နှစ်နှစ်ကျော်အတွင်း ချင်းတော်လှန်ရေး တပ်သားသေဆုံးမှု ၂၆၀ နီးပါးရှိ

ချင်းပြည်နယ်မှာ စစ်ကောင်စီကို ခုခံတော်လှန်ရေးစတင်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း သေဆုံးရတဲ့ တော်လှန်ရေးတပ်သား ၂၆၀ လောက်ရှိနေပြီလို့ အဖွဲ့အသီးသီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်။ Chin National Front - Headquarters

ချင်းပြည်နယ်မှာ စစ်ကောင်စီကို ခုခံတော်လှန်ရင်း တိုက်ပွဲကြောင့်ရော မြေမြှုပ် မိုင်းကြောင့်ပါ အသက် ဆုံးရှုံးရတဲ့ ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်အရေအတွက်ဟာ နှစ်နှစ်ကျော်အတွင်း ၂၅၉ ဦးရှိနေပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA – Institute of Chin Affairs) က RFA ကိုပြောပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလက မင်းတပ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က ပစ်ခတ် နှိမ်နင်းဖမ်းဆီးတဲ့အတွက်ကြောင့် တူမီးသေနတ်နဲ့ စပြီး တော်လှန်တိုက်ခိုက်ရာကနေ ဒေသအလိုက်ရော၊ လူမျိုးစုအလိုက်ပါ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့တာပါ။

"ချင်းပြည်နယ်အားလုံးနဲ့တွက်ရင် သုံးရာနီးပါးလောက် ရှိမယ်ထင်တယ်။"

အခုဆိုရင် အရင်ကတည်းကရှိခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNA /CNF အပါအဝင်၊ မြို့နယ်ကို အခြေခံတဲ့ လက်နက်ကိုင် ရှစ်ဖွဲ့၊ လူမျိုးစုကို အခြေခံတဲ့လက်နက်ကိုင် ကိုးဖွဲ့၊ ဒေသကို အခြေခံတဲ့လက်နက်ကိုင် တစ်ဖွဲ့နဲ့ အမျိုးသားကိုအခြေခံတဲ့ လက်နက်ကိုင် တစ်ဖွဲ့၊ စုစုပေါင်း အဖွဲ့ ၂၀ ကျော်က စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတာဖြစ်ပါတယ်။

ဒီကာလမှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားတဲ့သူတွေကို ဘယ်တော့မှ မမေ့နိုင်ဘူးလို့ ဖလမ်းမြို့နယ် အခြေစိုက် CNO /CNDF ပြောရေးဆိုခွင့်ရှိ ဆလိုင်းကျုံးငိုက်က RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ CNO မှာဆို အာဇာနည်သူရဲကောင်း လူငယ် ၃၅ ယောက် အသက် ပေးလှူခဲ့တယ်။ ချင်းပြည်နယ်အားလုံးနဲ့တွက်ရင် သုံးရာနီးပါးလောက် ရှိမယ်ထင်တယ်။ အဲဒီအထဲမှာ လူငယ်တွေ အများကြီးပါတယ်။ အသက်တွေပေးနေရတယ်။ တိုင်းပြည်နယ်နဲ့ လူမျိုးအတွက်၊ ချင်းပြည်နယ်အတွက် အသက်တွေ ပေးနေရတဲ့ အခါကျတော့ နှလုံးသွေးကြောထဲမှာ သူတို့ကို ဘယ်တော့မှမမေ့ဘူး။ မေ့လည်း မေ့ရက်မှာမဟုတ်ဘူး။ ပြည်သူများအနေနဲ့ စိတ်ဓာတ်မကျဘဲ ဆက်လက်ပြီးတော့ တော်လှန်ရေးမှာ ပါဝင်ပေးကြပါဦးလို့၊ ထောက်ပံ့ပေးကြပါဦးလို့ မေတ္တာရပ်ခံ ချင်ပါတယ်”

တော်လှန်ရေးမှာ နိုင်ငံရေးအရ ဦးဆောင်နေတဲ့ သူတွေကလည်း၊ လူငယ်တွေရဲ့ အသက်တွေ ပေးဆပ်နေတာကို အလွဲသုံးစားမလုပ်ဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

