အာဆီယံအစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရမှု သုံးသပ်သူတွေ ကြိုဆို

မကြာခင်ကျင်းပမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖေဖော်ဝါရီလ ၃ ရက် မနေ့က ကြေညာလိုက်ပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ အကောင်အထည်ဖော်တာ နည်းနည်းပဲ တွေ့ရတဲ့အတွက် အခုလိုဆုံးဖြတ်တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ချောင် ဆောင်နရီ (Chum Sounry) က AFP သတင်းဌာနကို ပြောပါတယ်။

၂ဝ၁၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသော အာဆီယံအစည်းအဝေးမစတင်မီ လုံခြုံရေးယူနေသော ကမ္ဘောဒီးယားစစ်သားများကို တွေ့ရစဉ်။ Photo: Reuters

မကြာခင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖေဖော်ဝါရီလ ၃ ရက် မနေ့က ကြေညာလိုက်ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ အကောင်အထည်ဖော်တာ နည်းနည်းပဲ တွေ့ရတဲ့အတွက် အခုလိုဆုံးဖြတ်တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ချောင် ဆောင်နရီ (Chum Sounry) က AFP သတင်းဌာနကို ပြောပါတယ်။

ဒါဟာ မြန်မာအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာ အကောင်အထည်ဖော်မှု အားနည်းနေသမျှ အာဆီယံက အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့ ခိုင်ခိုင်ခိုင်မာမာ ပြောလိုက်တာ ဖြစ်တယ်လို့ NUG အစိုးရရဲ့ အာဆီယံရေးရာဝန်ကြီး ဦးဘိုလှတင့်က သုံးသပ်ပါတယ်။

"ပထမအဆင့်က စစ်ကောင်စီရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ အစည်းအဝေးတွေ လုံးဝတက်ခွင့်မပြုခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ခွင့်မပေးတော့ဘူး ဆိုတာ အာဆီယံအနေနဲ့ သူတို့ရဲ့ ဘုံသဘော တူညီချက် ၅ ရပ်အပေါ်မှာ အလေးအနက် ထားတယ်။ ဒီဘုံသဘောတူညီချက်ကို လေးစားလိုက်နာမှု အကောင်အထည်ဖော်မှု အားနည်းနေသမျှတော့ ဆက်လက်ပြီး အရေးယူမှုတွေ လုပ်သွားမယ်ဆိုတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ထပ်ပြီးတော့ ပြလိုက်တာ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်"

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာ၊ လူသားချင်းစာနာမှု အကူအညီပေးခွင့် တဖြေးဖြေး ဆုတ်ယုတ်လာတာတွေ အပါအဝင် လက်ရှိဖြစ်ရပ်တွေအပေါ် အထူးစိုးရိမ်ပူပန်တယ်လို့လည်း အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစည်းအဝေးမှာ ဦးဝဏ္ဏမောင်လွင်အစား နိုင်ငံရေးဘက်က မဟုတ်တဲ့ ကိုယ်စားလှယ်တစ်ယောက် စေလွှတ်ဖို့ စစ်ကောင်စီကို အကြောင်းကြားထားတယ် လို့လည်း ချောင်ဆောင်နရီ (Chum Sounry) ကပြောပါတယ်။

အာဆီယံရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာပြည်သူတွေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဘက်မှာ ရဲရဲရပ်တည်ပေးတာကို မြင်ရတဲ့အတွက် မင်္ဂလာသတင်းကောင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"အဲဒါဟာ ကျနော်တို့ တိုင်းပြည်က NUG နဲ့ ပြည်သူတွေအတွက်တော့ မင်္ဂလာ သတင်းကောင်းလို့ပဲ ကျနော့်အနေ နဲ့ ယူဆပါတယ်။ ဒီကာလအတွင်းမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အတော့်ကို ကမ္ဘောဒီးယားနိုင်ငံနဲ့ သံတမန်ရေးဆိုင်ရှာအရွေ့တွေ၊ လှုပ်ရှားမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာကတောင် စိုးရိမ်နေရတယ်။ အာဆီယံဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ သဘောထားကို အကြောင်းပြုပြီး အာဆီယံ ဆုံးဖြတ်ချက်ကို ပြင်မလား၊ ဒါမှမဟုတ် ဆက်လက်ပြီး ကြံ့ကြံ့ခံရပ်တည်မလားလို့ ကျနော်တို့က စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့်နေခဲ့ရတာပါ။ ဒါပေမဲ့ အာဆီယံက အဲဒီလိုသဘောထား ထုတ်ပြန်ပြလိုက်တဲ့အခါမှာ အာဆီယံရဲ့ရပ်တည်ချက်ဟာ ဘယ်လောက် ကြံ့ခိုင်တောင့်တင်းတယ် ကျနော်တို့ပြည်သူတွေနဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဘက်မှာ ဘယ်လောက် ရပ်တည်ပေးတယ်ဆိုတာ မြင်ရပါတယ်"

