ချင်းဒေသရဲ့ လိုအပ်ချက်ကို နားလည်တဲ့ အုပ်ချုပ်သူတွေကိုပဲ ဒေသခံတွေလိုလား

ချင်းပြည်နယ်က ဒေသခံတချို့ဟာ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြောက်ခဲ့တဲ့ အစိုးရတွေအပေါ်မှာ အားရကျေနပ်မှု နည်းနေတာကိုတွေ့ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူကို ချင်းတိုင်းရင်သားတွေက လိုလားနေကြပါတယ်။

ချင်းလူမျိုးတွေကို ရန်ကုန်မြို့မှာ ၂၀၂၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကကျင်းပတဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ တွေ့ရစဉ် Photo: Wai Mar Tun / RFA

ချင်းပြည်နယ်က ဒေသခံတချို့ဟာ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြောက်ခဲ့တဲ့ အစိုးရတွေအပေါ်မှာ အားရကျေနပ်မှု နည်းနေတာကိုတွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူကို ချင်းတိုင်းရင်သားတွေက လိုလားနေကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတက်လာတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရရော ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာပါ ချင်းပြည်နယ် ဒေသခံတွေက အားမရဖြစ်နေတာပါ။

လက်ရှိ ချင်းပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်တိုးတက်ဖို့ ဆောင်ရွက်တဲ့အပိုင်းမှာ တချို့ကိုကျေနပ်မှုတွေရှိသလို လွဲချော်သွားတဲ့ အပိုင်းတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချင်းပြည်နယ် အစိုးရဟာ ပြည်သူတွေရဲ့အခြေခံ လိုအပ်ချက်တွေကို တကယ် နားလည်တဲ့သူတွေ ဖြစ်စေချင်တယ် လို့ တီးတိန်လူငယ် အထွေထွေအတွင်းရေးမှူး CS Mung No က ပြောပါတယ်။

“ကိုယ်စားလှယ်အားလုံးက ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ နိုင်တဲ့သူတွေ ပြီးတော့မှ လွှတ်တော် အစည်းအဝေးကနေ ပြန်လာပြီး ပြည်သူဆီမှာ ဒီလွှတ်တော် အစည်းအဝေးမှာ ဒီဟာတွေဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ဒီဥပဒေတွေကို ပြဌာန်းခဲ့ပါတယ် ဆိုတဲ့ဟာလေကို ချပြနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ပြီးတော့မှ သူလွှတ်တော်မသွားခင်မှာ ပြည်သူလူထုနဲ့ တွေ့ ဆုံပြီးတော့မှ ကျနော် လွှတ်တော် တက်ရောက် တော့မယ်ဆိုတော့ လွှတ်တော်ထဲမှာ ဘာတွေအဆို တင်သွင်းသင့်လဲ ပြည်သူလူထုနဲ့ များများတွေ့ဆုံပွဲ ပြုနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် လိုချင်တယ်။ ဒီ တီးတိန်မြို့နယ်တိုးတက်ဖို့ ချင်းပြည်နယ်တိုးတက်ဖို့ ဆိုရင် အမျိုးသားလွတ်တော်မှာ တကယ်ပြောဆိုနိုင်သူ တကယ့် တကယ်ပြည်သူလူထု ကိုယ်စားလှယ်ဖြစ်ဖို့ ပြည်သူလူထုရဲ့ ကိုယ်စားနဲ့သွားနိုင်တဲ့ကိုယ်စားလှယ်ကို လိုချင်တယ်။ ၂၀၂၀ မှာ ချင်းပြည်နယ်မှာ ဘယ်လို အစိုးရမျိုးတက်စေချင်လဲဆိုတော့ ပြည်သူလူထုရဲ့ လိုအပ်ချက် လိုလားချက်တွေကို ကောင်းကောင်းမွန်မွန် သိတဲ့သူ တကယ့်လက်တွေ့မှာ ခံစားတဲ့သူကို ကျနော်တို့လိုချင်တယ်။”


ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွေထွေရေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော် သမ္မတကိုရွေးချယ်ပါတယ်။ သမ္မတကနေမှ ပြည်ထောင်စုနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြတာပါ။ ချင်းတိုင်းရင်းသား ဒေသခံတွေကတော့ ပြည်နယ်အစိုးရကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရဖို့ လိုလားနေကြပါတယ်။

ချင်းပြည်နယ် တိုးတက်ဖို့ဆိုရင် ချင်းတိုင်းရင်းသားတွေကိုယ်တိုင် ရွေးချယ်ဖွဲ့စည်းထားတဲ့အစိုးရမျိုး ဖြစ်စေ ချင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ချင်းပြည်နယ် တိုးတက်ဖို့အတွက်ဆိုရင် ချင်းလူမျိုးတွေမှာ တာဝန်ရှိတယ်၊ ကချင်ပြည်နယ် တိုးတက်ဖို့အတွက် ကချင်ပြည်နယ်ပြည်သူတွေမှာ တာဝန်ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်တိုးတက်ဖို့အတွက် ချင်းလူမျိုးများဖြင့် ဖွဲ့စည်းသော အစိုးရပဲ ဖြစ်မယ်လို့ ကျနော်တင်ပြလိုပါတယ်။”

တီးတိန်မြို့ မြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးကမ်းလျန်ထန် ပြောသွားတာပါ။

ချင်းပြည်နယ် လွှတ်တော်ကို ကုန်ကျစရိတ်များစွာသုံးစွဲ ဆောက်လုပ်တာ၊ လွတ်လပ်ရေးကျောက်တိုင်ကို သန်း ၆၀ ကုန်ကျခံ တည်ဆောက်တာ၊ ကုန်ကျစရိတ်အများကြီးသုံးပြီ  ချင်းပြည်နယ်အတွက် အရေးတကြီး လိုအပ်နေတာ မဟုတ်တဲ့ လေယာဉ်ကွင်း တည်ဆောက်တာကအစ ဝေဖန်မှုတွေရှိနေပါတယ်။

