ရခိုင်နဲ့ “ဝ”ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလား

ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် ၃၃ဝ အပြည့်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ဒေသတွေမှာ မဲဆန္ဒရှင်စာရင်း မထုတ်ပြန်နိုင်တာ၊ နယ်မြေအုပ်ချုပ်မှု လျော့ရဲတဲ့ဒေသတွေမှာ မဲရုံထားရေး မထားရေး မသေချာတာ၊ တချို့ဒေသတွေမှာ ရွေးကောက်ပွဲမဲစာရင်း မကောက်နိုင်တာတွေကြောင့် သုံးလအကြာမှာကျင်းပမယ့် နိုဝင်ဘာရွေးကောက်ပွဲဟာ မရေရာမှုတွေနဲ့ ပြည့်နေပါတယ်။

ရသေ့တောင်မြို့နယ်က မဲပေးရုံတစ်ရုံကို တွေ့ရစဉ် RFA

 

ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် ၃၃ဝ အပြည့်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာ မဲဆန္ဒရှင် စာရင်းမထုတ်ပြန်နိုင်တာ၊ နယ်မြေအုပ်ချုပ်မှု လျော့ရဲတဲ့ဒေသတွေမှာ မဲရုံထားရေး မထားရေး မသေချာတာ၊ တချို့ဒေသတွေမှာ ရွေးကောက်ပွဲမဲစာရင်း မကောက်နိုင်တာတွေကြောင့် သုံးလအကြာမှာကျင်းပမယ့် နိုဝင်ဘာရွေးကောက်ပွဲဟာ မရေရာမှုတွေနဲ့ ပြည့်နေပါတယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်နေတဲ့မြို့နယ်တွေ အပါအဝင် ၂၀၁၅ မှာ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ် ဝဒေသက မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်ဖို့ လျာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပေမယ့် ရွေးကောက်ပွဲကျင်းပဖို့ သုံးလနီးပါးသာ လိုတဲ့အချိန်အထိ ဒီနေရာတွေမှာ တကယ်တမ်းမဲပေးခွင့် ရမရဆိုတာ မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ လက်ရှိအာဏာရပါတီအပေါ်မှာ တာဝန်ရှိပြီး ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ပြည်နယ်အခြေစိုက်ပါတီတွေက တိုက်တွန်းကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆန္ဒထက်အစိုးရ၊ လုံခြုံရေး အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေပေါ်မှာ မူတည်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ANP အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်လတ်က သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က ဆန္ဒဘဲရှိတာ၊ တကယ်ပါဝါကိုင်ထားတာက ကော်မရှင်မဟုတ်ဘူး၊ ပါဝါက အဖွဲ့အစည်း သုံးခုလောက်မှာရှိမယ်၊ အစိုးရရှိမယ်၊ လုံခြုံရေးတာဝန်ယူထားတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ရှိမယ်၊ နောက်တောထဲက အဖွဲ့အစည်းရှိမယ်၊ တကယ်အာဏာက အဲမှာရှိတာ၊ ကော်မရှင်မှာမရှိဘူး၊ အဲအဖွဲ့အစည်း သုံးခုရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်တယ်၊ တစ်ယောက်ကဖောက်ရင် ပျက်သွားနိုင်တယ်"

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးမျိုးကျော်ကလည်း ရွေးကောက်ပွဲဖြစ်မြောက်ဖို့ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရနဲ့တိုင်းရင်းသားပါတီတွေ တွေ့ဆုံညှိနှိုင်းသင့်တယ်လို့ အကြံပြုပါတယ်။

"ရွေးကောက်ကိုအရေးကြီးတယ်၊ ဒီနိုင်ငံအတွက်လိုအပ်တယ်လို့ သတ်မှတ်တယ်ဆိုရင်တော့ အကုန်လုံး စကားပြောပြီးတော့ ဒီရွေးကောက်ပွဲအောင်မြင်ဖို့ တပ်မတော်ရယ်၊ လက်နက်ကိုင် အဖွဲ့အစည်းရယ်၊ အစိုးရရယ်၊ နိုင်ငံရေးပါတီတွေရယ်ပေါ့ဗျာ၊ ဒီလိုမျိုး ဆွေးနွေးအဖြေရှာမယ်ဆိုရင် ဒါက အောင်မြင်စွာ ကျင်းပနိုင်လိမ့်မယ်လို့ ကျနော်ကတော့ယုံကြည်တယ်"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဇူလိုင်လ ၂၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတာကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိမရှိဆိုတာ ပြောဖို့စောနေသေးတယ်လို့ မှတ်ချက်ပေးပါတယ်။

