အာဏာသိမ်း ၂၂ လအတွင်း ချင်းပြည်နယ်မှာ သေဆုံးသူ ၃၅၅ ဦးအထိ ရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂ဝ၂၂ နိုဝင်ဘာလ ၃၀ ရက်အထိ ၂၂လအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူနဲ့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၃၅၅ ဦး သေဆုံးခဲ့ပြီး ချင်းပြည်နယ်အတွင်းက အိမ်ခြေစုစုပေါင်း ၁၅ဝ၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝရက်နေ့မှာ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ AFP

စစ်တပ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂ဝ၂၂ နိုဝင်ဘာလ ၃၀ ရက်အထိ ၂၂လအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူနဲ့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၃၅၅ ဦး သေဆုံးခဲ့ပြီး ချင်းပြည်နယ်အတွင်းက အိမ်ခြေစုစုပေါင်း ၁၅ဝ၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝရက်နေ့မှာ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ ပြည်သူ ၁၆၇ ဦးနဲ့ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၈၆ ဦး ပါဝင်ပြီး အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေး ၂၄ ဦး၊ အသက်ခြောက်လနဲ့ ခုနှစ်လသား နို့စို့ကလေးငယ် ၂ ဦးပါဝင်တယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြထုတ်ဖော်လို့ သေနတ်နဲ့ ပစ်သတ်ခံရသူ ၁ဝဦးပါဝင်ပြီး မီးရှို့အလောင်းဖျောက်ခံရသူ ပြည်သူ ကိုးဦးရှိခဲ့တယ်လို့ ပြောပါတယ်။

အာဏာသိမ်း ၂၂လအတွင်းမှာ ချင်းပြည်နယ်က ခရစ်ယာန်ဓမ္မဆရာ ၄ဦးလည်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ဘုရားကျောင်း ၁ဝကျောင်းကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွေးစန်က RFA ကို ပြောပါတယ်။

“အဲ့စာရင်းကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးမှ အတတ်နိုင်ဆုံး၊ အမှန်အကန်ဆုံးဖြစ်အောင် လုပ်ထားတာ ဖြစ်ပါတယ်။ ဘုရားကျောင်းဖျက်ဆီးခံရမှုတွေလည်း ရှိပါတယ်။ ဘုရားကျောင်းက ကျွန်တော်တို့ စာရင်းရထားတဲ့အတိုင်းဆိုရင် ဒီချင်းပြည်နယ်အတွင်းမှာကို ဘုရားကျောင်းပျက်စီးတာကို ၁ဝကျောင်းဝန်းကျင်လောက်ရှိပါတယ်။”

သေဆုံးသူတွေထဲမှာ နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဖလမ်းမြို့ နယ် ဘွာလ်သဲကျေးရွာက အသက် ၅၆ နှစ်အရွယ် မသန်စွမ်း ဦးဟောက်ကျုံးနူးလည်း ပါဝင်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖလမ်းမြို့နယ် ဘွာလ်သဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ဦးဟောက်ကျုံးနူးဟာ သေနတ်ဒဏ်ရာတွေနဲ့ သူ့ရဲ့အိမ်အနီးအနားမှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘွာလ်သဲရွာသားတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ထွက်ပြေးတဲ့ ချိန်မှာ သူကိုလည်းထွက်ခိုင်းတာ။ သူက မလိုက်ချင်ဘူးဖြစ်နေတာ။ သူကနားတွေမကောင်းဘူး။ သူကဘာမှ အသံတွေကြားရမှာမဟုတ်ဘူး။ ကျွန်တော်တို့ ထွက်ပြေးတုန်းက မလိုက်တာ ရွာမှာကျန်ခဲ့တာ နှစ်ယောက်ရှိတယ်။ သူအိမ်နား အိမ်နဲ့ ပေတစ်ရာခန့် အကွာမှာ ပစ်သတ်ခံရတာ”

