အင်အားကြီး တရုတ်နိုင်ငံကို စစ်ကောင်စီနဲ့ NUG အပြိုင်အဆိုင် စည်းရုံး
တရုတ်နှစ်သစ်ကူးကာလမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ဖက်စလုံးက အင်အားကြီး တရုတ်နိုင်ငံကို ချီးကျူးစကားတွေ အပြိုင်အဆိုင်ပြောဆိုခဲ့ကြပါတယ်။
-
RFA Burmese
2023-01-23 -
-
-
တရုတ်နှစ်သစ်ကူးကာလမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ဖက်စလုံးက အင်အားကြီး တရုတ်နိုင်ငံကို ချီးကျူးစကားတွေ အပြိုင်အဆိုင်ပြောဆိုခဲ့ကြပါတယ်။
ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ အမှတ် (၁) သုဝဏ္ဏမှာ ဇန်နဝါရီ ၂၁ ရက် စနေနေ့က ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ပြီး တရုတ်ဟာ မြန်မာအတွက် အရေးကြီးတဲ့ အိမ်နီးချင်းကောင်းဖြစ်သလို မြန်မာဟာလည်း တရုတ်အတွက် စိတ်ချရတဲ့ အိမ်နီးချင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သံတမန်ရေးအရရော လက်နက်ကိုင်နည်းလမ်းနဲ့ပါ စစ်ကောင်စီကို ဖြုတ်ချဖို့ကြိုးပမ်းနေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း တရုတ်ဟာ အိမ်နီးချင်းကောင်း ပီသတယ်လို့ သဝဏ်လွှာပို့ပြီး ချီးကျူးထားပါတယ်။ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာမျက်နှာစာပေါ်က ရပ်တည်မှုတွေကို ကျေးဇူးအထူးတင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
"အပြိုင်အဆိုင်စည်းရုံးတော့ အနည်းဆုံးတော့ ကြားနေတယ်ဆိုရင်ကိုပဲ မဆိုးဘူး။ ကိုယ့်ရဲ့ဆန့်ကျင်ဘက် ဖြစ်မသွားအောင် လုပ်တာပေါ့”
နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင် ပြီး မြန်မာ့အရေးအပေါ် အကျိုးသက်ရောက်အောင် စွမ်းဆောင်နိုင်တဲ့ တရုတ်နိုင်ငံကို စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ နှစ်ဖက်စလုံးက အပြိုင်အဆိုင် စည်းရုံးနေကြတာလို့ ရှုမြင်ပါတယ်။
“အခု သူတို့ဖြစ်နေတဲ့ ပဋိပက္ခမှာ သူတို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း အပြိုင်အဆိုင် စည်းရုံးတယ်။ တရုတ်ကိုလည်း အင်အားကြီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် သူနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်လို့ မရဘူးဆိုတာ နှစ်ဖက်စလုံးက သဘောပေါက်တယ်၊ ဒါကြောင့် အပြိုင်အဆိုင် စည်းရုံးနေတာပေါ့။ အပြိုင်အဆိုင်စည်းရုံးတော့ အနည်းဆုံးတော့ ကြားနေ တယ်ဆိုရင်ကိုပဲ မဆိုးဘူး။ ကိုယ့်ရဲ့ဆန့်ကျင်ဘက် ဖြစ်မသွားအောင် လုပ်တာပေါ့”
တရုတ်ဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှာတော့ စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ကန့်ကွက်ရှုတ်ချမှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေ ဖြစ်မလာအောင် ကာကွယ် ပေးနေပါတယ်။ လုံခြုံရေးကောင်စီကနေ မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ဆို့ရေး အပါအဝင် ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်နိုင်တာဟာ တရုတ်နဲ့ ရုရှားရဲ့ ကာကွယ်ပေးမှုကြောင့်လို့ အများစုက ရှုမြင်ထားတာပါ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စတဲ့အရေးကြီးအချက်တွေပါဝင်တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တရုတ်က ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျေးဇူးတင်နေပုံရတယ်လို့ နိုင်ငံရေးအကဲခတ် တွေက ပြောပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ တရုတ်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ကောင်စီကသာ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်တယ်လို့ RFA ကို ပြောပါတယ်။
“တစ်ခါတလေကျတော့ တချို့ဆုံးဖြတ်ချက်က ဆုံးဖြတ်ချက်အနေနဲ့သာ ချလိုက်တာ။ အရေးယူမှု မပါတဲ့ ဆုံးဖြတ်ချက်မျိုး။ အဲဒါမျိုးကိုတော့ ဘယ်သူကမှ ကိုယ့်ဗီတို တစ်မဲကို အကုန်ခံပြီး ပယ်ချနေမှာ မဟုတ်ဘူး။ ဒါကတော့ ကမ္ဘာ့နိုင်ငံရေးလောကမှာ အလှည့်အပြောင်းနဲ့ ကစားကြတာပဲ။ အဲလိုမျိုး ကစားတဲ့ဟာကို ဗီတိုနဲ့ မပယ်ချတာကို တစ်ဖက်က ကျေးဇူးတင်ပါတယ်လုပ်နေတာကတော့ သူတို့လည်း နိုင်ငံရေးစတန့် ပြန်ထွင်တဲ့ သဘောပါပဲ။ မြန်မာနိုင်ငံရဲ့ အာဏာသုံးရပ်ကို ကိုင်စိုးပြီးတော့ ဘယ်သူက အုပ်ချုပ်နေတယ်၊ ဘယ်သူနဲ့ ပေါင်းသင်းဆက်ဆံရမယ်ဆိုတာ တရုတ်က ကောင်းကောင်းသိတယ်။ သေချာတာက တရုတ်ဟာ မြန်မာနိုင်ငံမှာ ဘယ်အစိုးရ တက်တက် သူ့ရဲ့အကျိုးစီးပွားအရ ပေါင်းသင်းဆက်ဆံမှုတွေ ကူးလူးဆက်ဆံမှုတွေ အမြဲတမ်းရှိနေဦးမှာပဲ”
တရုတ်အနေနဲ့ စီးပွားရေးအရ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရရေးအတွက် မြန်မာနိုင်ငံမှာ အာဏာလက်ရှိ ဆုပ်ကိုင်ထားနိုင်သူကိုသာ အလေးထားဆက်ဆံတာ မထူးဆန်းဘူးလို့ လည်း ဦးသိန်းထွန်းဦးက ဆိုပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာစောင့်ကြည့်နေတဲ့ မြန်မာမဟာဗျူဟာလေ့လာရေး အင်စတီကျု (ISP-Myanmar ) ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းသစ် သုံးခု ပေါ်ထွက်လာပါတယ်။
တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်ကနေ ရန်ကုန်ဆိပ်ကမ်း၊ အဲဒီကတစ်ဆင့် စင်္ကာပူကို ချိတ်ဆက်တဲ့ ရထားလမ်း-ကားလမ်း-အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်း၊ တရုတ်နိုင်ငံ ချုံချင်ကနေ လာအို၊ ထိုင်းနဲ့ မြန်မာကို ချိတ်ဆက်ထားတဲ့ ကုန်သွယ်မှု လမ်းကြောင်း၊ ကွမ်ရှီးပြည်နယ် တောင်တရုတ်ပင်လယ် ဘေ့ဘူးပင်လယ်ကွေ့ ဆိပ်ကမ်းကနေ ရန်ကုန်ဆိပ်ကမ်းကြား တိုက်ရိုက်ချိတ်ဆက်တဲ့ ပင်လယ်ရေကြောင်းလမ်းတွေဟာ တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။
ဒီကုန်သွယ်ရေး လမ်းကြောင်းသစ်တွေက တရုတ်ရဲ့ ကာလကြာရှည်မျှော်မှန်းထားတဲ့ ပင်လယ်သမုဒ္ဒရာ ထွက်ပေါက်ကို လမ်းဖွင့်ပေးရုံမကဘဲ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ပထဝီနိုင်ငံရေး အရရော၊ စီးပွားရေးအရပါ လွှမ်းမိုးမှုတွေ ဖြန့်ကျက်ထားနိုင်လိမ့်မယ်လို့ ISP- Myanmar က သုံးသပ်ထားပါတယ်။
