ရန်ကုန်ရောက် စစ်ဘေးဒုက္ခသည်ကလေးတွေ ကျောင်းတက်ဖို့ အကူအညီလိုအပ်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကိုရောက်ရှိနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ချင်းတိုင်းရင်းသားတွေထဲမှာ ကျောင်းနေအရွယ် ၆၀ ကျော်ဟာ အခုစာသင်နှစ်မှာ ပညာဆက်လက် သင်ကြားနိုင်ဖို့ အကူအညီ လိုအပ်နေပါတယ်။
-
သန့်ဇင်ဦး
2020-07-19 -
-
-
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကိုရောက်ရှိနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ချင်း တိုင်းရင်းသားတွေထဲမှာ ကျောင်းနေအရွယ် ၆၀ ကျော်ဟာ အခုစာသင်နှစ်မှာ ပညာဆက်လက် သင်ကြားနိုင်ဖို့ အကူအညီ လိုအပ်နေပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲနယ်မြေက ဒေသခံတွေဟာ ပိုမိုလုံခြုံတဲ့ နေရာကို တိမ်းရှောင် နေကြပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မီးလက်ဝရွာနဲ့ စိမ်းစင်းရွာက ချင်းတိုင်းရင်းသားတွေကတော့ ရန်ကုန်မြို့အထိ တိမ်းရှောင် ခိုလှုံလာကြပါတယ်။
မတ်လ ကတည်းက မှော်ဘီမြို့နယ် စာဖြူစုရပ်ကွက်ထဲကို ရောက်နေကြတဲ့ သူတို့အထဲမှာ မူလတန်းကနေ ဆယ်တန်းအထိ စုစုပေါင်း ၆၆ ယောက်ရှိပြီး ကျောင်းပြန်ဖွင့်တဲ့ရာသီမှာ သူတို့ ကျောင်း ဘယ်လိုဆက်တက်ရမလဲ ဆိုတာ မသိရသေးတဲ့အခြေအနေပါ။
စစ်ဘေးရှောင်မိသားစုတွေထဲက ကျောင်းနေအရွယ် ယောကျာ်းလေး ၄၂ ယောက်နဲ့ မိန်းကလေး ၂၄ ယောက် ကျောင်းတက်နိုင်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံ ခရစ်တော်ရဲ့အသင်းတော် သင်းအုပ်ဆရာ ဦးထွန်းနိုင်က RFA ကို ပြောပါတယ်။
"လောလောဆယ် ထောက်ပံ့မယ့်သူရော အကူအညီပေးမယ့်သူရော မရှိသေးဘူးပေါ့ဗျာ၊ ပညာရေးဌာန ကလည်း အသိတွေမရှိတဲ့အခါကြတော့ ဒီနှစ်ကျောင်းအပ်ရင်တော့ ဘာတွေ ဘာတွေလိုမယ်ဆိုတာ လောလောဆယ်မှာ ကျွန်တော်တို့မသိရသေးဘူး၊ ချိတ်ဆက်ထားတာလည်းမရှိဘူးဗျ၊ ဘာလို့ဆို ကျွန်တော်တို့ ဒီမှာ ရောက်လာကတည်းက အချိတ်အဆက်နဲ့ရောက်လာတာ မဟုတ်တဲ့အတွက် သူများတွေ မီဒီယာတွေ ဘာတွေ ရောက်လာမှပဲ တင်ပြမှပဲ၊ ဘယ်လိုမှလည်း ကျွန်တော်တို့အနေနဲ့က လုပ်ပေးလို့ မရဘူးလေ၊ အခုအချိန်မှာ ကိုယ့်မိသားစုအရေးတောင်မှ မနိုင်မနင်း ထမ်းနေရတဲ့အချိန်ဖြစ်နေတာ့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှလုပ်ပေးနိုင်စွမ်းလည်းမရှိဘူးပေါ့ဗျာ။"
အသင်းတော်ဟာ ဒီစစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးအတွက် စီစဉ်ပေးထားသလို ပရဟိတအဖွဲ့ တချို့ ကလည်း ထောက်ပံ့ပေမယ့် ပညာရေးအတွက်တော့ အကူအညီမဲ့နေပါတယ်။