“ရွေးကောက်ပွဲမှာက နှစ်ခုရှိပါတယ်၊ ၁ ကတော့ ရွေးကောက်ပွဲဖြစ်ရုံသက်သက် လုံခြုံရေးလို့ ကျနော် ယူဆတယ်၊ ၂ ကတော့ ကျနော်တို့ရည်မှန်းထားတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် လုံခြုံရေးလို့ ကျနော်ယူဆတယ်၊ နံပါတ် ၁ အချက်ကတော့ လုပ်လို့ရပါတယ်၊ နံပါတ် ၂ အချက်ကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့နေရာမှာ တော်တော်ခဲယဉ်းတယ်၊ ခင်ဗျားပြောသလို တည့်တည့် ပြောရရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာသည် အဲနေရာမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ သို့မဟုတ် တရားမဝင်အဖွဲ့အစည်းတွေ ခြိမ်းခြောက်မှုမခံရမှသာ လွတ်လပ်တဲ့ရွေး ကောက်ပွဲဖြစ်မှာဖြစ်တယ်”

ရက္ခိုင့်တပ်တော် AA အနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ဖိအားပေးတာတွေရှိမလား၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို AA ပြောခွင့်ရခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့

“ရက္ခိုင့်တပ်တော်ရဲ့ တပ်မှူးချုပ်ကလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားရှိတယ်ဗျ။ CCN အင်တာဗျူး မှာပေါ့။ ရွေးကောက်ပွဲကို ကျွန်တော်တို့ဘက်က အကောင်းဆုံးကူညီ ပေးသွားဖို့ရှိတာပေါ့နော်။”


လက်ရှိအာဏာရပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေထဲမှာ ရခိုင်ပြည်မြောက်ပိုင်းက မဲဆန္ဒနယ်တချို့မပါဝင်ပါဘူး။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာဆိုရင် မင်းပြားနဲ့ မြောက်ဦးတို့အတွက် NLD ကိုယ်စားလှယ်လောင်း လျာထားခြင်း မရှိတဲ့အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေအတွက်ဆိုရင်တော့ ကျောက်တော်မြို့နယ်အမှတ် ၁/၂၊ မြောက်ဦးမြို့နယ်အမှတ် ၂၊ ရသေ့တောင်မြို့နယ် အမှတ် ၂ နဲ့ မင်းပြားမြို့နယ် အမှတ် ၁ တို့မှာလည်း NLD ကိုယ်စားလှယ်လောင်းမရှိပါဘူး။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေ အတွက်ဆိုရင် ပုဏ္ဏားကျွန်းမြို့နယ်ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၅၊ ကျောက် တော်မြို့နယ်ရဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၈၊ ရသေ့တောင်မြို့နယ်ရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆၊ မင်းပြားနဲ့မြေပုံမြို့နယ်တို့ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉၊ မြောက်ဦးမြို့နယ်ရဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၀ တို့မှာလည်း NLD ကိုယ်စားလှယ်လောင်းမရှိပါဘူး။

နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နဲ့ပတ်သက်ပြီး တိတိကျကျပြောတာမရှိဘဲ လုံခြုံရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီးမှ အတည်ပြုနိုင်မယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က  “လုံခြုံရေး စိုးရိမ်ရတယ်ဆိုတဲ့ စကားလုံးတော့ အန်တီကမသုံးဘူး။ လုံခြုံရေး အရေးကြီးတယ်လို့ ပြောတာ။ ဘယ်နေရာမှာ ရွေးကောက်ပွဲ ကျင်းပမလဲဆိုတာ အန်တီတို့ ဆုံးဖြတ်လို့မရဘူး။ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့တွေ ပြည်ထဲရေးတို့ ဘာတို့က သူတို့ရဲ့အမြင်နဲ့ ဒေသရဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး သူတို့ဆုံးဖြတ်လိမ့်မယ်။ အဲဒါကို ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက် ကျေးရွာကို လုပ်မယ်မလုပ်ဘူးဆိုတာ အနားကပ်မှ ကြေညာလိမ့်မယ်။ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းကဆိုရင် အောက်တိုဘာ နောက်ဆုံးပတ်လောက်မှ ကြေညာတာတွေ့တယ်။ အခုကကြေညာမှာ မဟုတ်ဘူး။ စောနေသေးတယ်။”

