ဘူးသီးတောင်စစ်ရှောင်စခန်း ကျည်သင့်၊ ကျောင်းသူတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းအနီး မနေ့က တိုက်ပွဲဖြစ်ရာ မှာ စခန်းထဲ ကျည်တွေ ကျရောက်ခဲ့တာကြောင့် ကျည်ထိမှန်တဲ့ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ ဒီနေ့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ ရှစ်တန်းကျောင်းသူ မမြသဇင် ကို ၂၀၁၉ အောက်တိုဘာ ၃ ရက်နေ့က စစ်တွေဆေးရုံပို့ဆောင်စဉ် Photo: Min Thein Aung/RFA

အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မမြသဇင်ဟာ မနေ့ညနေ ၄ နာရီကျော်က စာဖတ်ဖို့ သူ့ရဲ့ ကျောင်း စာအုပ်တွေကို ထုတ်နေစဉ်မှာပဲ အိမ်ထရံကို ကျည်တချို့ မှန်ခဲ့ပြီး သူ့ဝမ်းဗိုက်လည်း ကျည်စထိမှန်သွားခဲ့တာပါ။

ဒဏ်ရာရသွားတဲ့ ကျောင်းသူ မမြသဇင် ဟာ ဒေသတွင်းမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ သုံးလကျော်လောက်က သူတို့နေထိုင်တဲ့ ကွမ်းတောင်ကျေးရွာကနေ စေတီတောင်ကျေးရွာကို မိသားစုနဲ့အတူ ထွက်ပြေးခိုလှုံနေသူဖြစ်ပါတယ်။

မနေ့က အခင်းဖြစ်ချိန်မှာ မမြသဇင်နဲ့အတူရှိနေခဲ့တဲ့ အမေဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်လှသိန်းခင်က ကျည်ဆံထိမှန်ရတာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ စွပ်စွဲပါတယ်။  

တပ်မတော်က ပစ်တယ်ဆိုတာကို အတိအကျပြောလို့ရတယ်

“မနေ့ကဖြစ်တာက သမီးလေးက စာဖတ်ဖို့ဆိုပြီး စာအုပ်ကို ထုတ်နေပါတယ်။ အဲဒီအချိန်မှာ ဖုန်းဖုန်း ဖုန်းဖုန်းနဲ့ ကျည်ဆံတွေက အိမ်ထရံမှာ လာကျပါတယ်။ သမီးလေးက အောက်ကို ဆင်းပြေးပါတယ်။ ကျည်ထိပြီးမှာ ဆင်းပြေးတာပါ။ အခုက တိုက်ပွဲဖြစ်တာ မဟုတ်ဘဲနဲ့ ပစ်တာပါ။ ကျည်တွေက နွားရုံတောင်ဘက်ကနေလာတာ။ စစ်သားတွေကပစ်တာ”

မမြသဇင်ကို မနေ့က စေတီတောင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး   ဓာတ်မှန်ရိုက်ပြီး သေချာကုသဖို့ လိုအပ်တာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ အကူအညီနဲ့ ဒီနေ့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတာပါ။

လူနာက သတိကောင်းကောင်းရနေတယ်၊ ဒါပေမဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။ မသဇင်ရဲ့ အဖိုးဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးမောင်ကျော်က တပ်မတော်ရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်ပါတယ်။

“တိုက်ပွဲအတွင်းမှာ ပါနေခဲ့ရင်တော့ မပြောလိုဘူး။ အခု တိုက်ပွဲမရှိဘဲ အိမ်ကနေမထွက်ဘဲ ထိုင်နေတဲ့သူ ကျည်ထိမှန်တာက လက်တွေ့ဖြစ်နေတယ်။ ဒီတိုင်းပြည်မှာ ဘယ်လိုလုပ်နေမလဲ၊ ဘယ်လိုအုပ်ချုပ်နေသလဲ၊ ဘယ်လိုဥပဒေတွေနဲ့ တိုင်းပြည်ကို စိုးမိုးနေတာလဲ။ ဒီလိုပြောချင်တယ်”
 
မနေ့ကပစ်ခတ်မှုဟာ တပ်မတော်ရဲ့လက်ချက်ဖြစ်ကြောင်း မိသားစုတွေရဲ့ပြောဆိုမှုနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက  ငြင်းဆိုပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ မရှိဘူးခင်ဗျ။ နွားရုံတောင်နဲ့ စေတီတောင်ဆိုတဲ့ဥစ္စာက လက်နက်ကြီးပစ်လို့ မှီတဲ့နေရာ လည်း မဟုတ်ဘူး။ ပြီးရင် အဲဒီစေတီတောင်ဝန်းကျင် တဝိုက်မှာလည်း အမြဲတမ်းပဲ AA က လှုပ်ရှားသွား လာပြီးတော့နေတာ။ ကျွန်တော်ကြားမိသလောက်ကတော့ AA ကနေပြီးတော့မှ အဲဒီစေတီတောင် ဘက်ကနေ ပြီးတော့မှ ကျွန်တော်တို့တပ်ရှိတဲ့ နွားရုံတောင်ဘက်ကို လှမ်းပစ်တယ်လို့ သိရတယ်။ လှမ်းပစ်တဲ့အခါမှာ ကျည်က ကျွန်တော်တို့နားကို မရောက်ဘဲနဲ့ အဲဒီစေတီတောင် တိုက်ပွဲရှောင် မိသားစုတွေနေတဲ့နေရာမှာ အဲဒီလက်နက် ကြီးကကျတယ်လို့ ကျွန်တော်သိရတယ်။ ကျွန်တော် စုံစမ်းသိရှိရတာပေါ့နော်။ ကျွန်ုပ်ရဲ့ သတင်းပေးတွေကပြော တာ အဲဒီအတိုင်းပဲ ကျွန်တော်သိထားတယ်။ ကျွန်တော်တို့တပ်က ပစ်တာလည်းမရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး”

