စာရွက်ပေါ်က အပစ်ရပ်သက်တမ်းတွေကို ယုံကြည်မှုနည်းလာကြ
တပ်မတော်က အပစ်ရပ်ကာလသတ်မှတ်ထားတာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သက်တမ်း ကုန်ပြီဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။
-
2019-09-23 -
-
-
Your browser doesn’t support HTML5 audio
တပ်မတော်က အပစ်ရပ်ကာလသတ်မှတ်ထားတာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သက်တမ်း ကုန်ပြီဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။
ဒါကြောင့် တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်မလား၊ အောက်တိုဘာလထဲမှာ ထပ်တွေ့မယ့် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ RFA က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လေ့လာသူတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ အားရကျေနပ်စရာ မကောင်းပါဘူး။
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ သုံးဖွဲ့လုံးက သူတို့လှုပ်ရှားဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း ဒီဇင်ဘာလကုန်အထိ အပစ်ရပ်သက်တမ်းတိုးလိုက်ကြောင်း စက်တင်ဘာ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ကုန်အထိ အပစ်ရပ်သက်တမ်းတိုးမယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအတွင်း တပ်မတော်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ်အပစ်ရပ်သက်တမ်း တိုးဖို့ မသေချာသေးဘူးလို့ တပ်မတော်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောတာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း တပ်မတော်ဟာ အပစ်ရပ်ထားတဲ့ကာလမှာလည်း ထိုးစစ်ဆင်တာတွေရှိတဲ့အတွက် အပစ်ရပ်သက်တမ်း တိုး၊ မတိုးထက် ထိုးစစ်မလုပ်ဖို့သာ အဓိက ကျတယ်လို့ ပြောကြပါတယ်။
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် ပြောသွားတာပါ။
တပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်းတွေမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီး အပစ်ရပ်ဖို့ ကြေညာခဲ့တာပါ။
"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ရဲ့ လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက လည်း အခုလိုပြောပါတယ်။
အပစ်ရပ်ရေးနဲ့ တိုက်ပွဲတွေလျှော့ချဖို့အတွက် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ သြဂုတ်လ ၃၁ ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ တစ်ကြိမ် ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ကြပေမယ့် အပစ်ရပ် လက်မှတ်ထိုးဖို့အထိ သဘောမတူနိုင်သေးသလို လက်တွေ့မြေပြင်က တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးအတွက်လည်း အာမခံချက်ရှိတဲ့ သဘောတူညီချက်တွေ မရခဲ့ပါဘူး။ အောက်တိုဘာလထဲမှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့သာ သဘောတူညီခဲ့ကြတာပါ။
ဒါကြောင့် နောက်လထဲမှာထပ်တွေ့မယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တပ်မတော်တို့ရဲ့ ဆွေးနွေးပွဲမှာ တပ်နေရာချထားရေးနဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းလိုက်နာမှုနဲ့ပတ်သက်ပြီး သေချာမဆွေးနွေးနိုင်ဘူးဆိုရင် တိုက်ပွဲတွေထပ်ဖြစ်နေမှာပဲလို့ တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှာပါဝင်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ ရက္ခိုင့်တပ်တော် AA က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ရဲ့အမြင်ကို သိရဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လလယ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၁၇ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၇ ယောက်ရှိနေပြီဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်လို့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာရေးရာ ညှိနှိုင်းရေးမှူးရုံးက စက်တင်ဘာလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မူဆယ်မြို့ဒေသခံ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပြီး တိုက်ပွဲတွေ ဆက်မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
"အခု ဒီလိုအပစ်အခတ်ရပ်စဲတာကနေပြီးတော့ ဆက်မတိုးဘူးဆိုတော့လည်း တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင်လည်း နောက်ဆုံးတော့ပြောရရင်တော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေပဲ ဒုက္ခရောက်ကြတာလေ၊ ကျွန်တော်တော့ မဖြစ်စေချင်ဘူးဗျ၊ ဟုတ်ကဲ့ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေကတော့ ကျွန်တော့အနေနဲ့ ပြောရရင်တော့ ရှိနေမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အဖွဲ့အစည်းတွေနဲ့က ဒီမှာ ထိတွေ့မှုတွေက ဖြစ်လာနိုင်တယ်လေနော်၊ ဖြစ်လာနိုင်တော့ ကျွန်တော်တို့ ပြည်သူပြည်သားတစ်ယောက်အနေနဲ့ကတော့ စိုးရိမ်တယ်ဗျ၊ ထိတွေ့မှုတွေကနေ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာလို့ရှိရင်တော့ နှစ်ဘက်ထိခိုက်မှုတွေ ဖြစ်လာလို့ရှိရင်တော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သည်းညည်းမခံတဲ့ကိစ္စတွေဖြစ်လာရင်တော့ ဒီဆွေးနွေးပွဲကိုလည်း ထိခိုက်လာမှာ ကျွန်တော်တော့ စိုးရိမ်တာပေါ့နော်"
အပစ်ရပ် စစ်တိုင်း ငါးခုထဲမှာ မပါဝင်တဲ့ ရခိုင်ပြည်နယ်မှာလည်း ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက်အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်)