ရွေးကောက်ပွဲမရှိရင် လက်နက်ကိုင်လမ်းစဉ်ကို ပိုမိုရောက်သွားနိုင်တာကြောင့် ရွေးကောက်ပွဲ လုပ်စေချင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင်ဦးဖေသန်းက ပြောပါတယ်။

"ဥပဒေစိုးမိုးရေးအားဖြင့် အားနည်းနေသည့်တိုင်အောင် ဒီကိစ္စအပေါ်မှာ ဝင်ရောက်နှောက်ယှက်ဖျက်စီးမယ့် တွန်းအားပေးမယ့် အဖွဲ့အစည်းရယ်လို့ ကျနော်တို့မမြင်ပါဘူး၊ လုပ်စေချင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရွေးကောက်ပွဲတွေမရှိရင် ရခိုင်ပြည်နယ်အခြေအနေက ထွက်ပေါက်နည်းပြီး လက်နက်ကိုင်ဘက်ကို ဦးတည်သွားနိုင်တယ်၊ တရားဝင်ထောင်ထားတဲ့ ပါတီတွေအားလုံးကလည်း ဒီကိစ္စကိုလုပ်ဖြစ်စေချင်တဲ့ စေတနာရှိပါတယ်"

ကနဦး ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေအရ ရခိုင်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ လူဦးရေ ၁၆သိန်း ၄သောင်း ကျော်ရှိပြီး မဲရုံပေါင်း၂၅၉၄ရုံရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

အလားတူ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေနဲ့ “ဝ”လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ညှိနှိုင်းခဲ့ကြပေမယ့် “ဝ”ဒေသထဲက မြို့နယ်လေးခုမှာတော့ မဲပေးခွင့်ရှိသူစာရင်းတွေတောင် ကောက်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။

UWSA   “ဝ”တပ်ဖွဲ့က သူတို့ထိန်းချုပ်တဲ့ မြို့နယ်လေးခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ တုံ့ပြန်ထားပေမယ့် လက်ရှိမှာတော့ UWSA ထိန်းချုပ်ရာဒေသဖြစ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော လေးမြို့နယ်နဲ့ ရှမ်းအရှေ့ဒေသတွေမှာ ရွေးကောက်ပွဲအတွက် ဘာပြင်ဆင်မှုမှ မလုပ်ရသေးတော့ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာမဟုတ်ဘူးလို့  “ဝ”တပ်ဖွဲ့လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြီးခဲ့တဲ့ရက်ပိုင်း RFAကို ပြောဆိုထားပါတယ်။

“လူကြီးပိုင်းတွေပေါ့နော် ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဌာနချုပ် ပန်ဆန်းမှာ သွားပြီးတော့ တွေ့ဆုံဆွေးနွေး ကတည်းက ဌာနချုပ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ မှတ်ချက်ပေးခဲ့တဲ့ အပိုင်းပဲကျနော်သိတယ်။ နောက်ပိုင်းကျ ကျွန်တော်လည်း ဘာမှမကြားတော့ဘူးလေ။ ကျွန်တော်ကြည့်တာက အခုချိန်ထိတောင်မှ အချိန်က အဲလောက်နီးကပ်လာပြီ ခုချိန်ထိ ဘာမှ ပြောသံမကြားဘူးဆိုရင်တော့ အလားအလာကတော့ နည်းမယ်လို့ ကျနော်မြင်ပါတယ်။”


ပထမအကြိမ် မဲစာရင်းတွေ ထုတ်ပြန်ရာမှာ အဲဒီလေးမြို့နယ်မှာ မဲစာရင်းတွေ မထုတ်ပြန်နိုင်ဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးနစ်ဆန်းဦးက ပြောပါတယ်။

“၂၀၁၅ တုန်းကလည်း ဝ အထူးဒေသ ၂ က မြို့နယ်လေးမြို့နယ်ပဲ မဲစာရင်းမကောက်နိုင်ခဲ့သလို အခု လက်ရှိလည်း လေးမြို့နယ်ပဲ ကျန်တာပေါ့။ ကျန်တဲ့ ကုန်းကြမ်းဒေသလေးတွေ ကျေးရွာအုပ်စု တစ်စု နှစ်စုလောက် ကျန်တာလေးတွေက ရှိပါတယ်ခင်ဗျ။”

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ အဲဒီဒေသက ပြည်သူတွေအတွက် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရတယ်လို့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။

