ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးနဲ့ ပို့ကုန်မူဝါဒအပြောင်းအလဲ ကောင်းမွန်တဲ့ ဖြေရှင်းနည်းမဟုတ်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၅ ရက်မနေ့မှာပဲ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၁၈၅၀ ကနေ ၂၁၀၀ ကျပ်ကို ပြောင်းလဲသတ်မှတ်ခဲ့သလို ပို့ကုန်လုပ်ငန်းတွေရဲ့ ရငွေကိုလည်း ၆၅ ရာခိုင်နှုန်းပဲ ဒေါ်လာနဲ့ပြန်လဲလှယ်ဖို့ အနည်းငယ် ဖြေလျှော့ခဲ့ပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် Asia World ဆိပ်ကမ်းမှ ကုန်သေတ္တာများအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၅ ရက်မနေ့မှာပဲ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၁၈၅၀ ကနေ ၂၁၀၀ ကျပ်ကို ပြောင်းလဲသတ်မှတ်ခဲ့သလို ပို့ကုန်လုပ်ငန်းတွေရဲ့ ရငွေကိုလည်း ၆၅ ရာခိုင်နှုန်းပဲ ဒေါ်လာနဲ့ပြန်လဲလှယ်ဖို့ အနည်းငယ် ဖြေလျှော့ခဲ့ပါတယ်။

ဒီလိုပြောင်းလဲတာတွေဟာ ကျဆင်းပြီး ရပ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့စီးပွားရေးအတွက် အသက်ရှူချောင်တဲ့ အခြေအနေတစ်ရပ်ဖြစ်လာနိုင်ပေမယ့် စီးပွားရေးကဏ္ဍအသီးသီး အတွက် အလုံးစုံကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခုတော့ ဖြစ်မလာနိုင်ဘူးလို့ လုပ်ငန်း ရှင်တွေနဲ့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

"ကမ္ဘာ့ဘဏ်တို့လို မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာထုတ်တဲ့ နိုင်ငံတကာအဖွဲ့တွေကလည်း မြန်မာ့စီးပွားရေးဟာ ကျတယ်လို့ဆိုတယ်"

ဗဟိုဘဏ်က ပုံသေအဖြစ်သတ်မှတ်တဲ့ ဒေါ်လာဈေးနဲ့ ဈေးကွက်ပေါက်ဈေးဟာ အများ ကြီးကွာဟနေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကစပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းတွေ ဒုက္ခ ရောက်ကြသလို ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကလည်း တက်လာနေပါတယ်။

အမည်မဖော်လိုတဲ့ ပဲလုပ်ငန်းရှင်တစ်ဦးကတော့ ဒီလိုပြောင်းလိုက်တာဟာ အားလုံးအဆင် ပြေသွားတာမျိုး မဟုတ်ပေမယ့် ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အကျိုးရှိနိုင်မယ်လို့ RFA ကို ပြောပါတယ်။

"လက်ရှိ ၁၈၅၀ ကနေ ၂၁၀၀ ကို ပြင်ပေးလိုက်တာနဲ့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကိုပဲ အပ်နှံဖို့ ကြေညာချက် ထွက်လိုက်တာက (၄) လပိုင်းကထွက်ခဲ့တဲ့ အမိန့်ကြေညာစာ နောက်ပိုင်းမှာ တော်တော်လေးဖြေလျှော့ပေးတဲ့ အနေအထားရှိတာပေါ့။ ဘာပဲပြောပြော အားလုံးပြည့်စုံသွားတယ်လို့ ပြောလို့မရဘူး။ သို့ပေမယ့်လည်း ဖြေလျှော့တာ တစ်ခုထွက်တဲ့အတွက် Exporter တွေအတွက် အများကြီးအကျိုးရှိတယ်"

ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ငွေကြေးထိန်းချုပ်ဖို့ နိုင်ငံခြားငွေကို နှုန်းရှင်ကနေ နှုန်းသေ ပြောင်းလဲလိုက်တာဟာ ၁၀ နှစ်ကျော် တည်ဆောက်လာခဲ့တဲ့ စီးပွားရေးပြောင်းလဲမှုကို ဖျက်ဆီးလိုက်တာလို့လည်း ဆိုပါတယ်။

