ကလေးတွေ စစ်ဘေးဒုက္ခသည်ဘဝနဲ့ စိတ်ဒဏ်ရာတွေ ခံစားနေရ

ကမ္ဘာတစ်ဝန်းက ကလေးငယ်သန်း ၄၅၀ တစ်နည်းအားဖြင့် ကလေးခြောက်ယောက်မှာ တစ်ယောက်နှုန်းက ပဋိပက္ခဒေသတွေမှာ နေထိုင်နေရတယ်လို့ အမေရိကန်အခြေစိုက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြပါတယ်။

(စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်က ကလေးငယ်တွေကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။) Photo:AFP

စစ်ရဲ့အနိဋ္ဌာရုံထဲ လူသားစွမ်းရည်အတွက် အခြေခံအကျဆုံးဖြစ်တဲ့ကလေးတွေရဲ့ငယ်ဘဝမှာ ရရှိသင့်တဲ့သုခနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ရိုက်ချိုးခံနေရပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်စစ်မဆင်နွှဲခင် ကမ္ဘာတစ်ဝန်းက ကလေးငယ်သန်း ၄၅၀ တစ်နည်းအားဖြင့် ကလေးခြောက်ယောက်မှာ တစ်ယောက်နှုန်းက ပဋိပက္ခဒေသတွေမှာ နေထိုင်နေရတယ်လို့ အမေရိကန်အခြေစိုက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီက စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ ယူကရိန်းစစ်မတိုင်ခင်ကပဲ စစ်ဘေးဒုက္ခသည်ကလေးဦးရေ တိုးလာပါတယ်။ အရင်ကတိုင်းရင်းသားဒေသတွေမှာပဲ စစ်ပြေးဒုက္ခသည်တွေ ရှိခဲ့ပေမယ့် အခုတော့ ပြည်မမှာပါရှိလာပါပြီ။

ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တွေနဲ့ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ အရပ်သားတွေ၊ ကလေးတွေ၊ အမျိုးသမီး၊ အမျိုးသားတွေဟာ အသက်ဘေးကလွတ်ရာလွတ်ကြောင်း နေရပ်ကစွန့်ခွာထွက်ပြေးကြရပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ လူငါးသိန်းကျော် အိုးအိမ်တွေကစွန့်ခွာထွက်ပြေးရတယ်လို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA )က ဧပြီလ ၁၉ ရက်က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ကိုယ်တိုင်လက်နက်ကိုင် တိုက်ခိုက်တာမဟုတ်ဘဲ ကလေးတွေအပါအဝင် အရပ်သားတွေဟာ နေ့ချင်းညချင်း စစ်ဘေးဒုက္ခသည်ဖြစ်ရပါတယ်။ စစ်ကောင်စီက တိုက်ရဟတ်ယာဉ်အပါအဝင် မြေပြင်ထိုးစစ်နဲ့ပါ ရွာတွေကို စီးနင်းတိုက်ခိုက်လို့ ဘေးလွတ်ရာထွက်ပြေးရတဲ့သူတွေထဲ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကလေးငယ်မတင်ဦးလည်း ပါဝင်ပါတယ်။

“သမီးတို့မှာနေစရာဆိုလည်း မရှိတော့ပါဘူး။ အဲဒီအိမ်ကြီးပြန်ဆောက်ဖို့ဆိုတာလည်း မလွယ်တော့ပါဘူး။ အိမ်အကောင်းစားကြီးလည်း မနေနိုင်တော့ပါဘူး။”

အရွယ်နဲ့မမျှအောင် သောကတွေနဲ့ ခိုလှုံစရာ၊ လုံခြုံရာနေအိမ် ပျောက်သွားတဲ့ ဒီလိုကလေးတွေဟာ စိတ်ဒဏ်ရာကို ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားမယ့် အနေအထားမှာရှိပါတယ်။

စစ်ဖြစ်ပွားရင် ကလေးတွေသေဆုံးရ၊ ဒဏ်ရာရကြ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ၊ အဟာရချို့တဲ့ကြရ၊ မသန်စွမ်းဖြစ်ရတာတွေက စစ်ရဲ့နောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေဖြစ်ပါတယ်။ စစ်နဲ့ပဋိပက္ခကြုံပြီးနောက် စိတ်ဒဏ်ရာဒဏ်ချက်တွေကျန်ခဲ့ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေစွဲကပ်တာက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပါတယ်။

(၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ တွေ့မြင်ရတဲ့ ကလေးငယ်တွေ။ Photo: AFP)

ဒီလို စိတ်ပိုင်း၊ရုပ်ပိုင်း ထိခိုက်ရုံမက စစ်မက်ကြောင့် ကျောင်းပညာရေးကို လက်လွှတ်လိုက်ရတဲ့ အပိုင်းလည်းရှိတယ်လို့ အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊လော့အိန်ဂျလိစ်မှာ နေထိုင်နေတဲ့ဒေါက်တာအေးဆွေဆွေက ပြောပါတယ်။

မြန်မာနိုင်ငံကကလေးတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေနဲ့ လက်တွေ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာရုံးက ပြောပါတယ်။Covid-19 ကပ်ရောဂါ၊ ရာသီဥတုနဲ့ ဆက်နွယ်တဲ့ သဘာဝဘေးဒုက္ခအန္တရာယ်၊ ဆင်းရဲမှုနှုန်းတက်လာတာနဲ့ အများပြည်သူဝန်ဆောင်မှုကဏ္ဍ ပြိုလဲမှု၊ ပဋိပက္ခနဲ့ အကြမ်းဖက်မှုအရှိန်မြင့်လာတာအပါအဝင် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ၁၄ ဒသမ ၄ သန်း အတွက် လူသားချင်းစာနာမှုအကူအညီလိုတယ်လို့ ပြောပါတယ်။ အဲ့ဒီအထဲမှာ ကလေးငါးသန်းပါဝင်ပါတယ်။

ကလေးတွေဘဝအတွက် တကယ့်အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျောင်း၊ကျန်းမာရေးစောင့်ရှောက်မှု၊ ခိုလှုံနေထိုင်စရာ၊ ရေနဲ့ရိက္ခာကို လက်နက်ကိုင်ပဋိပက္ခက ဖျက်ဆီးလိုက်ပါတယ်။

ကလေးတွေဟာ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း၊ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နေပြီး ကျောင်းစာတွေ လုပ်ရမယ့်အချိန်မှာ အပြစ်မရှိဘဲ ကိုယ်တိုင်မပါဝင်၊ မပတ်သက်ဘဲ စစ်ရဲ့ဓားစာခံ ဖြစ်နေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org