စစ်ကောင်စီကို တရုတ်က ပါကစ္စတန်ကတစ်ဆင့် လက်နက်တွေ လျှို့ဝှက်ထောက်ပံ့

တရုတ်အစိုးရဟာ ပါကစ္စတန်နိုင်ငံကတစ်ဆင့် မြန်မာအာဏာသိမ်းစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ လျှို့ဝှက် ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက မတ်လ ၁၃ ရက်နေ့ထုတ် သတင်းတစ်ပုဒ်မှာ ဖော်ပြလိုက်ပါတယ်။

၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားအတွက် မတ်လ၂၆ ရက်နေ့က စစ်ရေးပြလေ့ကျင့်နေစဉ်။ Photo: Reuters

တရုတ်အစိုးရဟာ ပါကစ္စတန်နိုင်ငံကတစ်ဆင့် မြန်မာအာဏာသိမ်းစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ လျှို့ဝှက် ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက မတ်လ ၁၃ ရက်နေ့ထုတ် သတင်းတစ်ပုဒ်မှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနဲ့ ပါကစ္စတန်ကြား စစ်တပ်ချင်းဆက်ဆံမှုမှာ အပြောင်းအလဲတွေနဲ့အတူ စိုးရိမ်ဖွယ်ရာ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။

သတင်းရင်းမြစ်တွေအရ၊ မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ ပါကစ္စတန်ဆီက ၆၀ နဲ့ ၈၁ မမ မော်တာတွေ၊ M-79 လောင်ချာဗုံးသီးတွေ၊ အကြီးစား စက်သေနတ်တွေနဲ့ တာဝေးပစ် ဒုံးကျည်တွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ပါကစ္စတန်ကနေ ဘက်စုံသုံး 16 JF-17 တိုက်လေယာဉ်တွေကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖိုး ဝယ်ယူခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေကို Pakistan Aeronautical Complex နဲ့ တရုတ်ချန်ဒူးလေကြောင်း ကော်ပိုရေးရှင်းတို့ ပူးတွဲ တည်ဆောက်ခဲ့တာပါ။

သတင်းရင်းမြစ်တွေအရ တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကို လက်နက်တွေ အဓိက တင်ပို့နေတဲ့ ဒေါက်တာ နိုင်ထွဋ်အောင်က စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ သူဟာ International Gateways Group of Companies ကို ကိုယ်စားပြု ဆောင်ရွက်နေတာ ဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်နဲ့ဆက်ဆံရေး ထဲထဲဝင်ဝင် ပတ်သက်နေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာစစ်တပ်ဟာ JF-17 တိုက်ခိုက်ရေး စစ်လေယာဉ်တွေအတွက် ပါကစ္စတန်ဆီက ဝေဟင်က မြေပြင်ပစ် ဒုံးကျည်တွေ ဝယ်ယူချင်နေတာ‌ပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီး တစ်ဦးဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လျှို့ဝှက် ရောက်ရှိခဲ့ပြီး မြန်မာကာကွယ်ရေးဝန်‌ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဆင့်မြှင့်ထား တဲ့ JF-17 လေယာဉ် နဲ့ ဝေဟင်က မြေပြင်ပစ်ဒုံးကျည်တွေ ရောင်းချရေးကို အဲဒီ တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် အဆင့်မြင့်နည်းပညာ၊ လေယာဉ်ပြုပြင်ရေးနဲ့ ရေတပ်ဆိုင်ရာ စစ်လက်နက်ပစ္စည်း တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးရာမှာ အဆင့်မြင့် နည်းပညာသုံး လက်နက်တွေ၊ လေယာဉ်ပြုပြင်ရေးနဲ့ ထိန်းသိမ်းရေး အပါအဝင် ရေတပ် လက်နက်တွေ ကိစ္စတွေပါတယ်။ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အဖွဲ့ရဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ် အတွင်း တရုတ်ပြည်ရဲ့ လက်နက် တင်ပို့မှုဟာ၊ ၅.၅ ရာခိုင်နှုန်းကနေ ၅.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ တရုတ်လက်နက်ပို့ကုန်တွေဟာ လမ်းကြောင်းပြောင်းလဲရတာတွေ၊ လက်နက် တင်ပို့မှု သတင်းအားလုံး မရရှိနိုင်တာတွေကြောင့်လည်း တင်ပို့မှုပမာဏ အတိအကျ မရရှိနိုင်ကြောင်းလည်း ဖော်ပြပါတယ်။ အခုအခါ တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးနေပေမယ့် ဖေဖော်ဝါရီ အာဏာသိမ်းမှုနဲ့ နိုင်ငံတကာပုံရိပ်ကိစ္စတွေ ပါဝင်ဖွယ် မရှိပါဘူး။

ဒီအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန် အပါအဝင် နိုင်ငံတွေက မြန်မာကို လက်နက်မတင်ပို့ကြဖို့ ကြေညာခဲ့ကြပါတယ်။ အခုအခါ ကုလသမဂ္ဂကလည်း မြန်မာကို လက်နက် ပိတ်ဆို့ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပြီ ဆိုတဲ့အကြောင်း သိရပါတယ်။ ဒါပေမဲ့ ရုရှားနဲ့ တရုတ်ကတော့ မြန်မာစစ်ကောင်စီကို လက်နက်တွေ ဆက်လက်ဖြည့်ဆည်းပေးနေဆဲပါ။ ပိုဆိုးတာက အီရန်နဲ့ ပါကစ္စတန်ကပါ မြန်မာစစ်ကောင်စီနဲ့ လက်နက်အရောင်းအဝယ် စတင်ခဲ့ကြတာဖြစ်တယ်လို့ Eurasiareview သတင်းမှာ မတ်လ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။

၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းသည့် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြ မြင်ကွင်းတစ်ခု။ (Photo: AFP)

နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဒေသတွင်းနိုင်ငံတွေဟာ၊ မြန်မာစစ်ကောင်စီအနေနဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီရန်နိုင်ငံတွေဆီက လက်နက်တွေ ရရှိနေတဲ့အပေါ် စိုးရိမ် သင့်ကြောင်း၊ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်ဟာ မြန်မာစစ်ကောင်စီရဲ့လေတပ်ကို တိုးချဲ့ ရာမှာ အကူအညီပေး နေကြကြောင်း၊ မြန်မာရေတပ်ကိုလည်း အိန္ဒိယနဲ့တရုတ်က ကူညီနေကြောင်း ANI သတင်းက ဖော်ပြပါတယ်။

၁၉၆၂ ခနှစ်ကစပြီး စစ်အာဏာရှင် အဆက်ဆက်လက်အောက် ရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံ မှာ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးကျဆင်းမှု၊ နက်ရှိုင်းလာနေတဲ့ ပြည်တွင်းပဋိပက္ခ၊ များပြား ကြီးထွားလာနေတဲ့ ပြည်ပရောက် နိုင်ငံသားတွေ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ အခုနောက်ဆုံး စစ်တပ် အာဏာသိမ်းလိုက်တာကတော့ အရင်ကထက် ပိုဆိုးတဲ့ အနေအထား တစ်ရပ်ဆီရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု နိုင်ငံလုံးအနှံ့ ပေါ်ပေါက် ပျံ့နှံ့သွားပြီး၊ နိုင်ငံရဲ့နေ့စဉ်ဘဝဆိုင်ရာ ယန္တရားအားလုံး ရပ်တန့်သွားခဲ့ပါတယ်။ နေ့စဉ် စစ်တပ်က အကြမ်းတမ်းဆုံး နှိမ်နင်းခဲ့ပေမယ် ပြည်သူတွေ နေ့စဉ် လမ်းတွေ ပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

စစ်အုပ်ချုပ်ရေးကို ပြည်သူတွေက ဘယ်လိုမှ လက်မခံနိုင်ကြတော့ပါဘူး။ စစ်တပ်က အကြမ်းတမ်းဆုံး ဖိနှိပ်လေ၊ ပြည်သူရဲ့ နောက်တစ်ကြိမ် မခံတော့ဘူးဆိုတဲ့ စိတ်ဓာတ်က အချိန်နဲ့အမျှ ကျယ်ပြန့်လာနေတာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီးဟောင်း ဒဲရစ် မစ်ချယ် က ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org