ဘောလခဲက မဟာဗျူဟာမြောက် စစ်ကောင်စီတပ်စခန်းကို လက်နက်ကိုင်တွေသိမ်း

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ မယ်စလောင်းစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၀ ရက်မှာ တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဘောလခဲမြို့နယ်ထဲက မယ်စလောင်း စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Karenni Nationalities Defense Force-KNDF

ကယားပြည်နယ်၊ ဘောလခဲမြို့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာ နန်းဖဲရွာအနီး စစ်ကောင်စီရဲ့ မယ်စလောင်း စခန်းကို တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဇန်နဝါရီ ၂၁ ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၇ နာရီ ၅၀ မိနစ်ကနေ ၉ နာရီခွဲအထိ နှစ်နာရီကျော် တိုက်ခိုက်ပြီး စခန်းသိမ်းယူခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF က ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ KNDF အပြင် ကရင်နီတပ်မတော် (KA)၊ လွိုင်ကော် PDF နဲ့ ဒီးမော့ဆို PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“ကျနော်တို့ အသေးစိတ်တော့ပြောလို့ အဆင်မပြေဘူးထင်တယ်ဗျ။ မနေ့က သိမ်းလိုက်နိုင်တာတော့ အတည်ပြုပေးလို့ရတယ်။ အသေးစိတ်က ဘာဖြစ်လဲဆိုရင် စစ်ရေးရုံးတွေကနေ ကျနော်တို့ရောက်မလာသေးလို့ အသေးစိတ်တော့ ကျနော်တို့ မပြောနိုင်ဘူး။ အဲဒီ မယ်စလောင်း ဒီတောင်ကျတော့ နန်းဖဲနဲ့ ဗျုဟာကုန်းလို့ ပြောလို့ရတယ်။ ပုန်းလို့ကောင်းတယ်ပေါ့နော်။ သူတို့က အထိုင်လည်းကြာနေပြီ စကစက”

ဒီတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်က တစ်ဦး သေဆုံးခဲ့ရတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မယ်စလောင်းတောင်ကုန်းဟာ ဘောလခဲမြို့က စစ်ကောင်စီတပ်အင်အား၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းပို့ဆောင်ရာ မဟာဗျုဟာကျတဲ့ နေရာဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“အဲဒီဘောလခဲမှာ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) လက်အောက်ခံ စစ်ဗျုဟာ အခြေချနေတာရှိတယ်။ သူတို့ရိက္ခာလမ်းကြောင်းဖြစ်စေ၊ စစ်သည်အင်အား၊ လက်နက်ခဲယမ်း ပို့ဆောင်ရာမှာ အဲဒီလမ်းကို အသုံးပြုတာများတယ်။ အဲဒီလို အသုံးပြုဖို့က အဲဒီ တောင်ကုန်းစခန်းက ဗျုဟာမြောက်တယ်လို့ ပြောရမှာပေါ့ သူတို့အတွက်။ ဘောလခဲကနေ တက်ရင် ထိပ်ရောက်တယ်။ ပြန်ဆင်းရင် ရွာသစ် ရောက်တယ်။ အဲဒီထိပ်မှာ သူတို့ စခန်းထိုင်ထားတဲ့ နေရာပေါ့”

တိုက်ပွဲအတွင်း ဘောလခဲမြို့အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး တိုက်လေယာဉ်တစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

"သူတို့ရိက္ခာလမ်းကြောင်းဖြစ်စေ၊ စစ်သည်အင်အား၊ လက်နက်ခဲယမ်း ပို့ဆောင်ရာမှာ အဲဒီလမ်းကို အသုံးပြုတာများတယ်။"

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တစ်စတစ်စ ပြင်းထန်လာခဲ့ပါတယ်။

စစ်ကောင်စီ မယ်စလောင်းတပ်စခန်း အနီးမှာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစလို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ သုံးထောင်ကျော်ရှိတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“အဲဒီဘက်တစ်ခွင်ကလေ ကျနော်တို့အရင်တုန်းက ပြေးတဲ့စာရင်းအတိုင်းပဲ။ သုံးထောင်ကျော်ပဲ ရှိတယ်။ နောက်ပြီး ထပ်ပြေးစရာလည်း ရှိတော့ဘူးလေ။ စစ်ကောင်စီကနေ စစ်ကြောင်းမထိုးရင် ထပ်ပြေးစရာမရှိဘူး။ အခုက နန်းဖဲရယ်၊ နန်းဖဲကျေးရွာအုပ်စု၊ ရပ်ကွက်က ၈ ရပ်ကွက်၊ ၉ ရပ်ကွက် ရှိတာကိုး။ နောက်ပြီးတော့မှ တော်ခူရွာသစ်ဆိုပြီးတော့မှ အုပ်စု ရှိတယ်ပေါ့နော်။ အဲဒီဟာက ရွှေ့တာကြာပြီဖြစ်လို့ နောက်ထပ်လူဦးရေ အတိုးအလျော့တော့ မရှိဘူးခင်ဗျ”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။ (Photo: Karenni Nationalities Defense Force-KNDF)

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။

KnHRG ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးကာလအတွင်း ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော် ရှိပါတယ်။ ဒါဟာ တစ်ပြည်နယ်လုံးမှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်နီးပါး ဖြစ်ပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၄၄ ကြိမ်ရှိခဲ့ပြီး ၄၁၉ ဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org