“အသက်ပေး တိုက်ပွဲဝင်နေကြတဲ့ဟာက အဓိကက ဘယ်လောက်ထိတောင် အာဏာရှင်စနစ်ကို မုန်းပြီး ဒီအာဏာရှင်စနစ်ဆက်ပြီး မတည်ရှိစေရေးအတွက် လူငယ်တွေ ဘယ်လောက် ဆန္ဒပြင်းပြသလဲဆိုတာ သက်သေပြချက်တစ်ခုလို့ ကျွန်တော့်အနေနဲ့မြင်တယ်။ အဓိက နိုင်ငံရေး ဦးစီးဦးဆောင်လုပ်တဲ့ သူတွေအနေနဲ့ အသက်စတေးပေးဆပ်နေကြတာကို အလွဲသုံးစားမလုပ်ကြဖို့ လိုမယ်လို့ သုံးသပ်ချင်တယ်”

ချင်းရေးရာအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ ကတော့၊ နိုင်ငံရေး အလှည့်အပြောင်းတွေပေါ်မှာ စဉ်းစားဖို့လိုနေတယ်လို့ RFA ကို ပြောပါတယ်။

“ငါတို့ဒီအချိန်မှာ အင်တိုက်အားတိုက်နဲ့ တော်လှန်ရမယ့်အချိန် ဟုတ်သေးလား။ နိုင်ငံရေး အလှည့်အပြောင်းမှာ ငါတို့ဘယ်လိုမျိုး ကူးပြောင်းနိုင်မလဲဆိုတဲ့ ဟာလေးတွေကအစ၊ တော်လှန်ရေး ရဲဘော်တွေက ငါတို့က လက်နက်ကိုင်မယ်၊ စစ်ကောင်စီကို အမြစ်ဖြတ်ချေ မှုန်းမယ်ဆိုတဲ့ စိတ်တစ်ခုတည်း မဟုတ်တော့ဘဲနဲ့ နိုင်ငံအလှည့်အပြောင်း အချိုးအကွေ့တွေကို သူတို့အနေနဲ့ ချင့်ချိန်စဉ်းစားဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်”

ချင်းပြည်နယ်ထဲမှာ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ကိုးခု သိမ်းပိုက်နိုင်ခဲ့ပြီး၊ သံချပ်ကား နှစ်စီးကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၇ ရက် ပြည်သူ့ခုခံတော်လှန်ရေး နှစ်နှစ်ပြည့် အစီရင်ခံစာမှာ NUG ကဖော်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ကြသော CNF တပ်ဖွဲ့ဝင်ငါးဦး။ (Photo: Citizen Journalist)

အခုကာလမှာ ဒေသအုပ်ချုပ်ရေးကနေ ချင်းပြည်နယ်သစ် အုပ်ချုပ်မှုပုံစံလည်း ဖော်ဆောင်နေတယ်လို့ ဟွလ်ငိုရမ် CDF အဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ နှစ်နှစ်နဲ့ခုနှစ်လ နွေဦးတော်လှန်ရေးကို ဆင်နွှဲတဲ့အခါမှာ ကျွန်တော်တို့ ဒီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ရန်အတွက် ကျွန်တော်တို့ချင်းမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်တွေကို ကျွန်တော်တို့ စပြီးမှ ကျင့်သုံးနိုင်ပြီဆိုတဲ့ ဟာပေါ့နော်။ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေကနေ ချင်းပြည်နယ်အသစ်ရဲ့ အုပ်ချုပ်မှုပုံစံကို ပုံဖော်လျက်ရှိနေတယ်လို့ ပြောလိုပါတယ်”

တစ်ဖက်မှာလည်း ဒီနှစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေမှာသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား တစ်ထောင်နီးပါး ရှိနေပြီလို့ ချင်းဒေသကကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအချက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို မေးကြည့်ဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီကြားထဲချင်းပြည်နယ်မှာ ပြည်တွင်းမှာတင်တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် ရှိနေပြီး၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံရတဲ့ ဒုက္ခသည် ငါးသောင်းနီးပါး၊ စုစုပေါင်း တစ်သိန်းကျော် ရှိနေတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org