မှတ်ပုံတင်မပြနိုင်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်နေ

2022.04.14
မှတ်ပုံတင်မပြနိုင်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်နေ နေပြည်တော် အဝင် စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက သင်္ကြန်မတိုင်ခင် ဧပြီလ ၁ ရက်ကနေ အခု သင်္ကြန်ကာလအထိ နိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ခရီးရှည်သွားသူတွေကို နိုင်ငံသားကတ် မှတ်ပုံတင်တွေ စစ်ဆေးနေပြီး မှတ်ပုံတင်မပြနိုင်သူတွေကို ခရီးသွားလာခွင့်နဲ့ တည်းခိုခွင့် ပိတ်ပင် လိုက်တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

လိုအပ်ချက်အရ အခုလိုလုပ်ဖို့ ဆုံးဖြတ်ထားတာလို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်ကတည်းက ထုတ်ပြန်ထားပါတယ်။ နိုင်ငံသားကတ်အစား ထောက်ခံစာပြပြီး ခရီးသွားတာကို လုံးဝ ခွင့်မပြုတော့ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဟိုတယ်၊ တည်းခိုရိပ်သာတွေ၊ အဝေးပြေးယာဉ်လိုင်းတွေနဲ့ လေကြောင်းလိုင်း တွေကလည်း မှတ်ပုံတင်မပါရင် ဝန်ဆောင်မှု မပေးတော့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ဦးလွင်မြို့ကို ခရီးသွားခဲ့တဲ့ ခရီးသည်အမျိုးသမီးတစ်ဦးဟာ မှတ်ပုံတင် ပါမလာတဲ့အတွက် ဟိုတယ်တစ်ခုက တည်းခိုဖို့ ခွင့်မပြုဘဲ ငြင်းဆန်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"မှတ်ပုံတင်က ဒီရက်ပိုင်း တော်တော်စစ်တယ်။ ခရီးသွားတဲ့အခါမှာလည်း လမ်းတွေမှာ မှတ်ပုံတင် ပါ၊ မပါ စစ်တယ်။ တည်းခိုတဲ့အခါမှာလည်း အရင်က အတူတူသွားကြတယ်၊ အဖွဲ့လိုက်သွားကြတယ်ဆိုရင် အဖွဲ့ထဲက နှစ်ယောက်၊ သုံးယောက်မှာ မှတ်ပုံတင်ပါရင် ရတယ်။ ကိုယ်က မှတ်ပုံတင်မပါဘူးဆိုရင်လည်း ကိုယ့်မှာ ဝန်ထမ်းကတ်တို့၊ ယာဉ်မောင်းလိုင်စင်တို့ တခြား သက်သေခံအထောက်အထားတစ်ခုခု ပါတယ်ဆိုရင် တည်းလို့ရတယ်။ အခုကျတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေက မှတ်ပုံတင် မပါရင် တည်းလို့ကို မရတော့ဘူး။ လက်မခံဘူးဆိုပြီး ငြင်းထုတ်တဲ့အထိ ဖြစ်နေတယ်"

အခုရက်ပိုင်းမှာတော့ ခရီးသွားတစ်ယောက်ချင်းစီကို ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ အဝေးပြေးယာဥ်လိုင်းတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ မကွေး၊ စစ်ကိုင်း၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်လို ဒေသတွေမှာဆိုရင် ရဲနဲ့ စစ်တပ်က လမ်းသွားလမ်းလာတွေကို မှတ်ပုံတင်ပြခိုင်းပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

"မှတ်ပုံတင်မရှိရင် မရဘူးဆိုတော့ တချို့ကလည်း မှတ်ပုံတင် ပျောက်တာ၊ မီးထဲပါတာ အစုံပဲ။ အခက်အခဲရှိတယ်"

ဒီလို စိစစ်မှုတွေကြောင့် စစ်ဖြစ်ပွားတဲ့ဒေသက အရပ်သားတွေ တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့ဖို့ မလွယ်ကူတော့ဘူးလို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကနေ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ဒေါ်ဆော်မိုးက ပြောပါတယ်။