မြို့နယ်အလိုက် မတူညီတဲ့ လိုအပ်ချက်တွေကိုကြည့်ပြီး ဘတ်ဂျက် ခွဲတဲ့အခါမှာ မျှမျှတတနဲ့ ခွဲပေးစေချင်တယ်လို့ နည်းပညာတက္ကသိုလ်တက်နေတဲ့ ကျောင်းသား ကိုကမ်းခန့်လိမ်က ပြောပါတယ်။

“ချင်းပြည်နယ်မှာ မြို့နယ်တွေအကုန်လုံးက လိုအပ်ချက်တွေရှိတယ်၊ တစ်ခုနှင့် တစ်ခုမတူဘူးပေါ့နော်၊ တစ်မြို့ကျတော့ လမ်းပန်းဆက်သွယ်ရေးလိုအပ်တာရှိမယ်၊ တစ်မြို့ကျတော့ လျှပ်စစ်မီးလိုအပ်တာရှိမယ် နောက်တစ်ခုကျတော့ ဖွင့်ဖြိုးရေးအပိုင်းရှိမယ် မတူဘူးပေါ့နော်၊  ဒါပေမဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ချင့်ချိန်ပြီးတော့မှ ဒီမြို့ကို ဦးစားပေးမယ် ဒီမြို့ကျတော့ ဒီလိုမျိုးထားခဲ့တယ် ဆိုတာမရှိဘဲနဲ့ မျှမျှတတလုပ်မယ့် အစိုးရမျိုးကိုလိုချင်တယ်၊ တန်းတူဆက်ဆံပေးတော့မှ တန်းတူအခွင့်အရေးပေးတဲ့ အစိုးရမျိုးကိုလိုချင်တယ်”

ပြည်နယ်အစိုးရ အဖွဲ့ ဖွဲ့စည်းရေးအပြင် ဒီမိုကရေစီနစ်နဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာပါ ဒေသခံ ချင်းတိုင်းရင်သားတချို့က အားမလို အားမရ ဖြစ်နေတာပါ။

ချင်းပြည်နယ်က မြို့နယ်တွေမှာ အမျိုးသာလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အတွက် ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက ချင်းပြည်နယ်မှာ နေထိုင်သူဖြစ်ဖို့ အရေးကြီးတဲ့အပြင် ပြည်သူလူထုရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို သိတဲ့သူတွေက လွှတ်တော်မှာ နေရာယူစေချင်တယ်လို့ ချင်းပြည်နယ် တရားလွှတ်တော်ရှေ့နေ ဒေါ်ကမ်းခန့်ဒိမ်းက ပြောပါတယ်။

“ကျမတို့ ချင်းပြည်နယ်လို့ဆိုကတည်းက လွှတ်တော်ကိုစားလှယ်တွေလည်း ချင်းပြည်နယ်မှာ နေထိုင်သောသူ ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ဒေသမှာ အခြေခံလိုအပ်ချက် ဘာတွေလဲ အဓိကသိစေချင်တာ သိတဲ့ဖြစ်ဖို့လိုတယ် အစိုးရကလည်း အစိုးရလုပ်ရမယ့် အခန်းကဏ္ဍကို  ထဲထဲဝင်ဝင်သိတဲ့သူ တတ်ပြီးသားကို လိုချင်တယ်။ လွှတ်တော်ကိုယ်စားလှယ်ကလည်း သူတို့လုပ်ရမယ့်အလုပ်က သုံးရပ်ပဲရှိတယ်။ အဲဒီသုံးရပ်ကို မပြောတော့ဘူး သိတဲ့သူဝင်ပါစေ။ ဖွဲ့စည်းပုံအခြေခံ ယဇာ(၂)ထဲမှာပါတဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးကို တောင်းပေးနိုင်သော သူ ဖြစ်မယ်။ အမျိုးသမီးများနဲ့ ကလေးရဲ့ အခွင့်အရေးကို သေချာတောင်းပေးနိုင်တဲ့သူဖြစ်စေချင်တယ်။ ကျမတို့ ချင်းပြည်နယ်မှာဆိုရင် အမျိုးသမီးတွေအတွက် အခွင့်အရေးက အသိပညာနည်းပါးတဲ့နေရာဖြစ်တယ်။ ဒါပြီးတော့ ဥပဒေကို  နားလည်သော လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့  အရမ်းအရေးကြီးတယ်။ အဲဒါတွေ ကိုလည်းရဖို့ မျှော်လင့်ပါတယ်။ အဲဒီလူတွေပါလာရင်တော့ ကျမတိုကလည်း မဲပေးဖို့ အဆင်သင့်ပါလို့ ပြောပြချင်ပါတယ်။”

လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲကနေ တက်လာမယ့် ချင်းပြည်နယ် အစိုးရအဖွဲ့ဟာ ချင်းပြည်နယ်အတွက် အမှန်တကယ်လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်တဲ့ ပုံစံမျိုးဖြစ်လာဖို့ ဒေသခံတွေက လိုလားကြပါတယ်။

ဒါ့အပြင် ကိုယ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေအတွက် လုပ်ပေးတာမျိုး မဟုတ်ဘဲနဲ့ ချင်းပြည်နယ် တစ်ခုလုံး ဒေသ တစ်ခုလုံးရဲ့ လိုအပ်ချက်တွေကို မျှမျှတတနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org