ကန့်ဘလူမြို့နယ် ရွာငါးရွာက နေအိမ် တစ်ရာကျော် မီးရှို့ခံရ

စစ်ကြောင်းထိုးတဲ့ သုံးရက်အတွင်း ရွာနှစ်ဆယ်ခန့်က ပြည်သူတစ်သောင်းခွဲထက်မနည်း ထွက်ပြေးနေရတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က တောင့်တဲကုန်း၊ သရက်ခေါင်း၊ ကိုးမြို့၊မင်းကုန်း(က)ရွာနဲ့ ညောင်ဇင်ကြီးရွာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက် ကနေ ၁၃ ရက်နေ့အထိ ဝင်ရောက်စီးနင်းခဲ့လို့ နေအိမ် တစ်ရာကျော် မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ထောက်ခံတဲ့ တင်ငုတ်ကြီးရွာကို ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူးပေါင်းအဖွဲ့တွေ တင်ငုတ်ကြီးရွာကို စစ်ကူရောက်လာပြီး အနီးအနားရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုစီးနင်းချိန်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အင်အား အလုံးအရင်းနဲ့ဝင်ပြီးတော့ မီးရှို့တာပါ။ အဲဒီတော့ ကျွန်တော်တို့က တင်ငုတ်ကြီးကို စစ်ကောင်စီတပ်က ရောက်ပြီဆိုကတည်းက ပြည်သူတွေကို လွတ်မယ့်နေရာကို ပို့လိုက်ပါတယ်။ အဲဒီမှာ သူတို့က ပြည်သူတွေလည်း မတွေ့ရဘူး၊ ဘာမှလည်းမရှိဘူး။ ဘာမှလည်း လုပ်ထားတာမရှိဘူး၊ မိုင်းတွေလည်းမထောင်ဘဲနဲ့ ထိတွေ့မှုလည်းမရှိဘဲနဲ့ ရွာတွေထဲကို မီးရှို့သွားတာ။ အခုအချိန်အထိ ရွာတွေထဲ ပြန်မဝင်နိုင်သေးဘူး။ ချင်မြစ်ကျင်းမှာ အင်အားတွေစုပြီး ရှိနေသေးလို့ပါဗျ"

ဒီစီးနင်းမှုအတွင်း ဇန်နဝါရီလ ၁၁ ရက်က တောင့်တဲကုန်းရွာက နေအိမ် ၁၂ လုံး၊ သရက်ခေါင်းရွာက နေအိမ် ၃၁ လုံး၊ ကိုးမြို့ရွာက နေအိမ်တချို့၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မင်းကုန်း (က) ရွာက နေအိမ် ၄၂ လုံး၊ ညောင်ဇင်ကြီးရွာက နေအိမ် အလုံး သုံးဆယ်မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် အရပ်သားတွေလည်း ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ နောက်ထပ် ကန့်ဘလူဒေသခံတစ်ဦး RFA ကို ပြောပါတယ်။

"အခုက ပိုဆိုးတာပေါ့။ သူတို့သိမ်းခံလိုက်ရတဲ့အတွက်ကို ဝါသဝ အပါအဝင် အကုန်လိုက်ပြီးတော့ ဖိနေတဲ့ အနေအထားဆိုတော့ နယ်မြေဒေသခံပြည်သူတွေက လုံးလုံးကိုမနေရဲတော့တာ။ သူတို့(စစ်ကောင်စီတပ်) နဲ့လည်း လုံးဝအတွေ့ခံလို့မရဘူး။ တွေ့တာနဲ့အကုန်ဖမ်း အဲလိုဖြစ်တာလေ။ တောထဲတွေရော လွတ်ရာပြေးရတာလေ။ စစ်ကြောင်းနဲ့ဝေးရာကို တဖြည်းဖြည်းရောက်သွားတယ်။ ဟိုကလာကယ် ဒီက လာကယ်အဲလိုပေါ့။ တောတွေထဲလည်း ဝင်လာတော့ ပြေးရတယ်။ ကိုယ်လွတ်ရင်ပြီးရော ပြေးရရှောင်ရတာပေါ့"