မှော်ဘီရောက်နေသူတွေထဲမှာ ဆယ်တန်းတက်ရမယ့် သုံးယောက်လည်းပါဝင်ပြီး သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ မနန်းရွှေက တိုက်ပွဲနဲ့ ဝေးတဲ့နေရာဖြစ်လို့ ကျောင်းတက်နိုင်မယ်လို့ ယူဆနေပါတယ်။
"ကျောင်းတက်ချင်တယ်၊ ကိုယ့်ရွာမှာ ဆိုရင် ကျောင်းတက်ချင်ပေမယ့် မရဘူး၊ ဒီကိုရောက်လာခဲ့တယ် ဆိုတာကလည်း အခက်အခဲတွေကြောင့် ရောက်လာရတာ၊ အခု ဘယ်လိုလုပ်ရမယ် မသိသေးဘူး၊ ကျောင်း တက်မယ်ဆိုတာလည်း မသိသေးဘူး၊ စဉ်းစားနေတုန်းပေါ့၊ စိတ်မကောင်းဘူးပေါ့၊ ကျောင်းတက်လို့ မရမှာကို စိုးရိမ်တယ်။"
RFA က မေလကုန်က သတင်းသွားရောက်ရိုက်ကူးစဉ်မှာ မနန်းရွှေ ဖြေဆိုခဲ့တာပါ။
မူလတန်း ကလေးသုံးယောက်မိခင် ဒေါ်ဟွေ့ရိန်ကလည်း ပလက်ဝမှာ ဆက်နေရင် တိုက်ပွဲကြောင့် သားသမီးတွေ ပညာရေးဆုံးရှုံးမှာ စိုးရိမ်ခဲ့တာပါ။ ရန်ကုန်မှာတော့ အကူအညီပေးမယ့်သူတွေ ရှိမယ် ဆိုပြီး မျှော်လင့်နေတာပါ။
မှော်ဘီရောက် ကျောင်းနေအရွယ် စစ်ဘေးဒုက္ခသည်တွေ ပညာသင်ကြားနိုင်ရေးနဲ့ပတ်သက်လို့ နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်နေတဲ့ မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အုပ်ချုပ်ရေးပိုင်းကို အကူအညီတောင်းထားတယ်လို့ ပြောပါတယ်။
"မှော်ဘီမြို့နယ် အုပ်ချုပ်ရေးနဲ့တော့ ဆောင်ရွက်နေတယ်လို့ သတင်းကြားပါတယ်၊ တစ်ခေါက် သွားကြည့်တယ်၊ သူတို့အခြေအနေကို မေးပြီးတော့ အုပ်ချုပ်ရေးပိုင်းကို ပြောထားတယ်၊ အဲဒါကို လိုအပ်သလို ဆောင်ရွက်ပေးပါ ဆိုပြီးတော့၊ အုပ်ချုပ်ရေးပိုင်းကလည်း ဆောင်ရွက်နေတယ်လို့ ကြားပါတယ်၊ သောကြာနေ့ကိုပြန်မယ် ၊စနေနေ့ကိုတော့ သွားကြည့်လိုက်ပါမယ်။"
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးရေး အစီအစဉ်တွေကြောင့် စာမေးပွဲအောင်စာရင်းထွက်မယ့် ရက်နဲ့ စာသင်နှစ်အသစ် စတက်ရမယ့် ရက်တွေ ပုံမှန်ထက် နောက်ကျနေပေမယ့် လက်ရှိမှာတော့ အထက်တန်းတွေ အတွက် ကျောင်းအပ် လက်ခံနေပြီး လာမယ့်လမှာတော့ အလယ်တန်းနဲ့ မူလတန်းတွေကို ဆက်လက် ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကတည်းက စတင်ခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းနီးပါးဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတာပါ။ စစ်ဘေး ဒုက္ခသည်တွေထဲ ကလေးတွေ ပညာ ဆက်လက် သင်ကြားနိုင်ရေး မျှော်လင့်ချက်တွေကတော့ မသေချာ မရေမရာ ဖြစ်နေဆဲပါ။