တိုက်ပွဲတွေပြင်းထန်နေချိန် စစ်ကောင်စီကို တရုတ်က ကင်းလှည့်ရေယာဥ်တွေ‌‌ပေး

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပံ့ပိုးတဲ့အနေနဲ့ ကင်းလှည့်ရေယာဥ်ခြောက်စင်းကို ဇွန် ၁၁ ရက် မနေ့က ရန်ကုန်မြို့မှာ လွှဲပြောင်းပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

တရုတ်အစိုးရက လွှဲပြောင်းပေးခဲ့သည့် ကင်းလှည့်ရေယာဥ်တစ်စင်းကို လမ်းမတော်ကမ်းနားဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဥ်။

(Updated: 5:55 PM, May 12, 2024)

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပံ့ပိုးတဲ့အနေနဲ့ ကင်းလှည့်ရေယာဥ်ခြောက်စင်းကို ဇွန် ၁၁ ရက် မနေ့က ရန်ကုန်မြို့မှာ လွှဲပြောင်းပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

၂၈ မီတာအလျားရှိတဲ့ ရေယာဥ် နှစ်စင်းနဲ့ ၄၈ မီတာ အလျားရှိတဲ့ ရေယာဥ်လေးစင်းကို ရေကြောင်းပို့ဆောင်မှု ဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ ရေအရင်းအမြစ် ကာကွယ်အသုံးချမှုလုပ်ငန်းတွေကိုလုပ်နိုင်ဖို့ တရုတ်က ကူညီပံ့ပိုးပေးတာလို့ ဆိုပါတယ်။ ဒီရေယာဥ်တွေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပြီး နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက်သွားမယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေ့လာသူတွေကတော့ အဲဒီကင်းလှည့်ရေယာဥ်တွေကို စစ်ကောင်စီက ရေကြောင်းစစ်ဆင်ရေးတွေမှာ အသုံးချလာနိုင်တယ်လို့ ပြောဆိုကြပါတယ်။

“စစ်ဘက်သုံးရေယာဥ်တွေ ပေးအပ်မှုက ပြည်သူလူထုကို ပိုပြီးအထိနာစေနိုင်ပါတယ်”

ဒီရေယာဥ်တွေဟာ လက်နက်တပ်ဆင်ပြီး စစ်ရေးအတွက် အသုံးပြုနိုင်တဲ့ မြစ်တွင်းသွားရေယာဥ် အမျိုးအစားတွေဖြစ်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။

“မြစ်တွင်းသွားအမျိုးအစားပေါ့နော်။ ကင်းလှည့်တယ်။ တစ်ခါတလေကျရင်လည်း ပြီးရင် ရိက္ခာတွေ၊ ပစ္စည်းတွေပေါ့နော်။ သယ်ယူပို့ဆောင်ရေးအနေနဲ့ သုံးတယ်။ ဒါကတော့ တရုတ်ကပေးတဲ့ အနေအထားမှာတော့ လက်နက်တပ်တဲ့အနေအထား မရှိသေးဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ အနည်းဆုံး ၁၂ ပွိုင့် ၇ တပ်တာရှိတယ်။ တစ်ခါတလေကျရင်လည်း ၁၂ ပွိုင့် ၇ ထက်ကြီးတဲ့ ပွိုင့် ၅ တို့ ပွိုင့် ၈ တို့ တပ်တယ်။ အဓိကက ပင်လယ်ထဲထက် ဒီအတွင်းပိုင်းအထိပါ လာလို့ရတဲ့ မြစ်တွင်းသွားသင်္ဘော အမျိုးအစားပါဗျ”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အဲဒီရေယာဥ်တွေဟာ ရခိုင်ပြည်နယ်က စစ်ဆင်ရေးမှာ အသုံးတည့်တယ်လို့ RFA ကို ပြောပါတယ်။

“ကင်းလှည့်ရေယာဉ်ပေါ့။ ရဲသုံးပေါ့နော်။ ဒါပေမဲ့ ဒါကတော့ နည်းနည်းပါးပါးပြင်လိုက်ရင် လက်နက်တပ်ဆင်နိုင်ရင် ရတာပေါ့နော်။ အဲဒီတော့ ရခိုင်မှာ အရမ်းအသုံးတည့်တာပေါ့နော်။ ရခိုင်မှာ ကျွန်တော်တို့က ပင်လယ်နဲ့ ချောင်းစပ်ပေါ့။ ပင်လယ်ထဲလည်း မဟုတ်ဘူး၊ ချောင်းစပ်မှာ ရေပြင်လည်းကျယ်တဲ့ အဲဒီအနေအထားမှာ ထောက်ပံ့ပို့ဆောင်ရေး ဘာညာတွေကို လုပ်ပေးလို့ရတယ်။ ရန်သူရဲ့ ထောက်ပံ့ပို့ဆောင်ရေးကို ဖြတ်တောက်လို့ရတယ်။ အဲဒီဟာကတော့ ဒါ ရခိုင်ဘက်ပဲ၊ နောက်ပြီးတော့ တနင်္သာရီ အသုံးတည့်တာပေါ့နော်”

အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်ကလည်း စစ်ဘက်သုံးရေယာဥ်တွေ ပေးအပ်မှုက ပြည်သူလူထုကို ပိုပြီးအထိနာစေနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တရုတ်အနေနဲ့လည်း ဒါကိုသိသင့်တယ်။ ဒီလိုမျိုး လုပ်ပေးလေလေ ပဋိပက္ခက ပိုပြီးတော့ ကြာလေလေပေါ့။ ပြည်သူလူထုလည်း ပိုပြီးတော့ ထိလေလေပေါ့။ ဘာလို့ဆို စစ်တပ်က အဲဒီဟာတွေကို အသုံးချပြီးတော့ စစ်ဆင်ရေးအနေနဲ့ သုံးမှာပဲ။ စစ်ဆင်ရေးလုပ်နေချိန်မှာလည်း အခုအချိန်မှာ ပစ်မှတ်လုပ်နေတာက တကယ် ပြည်သူလူထုကို တိုက်ခိုက်နေတာပါ။ ဒီလိုမျိုးပေးလိုက်ခြင်းအားဖြင့် တရုတ်အနေနဲ့ ပြည်သူလူထုကို ပိုပြီးတော့ နာသွားအောင် လုပ်သလိုမျိုး ဖြစ်သွားတာ”

ဒီကင်းလှည့်ရေယာဥ်တွေကို စစ်ရေးအရ အသုံးပြုနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာ သံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က ထုတ်ပြန်ချက်ကို အသေအချာဖတ်ရှုဖို့ အကြောင်းပြန်ပါတယ်။

ဒီရေယာဥ်တွေကို အသုံးပြုမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း မြို့နယ်ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်တွေ စစ်ရေးအရ အရေးနိမ့်နေတာပါ။

တရုတ်အစိုးရက လွှဲပြောင်းပေးခဲ့သည့် ကင်းလှည့်ရေယာဥ်တစ်စင်းကို လမ်းမတော်ကမ်းနားဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဥ်။

လက်ရှိမှာလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်အပါအဝင် ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

တရုတ်စီမံကိန်းတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတဲ့ ကျောက်ဖြူဒေသခံတစ်ဦးကတော့ တရုတ်နိုင်ငံကနေ စစ်ကောင်စီတပ်ကို ရေယာဥ်တွေ ထောက်ပံ့ပေးနေတာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့စီမံကိန်းတွေကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အခုကာလက တရုတ်သံတမန်ကလည်း ကျောက်ဖြူမြို့ကိုလာပြီးတော့ သူတို့ရဲ့စီမံကိန်းတွေကို လာပြီးကြည့်တာနဲ့ အခုကင်းထောက်ရေယာဥ်တွေကို လှူလိုက်တဲ့ဟာနဲ့က တစ်ဆက်တည်း ဖြစ်နေတယ်။ ဒါက ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် စစ်ကောင်စီကို တရုတ်ဘက်ကနေပြီး ထောက်ပံ့ပေးနေတာလို့ ပြောလို့ရပါတယ်”

တရုတ်နိုင်ငံရဲ့ သံတမန်တွေဟာ ဇွန် ၁၀ ရက်နေ့က သူတို့ရဲ့ စီမံကိန်းတွေ အဓိကတည်ရှိရာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ကင်းလှည့်ရေယာဥ်တွေ အခုလိုကူညီပံ့ပိုးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံဘက်က အဆိုပြုမှုကို ၂၀၂၀ ပြည့်နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာခရီးစဉ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဂျပန်အစိုးရကနေ အရပ်ဘက်မှာအသုံးပြုဖို့ မြန်မာနိုင်ငံကို ပေးပို့လှူဒါန်းထားတဲ့ ခရီးသည်တင် ရေယာဉ်တွေကိုလည်း ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ၂၀၂၂ ခုနှစ် အောက်တိုဘာလက ထောက်ပြဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org