ဗဟိုဘဏ်သတ်မှတ်ဈေး တက်သွားပေမယ့် ပြင်ပပေါက်ဈေး ပြန်ကျနိုင်တာကြောင့် ဈေးကွက်အတွင်းက အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ် ပြန်ကျသွားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

"စားအုန်းဆီဆိုရင် ၃၈၀၀ နဲ့ အစိုးရဆီ ပြောနေပေမယ့် တကယ့်အပြင်မှာ ရောင်းနေကြ တာ ၃၈၀၀ ဈေးနဲ့ အရောင်းဝယ်လုပ်လို့ရတာ မဟုတ်ဘူးလေ။ ကျန်တဲ့ တကယ့်အပြင် မှာက ရှစ်ထောင်တို့၊ ကိုးထောင်တို့ ဖြစ်နေကြတယ်။ ကျနော်ထင်တယ် အခုလက်ရှိ အစိုးရကပေးနေတဲ့ ဈေးနှုန်း ၁၈၅၀ ကနေ နည်းနည်းတက်သွားတာက ပြင်ပမှာရှိနေတဲ့ ဒေါ်လာဈေးနှုန်းလည်း ပြန်ကျနိုင်တယ်။ နောက်တစ်ခုကလည်း ဒေါ်လာတွေ နည်းနည်း ပြန်ထွက်လာနိုင်မယ့် အခြေအနေရှိတော့ ဒေါ်လာဈေးတွေ အနည်းငယ်ကျသွားရင် ကုန်သည်ဈေးနှုန်းတွေလည်း အနည်းငယ်ကျသွားနိုင်ပါတယ်"

တစ်ဖက်မှာလည်း ငွေကြေးဖောင်းပွမှုကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းတချို့ ရပ်ဆိုင်းသွားခဲ့ရသလို ကုန်သွယ်ရေးမှုဝါဒတချို့လည်း ထိခိုက်ခဲ့တာကြောင့် အခုလို ပြောင်းလိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်ပရင်းနှီးမြှပ်နှံမှုတချို့ ပြန်ထွက်ကုန်သလို အခုလို ပို့ကုန်/သွင်းကုန်လုပ်ငန်းတွေရဲ့ နိုင်ငံခြားငွေရရှိမှုအပေါ် ထိန်းချုပ်ကန့်သတ်ထားတာကြောင့် ဈေးကွက်အတွင်း စားသောက်ကုန်ကအစ ဈေးတွေထိုးတက်တဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်ကနေ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ ဈေးထိုးတက်နေလို့ ဈေးဖိုးကုန်ကျငွေ နှစ်ဆသုံးနေရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

"အရင်တုန်းက ငါးထောင်ဆိုတဲ့ဟာက ည မနက်စာ ရတယ်။ အခုဟာက ကိုးထောင်၊ တစ်သောင်းလောက်နဲ့မှ ရတယ်။ အကုန်တက်တာကိုး။ ငါးဆိုလည်း ဒီအတိုင်းပဲ ငါးက အရင်တုန်းက တစ်ထောင်လောက်ဝယ်ရတာ အခုဟာက နှစ်ထောင်ဖိုးလောက် ဝယ်တာတောင်မှ လောက်လောက်ငင ဆီပြန်ကို ည မနက် မရဘူးလေ။ မိသားစုအနေနဲ့ဆိုရင် အဲဒါတောင်မှ ဆီတို့ ဘာတို့ မပါသေးဘူး မီးဖိုချောင်စရိတ်ပဲ ရှိသေးတယ်။ အရင်တုန်းကဆိုရင် ဆီသုံးပိဿာပုံးတစ်ပုံးက တစ်သောင်းမရှိဘူး ရှစ်ထောင့်ငါးရာ။ အခုဆိုရင် နှစ်သောင်းကျော်သွားပြီလေ"

အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း အလုပ်လက်မဲ့များလာတဲ့ သူတို့မိသားစုမှာ ဝင်ငွေနဲ့ထွက်ငွေ မမျှတတာကြောင့် ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့က အိမ်ထောင်ရှင်မတစ်ဦးကလည်း ဗဟိုဘဏ်က ဒေါ်လာပေါက်ဈေး တရားဝင်တိုးမြင့်လာတဲ့နောက် မရှိမဖြစ်သုံးရတဲ့ ဆေးဝါးတွေ ဝယ်မရ၊ ပစ္စည်းပြတ်လပ်မှာကို စိတ်ပူနေရတယ်လို့ ပြောပါတယ်။