“ညှိနှိုင်းတာကတော့ ကျွန်တော်တို့လည်း မပါဝင်ခဲ့ဘူးပေါ့နော်။ ကြားတာတော့ သူတို့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကျွန်တော်တို့က ကြားတာကိုး။ အဲဒါတော့ ရွေးကောက်ပွဲကော်မရှင်နဲ့  UWSA ပဲ တိတိကျကျသိမှာပေါ့။”


“ဝ”အမျိုးသားပါတီဟာ ရှမ်းပြည်နယ်က  “ဝ”ပါတီသုံးခုဖြစ်တဲ့  “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊  “ဝ”ဒီမိုကရက်တစ်ပါတီ၊  “ဝ”လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပေါင်းစည်းပြီး ၂၀၂၀ဧပြီလမှာ အသစ်ဖွဲ့စည်းထားတာပါ။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်းနေတဲ့  “ဝ”ဒေသထဲက မြို့နယ်လေးခုမှာဆိုရင် လားဟူတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပါတယ်။

လားဟူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဒေါ်အေးသီတာမြင့်က မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာနေထိုင်တဲ့ တိုင်းရင်းသားတိုင်း ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အခွင့်အရေးရသင့်တယ်လို့ တိုက်တွန်းပါတယ်။

“ဒီကော်မရှင်ကနေ သွားပြီးတော့ ရွေးကောက်ပွဲ ဝင်နိုင်တဲ့ အနေအထားတော့ရှိတယ်။ ဒါပေမဲ့ အခုဟာက မဖြစ်တော့ဘူးဆိုတော့ မဲပေးခွင့်တွေ ဆုံးရှုံးတာပေါ့နော်။ ဆိုတော့ အဲဒီဒေသမှာနေတဲ့ ဒေသခံတွေပေါ့နော် ကျွန်မတို့ လူမျိုးတွေလည်း သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာပေါ့နော်။ နိုင်ငံသားတွေအနေနဲ့ နိုင်ငံသားရဲ့ အခွင့်ရေးဆုံးရှုံးတာနဲ့ အတူတူပဲလေ မဲမထည့်ရဘူးဆိုတော့”

အစိုးရက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခရိုင်ခွဲပြီး  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားတာပါ။အဲဒီထဲမှာ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်တွေဟာ UWSA  “ဝ”တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

အစိုးရထိန်းချူပ်တဲ့ ဟိုပန်နဲ့ မက်မန်းမြို့နယ်နှစ်ခုမှာ အာဏာရ NLDပါတီက မဲဆန္ဒနယ်မြေ လေးခုမှာ ပထမဆုံးဝင်ယှဉ်ပြိုင်သွားဖို့ ရှိတယ်လို့သိရပါတယ်။ ဒီနယ်မြေတွေဟာ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ  “ဝ”ဒီမိုကရက်တစ်ပါတီက အနိုင်ရထားတဲ့ နေရာလို့သိရပါတယ်။

ရွေးကောက်ပွဲစောင့်ကြည်လေ့လာနေတဲ့ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာသင်းကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တွေ့ဆုံညှိနှိုးတာတွေ လုပ်ပြီးရွေးကောက်ပွဲကျင်းပဖြစ်မဖြစ်ကို အမြန်ဆုံးကြေညာသင့်တယ်လို့ ပြောပါတယ်။

"အနီးကပ်မှကြေညာရင် ကိုယ်စားလှယ်လောင်းတွေအတွက် အခက်အခဲများ ဖြစ်မလားမသိဘူး၊ ကိုယ်စားလှယ်လောင်းတွေမှာ ပြင်ဆင်ရမယ့်ကိစ္စတွေရှိမယ်၊ တတ်နိုင်သလောက်တော့ စောစော ကြေညာသင့်တယ်၊ ဒီကြားထဲမှာလည်း စေ့စပ်ညှိနှိုင်းတာမျိုးတွေ၊ နယ်မြေဒေသမငြိမ်းချမ်းတဲ့ နေရာတွေ ရှိရင်လည်း ကျမတို့က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲလုံခြုံရေးပေးတဲ့ တာဝန်ရှိသူတွေဖြစ်ဖြစ်၊ ဒီအကြောင်းအရာတွေပေါ်မှာ ဆွေးနွေးပြီးတော့မှ မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေးကို ဘယ်လိုတာဝန်ယူပေးမလည်း၊ ရွေးကောက်ပွဲ ဘယ်လိုဖြစ်မြောက်အောင် လုပ်မလည်းဆိုတာကိုတော့ လုပ်သင့်ပါတယ်"

ရခိုင်နဲ့  “ဝ”ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင် မကျင်းပနိုင်သိရဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org