တပ်မတော်ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ အေအေ ရက္ခိုင့်တပ်တော်ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဒီနေ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေဟာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီဖြစ်တယ်၊ ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်တာမျိုး ဘယ်တော့မှ မလုပ်ဘူးလို့ ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မနေ့က ကျည်စထိမှန်ပြီး ဒဏ်ရာရသွားတဲ့ ကျောင်းသူ မမြသဇင်ရဲ့အဖိုး ဦးမောင်ကျော်က လက်မခံပါဘူး။

“အခုက နွားရုံတောင်မှာရှိတဲ့ တပ်မတော်က ပစ်တယ်ဆိုတာကို အတိအကျသိတယ်။ စေတီတောင်နဲ့ နွားရုံတောင်ဆိုတာ မိုင်ဝက်လောက်ပဲ ဝေးတယ်။ နွားရုံတောင်မှာ တပ်မတော်အမြဲတမ်းရှိတယ်ဆိုတာကို သိတယ်။ သွားလိုက်လာလိုက် စေတီတောင်ကိုသွားလိုက်၊ နွားရုံတောင်ကိုပြန်လိုက် ဒီလိုမြင်နေရတယ်။ အဲဒီကနေပစ်တယ်။ ဂျိန်းဂျိန်းနဲ့ပစ်တယ်။ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ အမြဲတမ်းပစ်နေတယ်။ အခု လူနာနဲ့လာတဲ့အချိန်မှာလည်း လှမ်းပစ်လို့ ထွက်ပြေးလာရတယ်။ ခဏခဏ ငါတို့မပစ်ဘူးလို့ ဘယ်လောက် ပဲပြောပြော အခု လက်တွေ့ကိုဖြစ်နေတာ။ တပ်မတော်ကပစ်တယ်ဆိုတာကို အတိအကျပြောလို့ရတယ်”
 
ဘူးသီးတောင်မြို့နယ် စေတီတောင် စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စုက ၄၆၀ ကျော်နဲ့ လူဦးရေ ၁၇၀၀ ကျော် ရှိပါတယ်။ အဲဒီအနီးအနားမှာရှိတဲ့ ဥယျာဉ်သာ၊ စံဂိုးထောင်၊ နွားရုံတောင်၊ ကွမ်းတောင်၊ စပါးထား၊ ကံပြင်၊ စည်တောင် စတဲ့ ကျေးရွာပေါင်း ၁၁ ရွာသားတွေ အခုနှစ်ဆန်းပိုင်းကနေစပြီး တဖြည်းဖြည်း လာရောက်ခိုလှုံနေကြတဲ့ စခန်းဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းက ကလေးတွေဟာ အဲဒီရွာမှာပဲ စာသင်ကြရတာဖြစ်ပေမယ့် မနေ့ကဖြစ်ရပ်လို ပစ်ခတ်မှုတွေရှိတာက တော်တော်လေးကို စိုးရိမ်စရာဖြစ်တယ်လို့ ဒဏ်ရာရသူ မမြသဇင်ရဲ့ အစ်ကိုဖြစ်သူ ကိုစိုးလင်းအောင်က ပြောပါတယ်။

“ကျောင်းတက်နေတဲ့အချိန်တွေမှာ အမြဲတမ်းကြောက်လန့်နေရတယ်။ ကျောင်းသားတွေက စာကိုစိတ် မဝင်စားနိုင်ဘဲနဲ့ အမြဲတမ်း ဗုံးသံနဲ့ကျည်သံတွေကိုသာ ကြားနေရတယ်။ ကျွန်တော်တို့ရဲ့ ကွမ်းတောင်၊ နွား ရုံတောင်ရွာမှာဆို ကျောင်းမတက်ရဘူး။ ကျောင်းတွေ အကုန်လုံး ပိတ်ထားရတယ်။ အဲဒီစေတီတောင်တရွာပဲ လုံခြုံတယ်ဆိုပြီး ကျွန်တော်တို့ အနီးအနားကရွာတွေ သွားခိုလှုံနေကြတာ။ အဲဒီအချိန်မှာ အခုလိုမျိုးဖြစ်တာ ဆိုတော့  ဘယ်နေရာမှာနေရမှန်းမသိဘူး ဖြစ်သွားတာပေါ့။ အခုလိုမျိုးဖြစ်သွားတာ ကျောင်းသားတွေအတွက် တော်တော့ကို စိုးရိမ်ရပါတယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလလောက်ကနေ အခုအချိန်အထိ မိုင်း၊ လက်နက်ငယ်၊ လက်နက်ကြီးတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၉၀ ဝန်းကျင်ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရသူကတော့ လူဦးရေ ၁၂၀ ကျော်အထိရှိနေပြီဖြစ် ပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်။)
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org