“ဈေးတွေကတော့ အကုန်တက်တာ၊ အစစအရာရာ အကုန်တက်တာ။ ဒေါ်လာဈေး တက်လာတယ်။ ဗဟိုဘဏ်ပေါက်ဈေးလည်း တက်လာတော့ ဘာကိုသွားပြီးစိတ်ပူလဲဆိုရင် ဆေးကိုစိတ်ပူတယ်၊ ကျန်တာတွေက လျှော့လို့ရတယ်။ ဆေးကတော့ မသုံးလို့ မဖြစ်တဲ့အရာလေ။ အရင်ကဆို ဆယ်ကတ်ဈေးဆိုတာရှိပေမယ့် ပြီးခဲ့တဲ့လကဆို မရှိတော့ဘူး“

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်တွင် ဆေးဝယ်ယူရန် တန်းစီနေသူများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ရောဂါကပ်ဘေးနဲ့ နိုင်ငံရေးအခြေနေတွေအရ ပြည်သူတွေ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေကြတာကြောင့် ရှိတာကိုတောင် ထုခွဲရောင်းချ ဖြေရှင်းနေကြရတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော် ကာလအထိ စီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို စစ်ကောင်စီက တိတိကျကျ မချမှတ်နိုင်သလို စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပြန်ကုန်ပြီး နောက်ဆက်တွဲအနေနဲ့ မြန်မာ့စီးပွာရေး ကျပ်တည်းလာတာလို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အရင်ထုတ်ပြန်တားမြစ်တာတွေ အဆင်မပြေဘူးဆိုတာ သိလာလို့ အခုလို ပြန်ပြောင်းလာတာ ဖြစ်တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

"ခိုင်ခိုင်မာမာ မူဝါဒမျိုးအနေနဲ့ မချမှတ်နိုင်ဘူး။ Finical Seter မှာ နိုင်ငံခြားငွေတင် မကဘူး ဘဏ်လုပ်ငန်းတွေအားလုံး ထုတ်တဲ့လစ်မစ်တွေကို ကန့်သတ်တာတို့ ဘာတို့ ပေါ့နော်။ အခုလည်း ဒီအတိုင်းပဲ နိုင်ငံခြားငွေကို Fixed လုပ်ကြည့်တယ်။ ၁၈၅၀ နဲ့ အားလုံး ၁၀၀ ရာခိုင်နှုန်းလဲရမယ်လို့ လုပ်တယ်။ အဆင်မပြေဘူး။ အဆင်မပြေလို့ အခုပြန်ပြီးတော့ နှုန်းတစ်ခု သတ်မှတ်တယ်ပေါ့။ မြန်မာ့စီးပွားရေးဟာ ကျဆင်းတယ်ပေါ့။ ဒါကလည်း ပြည်သူတွေကြားမှာလည်း စီးပွားရေးမကောင်းဘူး။ ကုန်ဈေးနှုန်းတွေ တက်တယ်။ ကမ္ဘာ့ဘဏ်တို့လို မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာထုတ်တဲ့ နိုင်ငံတကာအဖွဲ့တွေကလည်း မြန်မာ့စီးပွားရေးဟာ ကျတယ်လို့ ဆိုတယ်"

ကမ္ဘာ့ကုန်စည်ဈေးနှုန်းမြင့်မားတာ ကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာ ဆက်လက်မြင့်မားနေမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ၂၁ ရက်နေ့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီးပွားရေး လေ့လာသုံးသပ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စစ်ကောင်စီအနေနဲ့ မူဝါဒတွေ အပြောင်းအလဲတွေ ဘယ်လောက်လုပ်လုပ် နိုင်ငံရေးအခြေအနေ မတည်ငြိမ်သရွေ့ မြန်မာ့စီးပွားရေးဟာ အာရှဒေသတွင်းမှာတောင် ပြန်လည်ဦးမော့လာနိုင်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org