲ့စကားတွေက နှိုင်းယှဉ်ကြည့် ရင် သိပါတယ်။"
ဆရာတော်ဖြေကြားခဲ့တဲ့ ခေတ်သစ်မီဒီယာကိုလည်း သက်သေအဖြစ် ထွက်ဆိုပေးဖို့ တပ်မတော်က တရားရုံးထံ တင်ပြထားပါတယ်။ အဲဒါကို ငြင်းဆိုမယ်ဆိုရင် တရားစွဲခံရမယ်လို့ တပ်မတော်က ပြောထား ပါတယ်။
"ရန်ကုန်ခေတ်သစ်မီဒီယာက ဒီအင်တာဗျူးကို ပထမဆုံးဖော်ပြတဲ့ မီဒီယာဖြစ်တယ်၊ ဒါကြောင့် သက်သေထွက်ဖို့ တာဝန်ရှိတယ်။ သက်သေမထွက်ရင် သက်သေခံဥပဒေပုဒ်မ ၁၀၆ နဲ့ ငြိစွန်းတယ်လို့ ပြောသွားတယ်။ တပ်ဘက်ကတော့ နောက်ဆုတ်မယ့်ပုံမရှိဘူး။ အခုတရားစွဲခံနေရတဲ့ ဆရာတော်တွေ အားလုံးဟာ တပ်မတော်နဲ့ ပတ်သက်ရင် သိပ်ပြီးအကောင်းမြင်တဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ ယူဆချက်မျိုး တပ်မတော်ဘက်မှာ ရှိကောင်းရှိနိုင်တယ်။ ဒီမိုကရေစီ ဘက်တော်သားတွေကို တမင်များရည်ရွယ်ချက်ရှိရှိလုပ်တဲ့ပုံစံ လားလို့ ကျွန်တော်တို့က အဲဒီလို ယူဆချက်တွေလည်း ရှိတာကိုး။"
ခေတ်သစ်မီဒီယာက ကိုသာလွန်ဇောင်းထက် ပြောသွားတာပါ။
တပ်မတော်အနေနဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုရုပ်သိမ်းပေး သလို တပ်မတော်က တရားစွဲဆိုထားတဲ့ ဆရာတော်တွေ၊ ကျောင်းသားတွေကို အမှုရုပ်သိမ်းမပေးတဲ့အပေါ် ဝေဖန်မှုတချို့ ရှိနေပါတယ်။
"ကျွန်တော့်အနေနဲ့တော့ အစိုးရဘက်က ဘုန်းတော်ကြီးတွေ၊ တကယ့်မေတ္တာ စေတနာကို အရင်းခံပြီး ပြောဆိုမှုတွေရှိတာကို ကျွန်တော်နားလည်တယ်။ ဒါကို နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ နားလည်ခွင့်လွှတ်ပြီး တရားစွဲဆိုဖို့တော့ မသင့်ဘူးပေါ့။"
KBC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် ပြောသွားတာပါ။
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု က ဦးမြအေး ကလည်း အခုလို ပြောပါတယ်။
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လေ KBC က ဆရာ ဆမ်ဆွန်ကိုလည်း အမှုတွေ ရုပ်သိမ်းပေး လိုက်တယ်။ တခြား ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေ အစရှိတဲ့ ဘုရားကျောင်းတွေ ကိုလည်း သွားပြီး ကူညီထောက်ပံ့တာတွေလည်း လုပ်တာတွေ လည်းရှိတော့ ကျွန်တော်မြင်တာတော့ နိုင်ငံရေးအချိုးအကွေ့ တခုများ သွားမလားလို့ မြင်မိတယ်လေ။ သို့သော်လည်းပဲ မြဝတီမင်းကြီးဆရာတော် အပါအဝင်ကျန်တဲ့ ဆရာတော်တွေကို အမှုက မရုပ်သိမ်းသေးတဲ့ကိစ္စ၊ သံချပ်ကျောင်းသားတွေကို ရုံးတကာပတ်ပြီး တရားစွဲ ဆိုထားတဲ့ကိစ္စတွေကို ဖြေလျော့တာမျိုး မရှိသေးတော့ ကျွန်တော်သိပ်ပြီး အားမရဘူးဗျာ။"
KBC ဥက္ကဋ္ဌကို တရားစွဲဆိုတဲ့အမှုကို ရုပ်သိမ်းပြီး နောက်တစ်နေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ့ကို မန္တလေး ဖိတ်ခေါ်ပြီး ၂ နာရီကြာ တေ့ွဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဲဒီလို လုပ်ဆောင်ချက်ဟာ အပြုသဘောဆောင်တယ်ဆိုတဲ့ မှတ်ချက်တွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဆရာတော် သုံးပါးအပြင် တပ်မတော်ကို သံချပ်နဲ့ ဝေဖန်ခဲ့တဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေကို အမှုရုပ် သိမ်းပေးခြင်း မရှိတဲ့အပြင် အလားတူ ဝေဖန်ခဲ့ကြတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့ကို တရားစွဲဆိုခဲ့တာတွေဟာလည်း လေ့လာသူများအတွက် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြသည်။)