တရုတ်အကူအညီ စစ်ကောင်စီအတွက် အထောက်အကူမဖြစ်နိုင်
မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မဲ့ စီမံကိန်း ၁၂ ခုအတွက် စစ်ကောင်စီကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ပေးဖို့ တရုတ်နိုင်ငံက သဘောတူလိုက်ပါတယ်။
-
RFA Burmese
2024-06-21 -
-
-
၂၀၂၄ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မဲ့ စီမံကိန်း ၁၂ ခုအတွက် စစ်ကောင်စီကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ပေးဖို့ ဇွန်လ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံက သဘောတူလိုက်ပါတယ်။ ဒါ့အပြင် ဇွန်လ ၁၁ ရက်နေ့ကလည်း တရုတ်နိုင်ငံက ကင်းလှည့်ရေယာဉ် ခြောက်စင်းကို စစ်ကောင်စီဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
"စစ်ကောင်စီက ဘယ်လိုမှ ကယ်လို့မရတော့တဲ့ အခြေအနေပါ"
တရုတ်နိုင်ငံက အခုလို ထောက်ပံ့ကူညီနေတာတွေဟာ စစ်ကောင်စီအတွက် ထိရောက်တဲ့ အကူအညီဖြစ်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ကြပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက “မြန်မာပြည်ရဲ့ စစ်ကောင်စီကတော့ အခြေအနေမကောင်းပါဘူး။ ဒီဒေါ်လာ သုံးသန်းကျော်လောက်ကလည်း ဘယ်လောက်မှရှိတာ မဟုတ်ဘူးလေ။ နောက်တစ်ခုက ဒါမျိုးတွေကပေးတယ်ဆိုတာကလည်း သူက စီမံကိန်းနဲ့ပေးတာဗျ။ ငွေသားကြီး ပေးတာဟုတ်ချင်မှ ဟုတ်မယ်။ စီမံကိန်းကို ဘယ်လိုခေါ်မလဲ ငွေနဲ့ဖြတ်ပြီးပေးတာဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်မ ခုနကပြောသလိုပဲ။ စစ်ကောင်စီက ဘယ်လိုမှ ကယ်လို့မရတော့တဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ကင်းလှည့်ရေယာဉ်တွေ လွှဲပြောင်းပေးမယ့် စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လက တရုတ်နိုင်ငံကို မြန်မာနိုင်ငံအစိုးရက တရားဝင်အဆိုပြုခဲ့ပြီး ၂ဝ၂၀ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တာလို့ ဖော်ပြထားပါတယ်။
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ တရုတ်နိုင်ငံက လတ်တလော စစ်ကောင်စီကို ပံ့ပိုးကူညီမှုတွေဟာ နှစ်နိုင်ငံကြား ကတိကဝတ်နဲ့ ဆက်ဆံရေးကို ဆက်ထိန်းတဲ့ သဘောသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ဒီတရုတ်က နိုင်ငံကြီးဖြစ်တဲ့အခါကျတော့ နိုင်ငံချင်း နိုင်ငံချင်းပေါ့ဗျာ ဆက်ဆံရေးကို အလေးထားတဲ့သဘော တွေ့ရတယ်။ အဲလိုအနေအထားမှာကျတော့ လန်ချန်း- မဲခေါင်ကကျတော့ ဒါကိုပြောမယ်ဆိုရင် အစီအမံအကြီးကြီးပေါ့ဗျာ။ သူရဲ့အောက်မှာမှ ဘာခေါ်မလဲ မြန်မာနိုင်ငံရဖို့ ထောက်ပံ့ကူညီမှုပေးတာပေါ့”
မြန်မာနိုင်ငံမှာ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ မြစ်ဆုံစီမံကိန်းလို တရုတ်နိုင်ငံရဲ့ အကြီးစားစီမံကိန်းတွေ ပြန်စမယ်လို့ သတင်းထွက်နေပေမယ့် အခုအထိ ပြန်လည်စတင်နိုင်မယ့် အခြေအနေမျိုးတော့ မတွေ့ရသေးဘူးလို့လည်း ဦးအောင်သူငြိမ်းက ဆိုပါတယ်။
တရုတ်နဲ့ လတ်တလော သဘောတူညီခဲ့တဲ့ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစာချုပ်ပါ စီမံကိန်းတွေထဲမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်တွေ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ အလေ့အထနဲ့ တီထွင်ဆန်းသစ်မှုတွေ ဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနဲ့ ယဉ်ကျေးမှုကဏ္ဍ အဆင့်မြှင့်တင်ရေး စတာတွေပါဝင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီက ဒီစီမံကိန်းတွေကို တကယ်လက်တွေ့ အကောင်အထည်ဖော်ရင်တောင် လူအနည်းစုပဲ အကျိုးခံစားခွင့်ရှိလိမ့်မယ်လို့ ဝေဖန်ပါတယ်။
“သူ (တရုတ်နိုင်ငံ) အဲလိုခေါင်းစဉ်တွေနဲ့ ပေးပြီးတော့ တကယ်တမ်း အဲဒီခေါင်းစဉ်တွေအတိုင်းပဲ ဒီပြည်သူတွေဆီ ပြန်ရောက်အောင် လုပ်မယ်ဆိုရင်တောင်မှ အဲဒီပြန်လုပ်လို့ရမယ့် သူရဲ့ပြည်သူလို့ သတ်မှတ်ပြီးတော့ ဆက်ဆံလို့ရမယ့် ပြည်သူက အခုချိန်မှာ အကုန်လုံး မဟုတ်တော့ဘူး။ သူ့ကို အစိုးရလို့သတ်မှတ်ပြီး သူ့ရဲ့ပြည်သူလူထုအဖြစ်ခံယူပြီး ရတာယူမယ့်လူတောင် နည်းမယ်လို့ ပြောလို့ရတယ်”
တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်ကတော့ အခုစာချုပ်ကို လက်မှတ်ရေးထိုးတာဟာ လေးကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်လို့ ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ကတော့ တရုတ်နိုင်ငံကပေးတဲ့ အကူအညီတွေနဲ့ စစ်ကောင်စီက တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းဖို့အတွက်ပဲ အသုံးချလိမ့်မယ်လို့ ဝေဖန်ပါတယ်။
“ကျွန်တော်တို့ ပြောချင်တာကတော့ ဒီလိုပေးတဲ့ဟာက ပြည်သူတွေအတွက် အကျိုးစီးပွားမဖြစ်ဘဲနဲ့ စစ်ကောင်စီက သူတို့ရဲ့ မျက်နှာပန်းလှဖို့ ဓာတ်ပုံရိုက်လို့ကောင်းရုံ ဒီအတွက်အသုံးချပြီးတော့ သူတို့ရဲ့ တရားဝင် (အစိုးရ) ဖြစ်မှုရဖို့ ကြိုးစားတဲ့ အသုံးခံတစ်ခု ဖြစ်သွားမယ်”
တရုတ်နိုင်ငံနဲ့ သဘောတူညီမှုရရှိထားတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနတို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကပေးတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်တဲ့ အထူးရန်ပုံငွေကနေ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃၅) သန်း တန်ဖိုးရှိတဲ့ စီမံကိန်း (၁၁၈) ခုကို ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ရက်နေ့မှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တည်ထောင်ခဲ့ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် အဖွဲ့ဝင် ခြောက်နိုင်ငံ ပါဝင်ပါတယ်။