ချင်းပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်လာသူတွေကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မင်းတပ်မြို့နယ် ပလုံတွီကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံလေးဦးကို သတ်ဖြတ်မီးရှို့ခဲ့ပြီး ခုနှစ်ဦးကို ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အသတ်ခံရတဲ့ ရုပ်အလောင်းတွေဟာ မီးရှို့ခံထားရပြီး ဘယ်သူဘယ်ဝါ ခွဲခြားဖို့ ခက်ခဲတာကြောင့် အခုချိန်ထိ သေချာမသိရသေးဘူးလို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရ ကိုယောမာန်က ပြောပါတယ်။

“ပလုံတွီကျေးရွာက လေးယောက်ကတော့ အလောင်းတွေ့တယ်ပေါ့။ ကျန်တဲ့သူကတော့ ခေါ်သွားတာ။ ခေါ်သွားတဲ့သူတွေက အဆက်အသွယ်မရသေးဘူး။ အခုထက်ထိ။ စစ်တပ်ထဲခေါ်သွားတယ်ပြောတယ်။ ရှင်းရှင်းပြောရရင် အလောင်းတွေပဲ ကျန်ခဲ့တာ။ မီးရှို့ထားတဲ့အလောင်းတွေ၊ လူသတ်ထားတဲ့ အလောင်းတွေပဲ ကျန်ခဲ့တော့ ဘယ်သူဘယ်ဝါ ဖော်ထုတ်ရခက်တယ်။ ရွာခံလည်း နှစ်ယောက်ပါတယ်။ စစ်ဘေးရှောင်တွေဆိုတော့ ရွာခံတွေကိုလည်း မေးလည်း မသိကြဘူး။”

စစ်ဘေးတိမ်းရှောင်ရင်း ဆေးကုသခွင့်မရရှိတာကြောင့် သေဆုံးရသူ ၁၇ ဦးရှိပြီး ချင်းပြည်နယ်အတွင်း တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး‌ဒုက္ခသည်တွေဟာ တောတောင်တွေမှာ တောင်ယာခုတ်ပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန်ပက်လက် စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“တချို့က ဆွေမျိုးအသိုင်းအဝိုင်းကျေးရွာတွေကို သွားပြီးတော့ စစ်ရှောင်ကြတာပေါ့နော်။ အခင်းတွေ ဘာလေးတွေ ငှားရမ်းပြီးတော့ တောင်ယာလေးတွေ ခုတ်ကြပြီး နေထိုင်ကြတာရှိတယ်။ ရာသီပင် တောင်ယာလေးတွေကို လုပ်ပြီးတော့ နေထိုင်စားသောက်ကြတာ။ အထိခိုက်ဆုံးကတော့ ပညာရေးပဲ အဲဒီ တစ်စုတစ်စည်းထဲ မနေတဲ့အခါကျတော့ ကျောင်းနေရဖို့ အရမ်းခက်ခဲတယ်။ နောက်ပြီးတော့ စားနပ်ရိက္ခာလည်း လိုအပ်တယ်။ အဓိက ကျန်းမာရေးနဲ့ စားနပ်ရိက္ခာအဓိကလိုအပ်တယ်။”

ချင်းပြည်နယ်မှာ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ချင်းပြည်နယ်မှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ လာမယ့် မတ်လမှာ ကျင်းပမယ့် UN လူ့အခွင့်အရေးပွဲမှာ ချင်းပြည်နယ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေနေတွေကို တင်ပြနိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

“ကလေးသူငယ်အခွင့်အရေးအပြင် ချင်းပြည်နယ်မှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးတချိုးဖောက်မှုတွေအားလုံးအတွက် တရားမျှတမှုရရှိနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ ရှာကြံနေပါတယ်။ UNရဲ့ လူ့အခွင့်ရေး ယန္တရားအားလုံးကို အသုံးချဆောင်ရွက်နေသလို လာမယ့်နောက်နှစ် မတ်လမှာ ကျင်းပမယ့် UN Human Right Counsel Section မှာ ချင်းပြည်နယ် လူ့အခွင့်အရေး အခြေနေအရပ်ရပ်တွေကို အထူးဖော်ပြတင်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါအပြင် Universal Jurisdiction ကို အသုံးချပြီးတော့ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံ တွေမှာ တရားစွဲဆိုနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဒေသခံ ၄ သောင်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံနေရသူ ဒေသခံ ၅ သောင်းကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org