"သူတို့သိမ်းခံလိုက်ရတဲ့အတွက်ကို ဝါသဝ အပါအဝင် အကုန်လိုက်ပြီးတော့ ဖိနေတဲ့ အနေအထားဆိုတော့ နယ်မြေဒေသခံပြည်သူတွေက လုံးလုံးကိုမနေရဲတော့တာ"

ကန့်ဘလူစစ်ဘေးဒုက္ခသည်အရေး ကူညီနေသူ ကိုတက်တိုးကတော့ စစ်ကြောင်းထိုးတဲ့ သုံးရက်အတွင်း ရွာနှစ်ဆယ်ခန့်က ပြည်သူ တစ်သောင်းခွဲထက်မနည်း ထွက်ပြေး နေကြတယ်လို့ ပြောပါတယ်။

"ညောင်ဇင်တို့၊ သရက်ခေါင်းတို့၊ အဲဒါတွေ မီးရှို့ခံလိုက်ရတယ်။ စစ်ရှောင်က ရှိသမျှ ပတ်ချာလည် အဲဒီနားက ရွာတွေဆိုရင် ကျေးရွာပေါင်း နှစ်ဆယ်လောက်က ထွက်ပြေးတိမ်းရှောင်ရတယ်။ ဒေသခံပေါ့၊ ထွက်မပြေးရတဲ့ ဒေသခံတွေပေါ့။ အတွင်းကျတဲ့ရွာတွေကနေပြီးတော့ တတ်နိုင်သလောက် ဆန်အလှူခံပြီးတော့မှ နဂိုတုန်းကလည်း ဒီလိုပုံစံပဲဖြေရှင်းရတာကို။ လှည့်ပြီးတော့မှ အကူအညီ တောင်းပြီးတော့ တစ်ရွာဝင်တယ်ဆို ဒီပြင်ရွာတွေကလည်း ဝိုင်းကူပြီးတော့မှ ဆန်တို့၊ ဘာတို့ဆိုလည်း တတ်နိုင်သလောက်ဝိုင်းကူကြတယ်"

နေအိမ်တွေအပြင် စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ယာယီတဲအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ထန်းကုန်းတိုက်နယ်၊ လင်ဗန်းဆည်အနီးက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ တဲ ၃၃ လုံး ဖျက်ဆီးခံရတဲ့အပြင် ထိန်တောရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်ဌေးနဲ့ ရွာမရွာက အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးအောင်ထွန်းတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခံသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ မင်းကုန်းရွာနှင့် ညောင်ဇင်ကြီးရွာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကောင်စီထောက်ခံတဲ့ တင်ငုတ်ကြီးရွာ တိုက်ခိုက်မှုမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က သေနတ် ၁၄ လက် ရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

"တင်ငုတ်ကြီး အထိုင်စခန်းကို ဝင်သိမ်းတာ ပကဖတွေက သေနတ် ၁၄ လက်လောက် ရခဲ့တာပေါ့နော်။ ပျူစောထီး ဆယ်ဦးတော့ သုတ်သင်ခဲ့တယ်။ စခန်းသိမ်းပြီး ပြန်ဆုတ်ခဲ့တယ်။ ကန့်ဘလူမှာက ပျူရွာ လေးဆယ်ကျော်ရှိတယ်။ အဲဒီတော့ သူတို့ပျူရွာတွေ အတိုက်ခံနေရတဲ့အခါမှာ သူတို့ဘက်က ဘာမှ တုံ့ပြန်မှုမရှိဘူး၊ အခု သုံးခါမြောက်မှာတော့ ပျူတွေရဲ့ စိတ်ဓာတ်လုံခြုံမှုရှိအောင် ပြန်ပြီးတော့ ထိုးစစ်ဆင်တဲ့အနေနဲ့ အဲဒီနားပတ်ချာလည်မှာ လှည့်ပြီး ဒုက္ခပေးတဲ့သဘော ဖြစ်လိမ့်မယ်ထင်တယ်"

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကတော့ နေအိမ်မီးရှို့မှုတွေနဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဖြစ်စဉ်တွေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နေအိမ် ရှစ်သောင်းနီးပါး (၇၇၂၇၄လုံး) မီးလောင်ပျက်စီးခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂.၆ သန်းကျော်ရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org