တရုတ်ဟာ အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီနဲ့ အပြန်အလှန်ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း နိုင်ငံတဝန်း စုစုပေါင်း ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ကျော်ရှိတဲ့အနက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံကျော် ရှိပါတယ်။
တရုတ်နိုင်ငံအခြေစိုက် တရုတ်- မြန်မာဆက်ဆံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ တရုတ်ရဲ့မူဝါဒက ဘက်စုံချဉ်းကပ်မှုလို့ ရှုမြင်ပါတယ်။
“တရုတ်ရဲ့ မြန်မာပြည်အပေါ် လုပ်ဟန်တွေကို ကျမကြည့်တော့ မြန်မာပြည်ရဲ့ အပူကွက်တွေကို တဖြည်းဖြည်း အေးအောင်လုပ်နေတာတွေတော့ရှိတယ်၊ ဒါပေမဲ့ သူတို့ပြောမရတာက စစ်ကောင်စီပဲ။ ဒါကြောင့် တရုတ်ကလည်း တင်းလိုက် လျှော့လိုက်တော့ လုပ်နေတာပေါ့ဗျာ။ နောက်တစ်ခုက တရုတ်ရဲ့ သံခင်းတမန်ခင်းမှာ များသောအားဖြင့် တိတ်တိတ်ဆိတ်ဆိတ် လုပ်တာများတယ်ဗျ။ တစ်ဖက်သားကို နာသွားအောင် အုတ်အော်သောင်းနင်း ကန့်ကွက်တာတွေ၊ ရှုတ်ချတာတွေ မလုပ်ဘူး။ သူတို့ရဲ့ ချဉ်းကပ်ပုံက ဘက်စုံချဉ်းကပ်တာဖြစ်တော့ စစ်ကောင်စီနဲ့လည်း ဆက်ဆံမှာပဲ၊ NUG နဲ့လည်း ဆက်ဆံမှာပဲ။ နောက် နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ဆက်ဆံမှာပဲ”
တရုတ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
တရုတ်စီမံကိန်းတချို့ တိုက်ခိုက်ခံရပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းကတော့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို မတိုက်ခိုက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တစ်ဆင့် NUG ကို ဆက်သွယ်ဆွေးနွေးခဲ့ဖူးပါတယ်။
အခုနှစ် တရုတ်နှစ်သစ်ကူးအတွက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ သဝဏ်လွှာမှာလည်း NUG က ဆင်နွှဲနေတဲ့ တော်လှန်ရေးရဲ့အောင်မြင်မှု အသီးအပွင့်တွေဟာ တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မှုမရှိတဲ့အပြင် ပိုပြီးအကျိုးရှိစေလိမ့်မယ်ဆိုတာ အာမခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်ဟာ အတိတ်တုန်းကလို စစ်အစိုးရတစ်ဖက်တည်းကိုပဲ ထောက်ခံရပ်တည်တာမျိုး မဟုတ်ဘဲ လူထုထောက်ခံမှုရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ အာဏာပြန်ရလာတဲ့အခါ သူ့ရဲ့အကျိုးစီးပွား မထိခိုက်စေဖို့ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ NUG အကြား ချင့်ချင့်ချိန်ချိန် ဆက်ဆံနေပုံရတယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
လက်ရှိအချိန်အထိတော့ တရုတ်ဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ သံခင်း တမန်ခင်းမှာ စစ်ကောင်စီကို စွမ်းစွမ်းတမံ ကာကွယ်ပေးနေတာမျိုး မရှိသလို NUG ဘက်ကိုလည်း ပေါ်ပေါ်တင်တင် ဆက်ဆံဆွေးနွေးတာမျိုး မရှိသေးပါဘူး။