မြန်မာ့အရေး ပြေလည်ဖို့ မနှစ်ကဧပြီလမှာ အာဆီယံခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့တာပါ။

အဲဒီအချက်တွေကို အကောင်အထည် မဖော်တဲ့အတွက် မနှစ်က အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်တဲ့နည်းနဲ့ ပထမဆုံးအကြိမ်အဖြစ် အာဆီယံက တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း အခုချိန်ထိ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် ဆက်လက်ကျင်းပတဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကို မဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ်ကိုပဲ တက်ခွင့်ပြုနေတာ ဖြစ်ပါတယ်။

တပ်မတော် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ မြန်မာနဲ့ ပတ်သက်တဲ့ ကိစ္စကို ဆုံးဖြတ်တဲ့ အာဆီယံရဲ့ပုံစံက ပုံမှန် အာဆီယံလမ်းကြောင်း မဟုတ်ဘူးလို့ မြင်ကြောင်း ပြောပါတယ်။

"အာဆီယံအနေနဲ့ နဂိုပဋိညာဉ်တွေကနေ ကွဲပြီးတော့ မြန်မာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်ကို ဆုံးဖြတ်တဲ့နေရာမှာ ပုံမှန်အာဆီယံသွားနေတဲ့ လမ်းကြောင်း မဟုတ်ဘူးလို့ ကျနော်တို့ မြင်ထားတယ်ပေါ့နော်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာတဲ့အခါကလည်း နိုင်ငံရေးအရ အပြောင်းအလဲ တစ်ခု ရှိခဲ့တယ်ဆိုတာကို ကျနော်တို့ လက်ခံတယ်။ ဒါပေမဲ့ အာဆီယံနဲ့ ပတ်သက်ရင်တော့ အာဆီယံအပေါ်မှာ တခြား အင်အားကြီးနိုင်ငံတွေရဲ့ ပြင်ပဖိအား သက်ရောက်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ထားတယ်။ တွေ့ထားတော့ ဒီကိစ္စက မဖိတ်ဘူး၊ တက်ခွင့်မရဘူး ဖြစ်လာနိုင်တယ် ဆိုတာကို မျှော်လင့်ပြီးသားပါ။ သိပ်တော့ထူးခြားတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီအာဆီယံကို မြန်မာသွားမတက်လို့လည်း မြန်မာရဲ့ကိုယ့်နိုင်ငံအရေးနဲ့ ပတ်သက်လို့ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ပဲ သုံးသပ်ပါတယ်"

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံက မဖိတ်ဖို့ဆုံးဖြတ်လိုက်တာကို ကြိုဆိုပေမဲ့ ငြင်းပယ်တာတခုတည်းဟာ အဖြေမဟုတ်ဘူးလို့ NUG အစိုးရရဲ့ အာဆီယံရေးရာဝန်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။ ဒါကြောင့် ဆက်လက်ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်ဖို့ အာဆီယံနဲ့အတူ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

"ငြင်းပယ်တယ်ဆိုတာဟာ အဖြေတစ်ရပ်မဟုတ်တဲ့အတွက် ဒီထက်ပိုပြီးတော့ ကျနော်တို့တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတွေ လုံးဝ ရပ်တန့်သွားရေးနဲ့ ပြည်သူလူထု လိုလားနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လိုအပ်တဲ့နေရာတိုင်းမှာ ခွဲခြားမှုမရှိဘဲ ဖြန့်ဖြူးနိုင်ဖို့ လုပ်တဲ့အခါမှာ အာဆီယံတစ်ခုတည်း မဟုတ်ဘဲ သူ့ရဲ့ စကားပြောဘက် မဟာမိတ်နိုင်ငံတွေ၊ နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းပြီးတော့ လက်တွေ့ကျတဲ့ အလုပ်ဖြစ်နိုင်မယ့် ယန္တရားတွေကို ဖန်တီးတည်ဆောက်ပြီးတော့ ဆောင်ရွက်သွားဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်"

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့အထူးကိုယ်စားလှယ်ကိုလည်း အမြန်ဆုံး မြန်မာနိုင်ငံကို လာခွင့်ပေးဖို့ အရှေ့တောင်အာရှနိုင်ငံများ အသင်း အာဆီယံကလည်း မြန်မာစစ်ကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တောင်းဆိုထားပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြောဆိုမှုတွေ ရှိခဲ့ပေမဲ့လည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး သိသာတဲ့ တိုးတက်မှုတွေ ရှိမလာဘဲ ဖြစ်နေတဲ့အချိန်မှာ အထူးကိုယ်စားလှယ်ကို အမြန်ဆုံး မြန်မာပြည်လာခွင့်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ဆုံးဖြတ်ချက်တွေ ဆက်တိုက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org