"အခက်အခဲရှိတယ်။ မှတ်ပုံတင်မရှိရင် မရဘူးဆိုတော့ တချို့ကလည်း မှတ်ပုံတင် ပျောက်တာ၊ မီးထဲပါတာ အစုံပဲ။ အခက်အခဲရှိတယ်။ အဲဒါနဲ့ တချို့ကလည်း ပြန်ပြီး နောက်ဆုတ်ရတယ်။ ဟိုပြေးဒီပြေး တောင်ပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ စားစရာမရှိ၊ ဘာမရှိနဲ့ အဲလို ဒုက္ခတွေရောက်နေတယ်။ အဒေါ်တို့လည်း ထွက်လာတုန်း ကလည်း အဲလိုပဲ အသလွတ် (ဘာမှမပါဘဲ) ထွက်လာရတာ တစ်နှစ်လောက်ရှိပြီ။ အဲဒါ ဟိုနားဒီနား၊ ဟိုရွာဒီရွာ အဲလိုလိုက်နေရတယ်"

သာမန်အရပ်သားတွေကို အခက်အခဲဖြစ်စေတဲ့ စစ်ကောင်စီရဲ့ မှတ်ပုံတင်စစ်ဆေးတဲ့ အစီအစဉ်ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သူတွေ ကို ရှာဖွေဖမ်းဆီးဖို့ ရည်ရွယ်ပုံရတယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မှတ်ပုံတင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဟာ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တာလို့ ပြောပါတယ်။

"မှတ်ပုံတင်နဲ့ ပတ်သက်ပြီးတော့ ခရီးသွားလာတဲ့အခါမှာ ခုနကပြောသလို PDF တွေရန် ကာကွယ်ဖို့တို့၊ ဒါတွေနဲ့ မဆိုင်ပါဘူးဗျာ။ ဒါတွေက ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်"

magway-gate.jpg
မကွေးတိုင်းအတွင်းက စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေအရ မဲပေးပိုင်ခွင့်ဆိုတာဟာ မှတ်ပုံတင် ရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ပါဘူး။

ဒါဟာ အရပ်သားတွေအပေါ် ဖိနှိပ်မှုတစ်မျိုးဖြစ်သလို PDF တွေကို ရှာဖွေနှိမ်နင်းဖို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

"တော်လှန်ရေးမှာပါတဲ့ ဒီအုပ်စုတွေ အကုန်လုံးကို အပြီးသတ် ဖျက်သိမ်းမယ်။ အပြီးသတ် ဖြိုခွင်းမယ်လို့ သူက ပြောထားပြီးသား။ ပြီးတော့ အဲဒီလိုဖြိုခွင်းဖို့အတွက် လည်း သူက တောက်လျှောက်လုပ်နေတဲ့ဟာတွေ တွေ့ရတယ်။ အဲလိုပဲ ဒေသတွင်း တစ်ခုစီ တစ်ခုစီမှာ အဲဒီလိုစုဖွဲ့မှုနဲ့ လှုပ်ရှားမှုတွေရှိနေတဲ့ဟာကိုလည်း သူတို့က မြေလှန် ပြီးတော့ ဖမ်းမယ်ဆိုတဲ့ဟာက ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ဟာက သူက ပြောထားပြီး သား၊ အဲဒီလမ်းကြောင်းပေါ်ကနေပြီးတော့ ဖြိုခွင်းဖို့အတွက်လုပ်တယ်လို့ ပြောလို့ ရတာပေါ့"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့ မိန့်ခွန်းမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်း တွေနဲ့ စေ့စပ်ဆွေးနွေးမှာ မဟုတ်ဘဲ တိုက်ခိုက်နှိမ်နင်းသွားမယ်လို့ ထုတ်ပြောထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့အားလုံးကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။