တရုတ်ကိုယ်စားလှယ် ခရီးစဉ်အပေါ် အမြင်တချို့

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဗစ်အလွန် နှစ်နိုင်ငံ အကျိုးတူကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့တရုတ် ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ် ထိပ်တန်းအရာရှိတစ်ဦး မြန်မာပြည်သွားရောက်တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တချို့ကို တင်ပြထားပါတယ်။

တရုတ်ကွန်မြူနစ် နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၂ဝ၊ စက်တင်ဘာလက နေပြည်တော်တွင်တွေ့ဆုံခဲ့စဉ်။ Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ် နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိရဲ့ ခရီးစဉ်မှာ ကိုဗစ်အလွန် နှစ်နိုင်ငံ အကျိုးတူကိစ္စတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိဟာ သူ့ရဲ့ မြန်မာပြည် ၄ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရင် မြန်မာပြည်ကို ဦးစားပေးဝေငှမယ်လို့ တရုတ်အရာရှိက ပြောကြားခဲ့သလို စီးပွားရေးစင်္ကြန်အပါအဝင် ရင်းနှီးမြုပ်နှံမှုနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိရခိုင်ပြည်နယ်အရေးမှာ မြန်မာအစိုးရဖြေရှင်းပုံကို တရုတ်က ထောက်ခံကြောင်း ထပ်ပြီးပြောဆိုတယ်လို့လည်း သိရပါတယ်။  AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က လက်နက်တွေရောင်းချနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လေ့ရှိတဲ့အတွက် တရုတ်အစိုးရဟာ တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား နိုင်ငံရေးကစားနေတယ်ဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။

တရုတ်ပြည်မှာ နေထိုင်တဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ရဲ့ အမြင်က ဘယ်လို ရှိပါသလဲ။

“Belt and Road က ရှီကျင့်ပင်ရဲ့ စိတ်ကူးဖန်တီးမှု ဖြစ်တာကိုး ဒါက အောင်မြင်ဖို့လိုတယ် အောင်မြင်ဖို့ဆိုရင် မြန်မာပြည်က မုချ ငြိမ်းချမ်းဖို့လိုတယ် လက်နက်ကိစ္စကတော့ ဘယ်သူမဆို ဝယ်လို့ရတယ် တရုတ်ပြည်ရဲ့ လက်နက် မှောင်ခို ဈေးကွက်က တော်တော်ကြီးရှိတယ်။  တရုတ်က အစောပိုင်းက သူ့တပ်က လက်နက်ထုတ်ရောင်းထားတာတွေ ရှိတယ်လေ။ မသုံးတော့တဲ့ဟာတွေ။ တရားဝင် ဟုတ်ချင်မှဟုတ်မယ်။ တရုတ်ကလည်း သူ့တပ်ပြုပြင်ပြောင်းလဲရေးတွေ တော်တော်လုပ်နေတာလေ အဲဒီတပ်ကလူတွေ ထုတ်ရောင်းတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ အစိုးရက ရောင်းတာတော့ မမြင်ပါဘူး”

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကတော့ ဒီခရီးစဉ်ကို အကောင်းမြင်သူပါ။

“လက်ရှိတာဝန်ရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လာရောက်တွေ့ဆုံတယ်ဆိုတာက နှစ်နိုင်ငံရဲ့ အကျိုးစီးပွား နှစ်နိုင်ငံကြား ဆောင်ရွက်ရန်ရှိတာတွေကို လာရောက်ညှိနှိုင်းဆောင်ရွက်တယ်လို့ ကျနော် မြင်တယ်။ နှစ်နိုင်ငံအကျိုးစီးပွားကို win- win situation ပုံစံမျိုး ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်တယ်။”


မြန်မာ့အရေးလေ့လာသူ အမေရိကန်ပါမောက္ခ ဒေးဗစ် စတိုင်းဘတ် ကတော့

"ရန်ကျဲ့ချိရဲ့ ခရီးစဉ်ဟာ... သမ္မတ ရှီကျင့်ပင် ရဲ့ စာချုပ်တွေကို ဆက်လက်အကောင်ထည်ဖော်ရေးဖြစ်တယ်၊ သိပ်ပြီးထူးခြားတဲ့ ခရီးစဉ်မဟုတ်ပါဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းဖို့လိုတယ်၊ တရုတ်ကလည်း မြန်မာနဲ့ ဆက်ဆံရေး တိုးချဲ့လိုတယ်"


အရေးကြီးတာက တရုတ်နဲ့  ဘယ်ပမာဏအထိ ထဲထဲဝင်ဝင် ဆက်ဆံမလဲဆိုတာပါပဲ။ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရက တရုတ်သြဇာလွှမ်းမိုးချုပ်ကိုင်မှာကို မလိုလားပါဘူး။ ဒါ့အပြင် အမေရိကန်အပါအဝင် တခြားဘယ်နိုင်ငံက သြဇာလွှမ်းမိုးမှာကိုမှ သူတို့ မကြိုက်ပါဘူးလို့ ပြောပါတယ်။

လက်ရှိ ရန်ကျဲ့ချိ ခရီးစဉ်မှာ မြန်မာတွေပူပန်နေကြတဲ့ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ တရုတ်က မြန်မာကို ဖိအားပေးနိုင်မလားလို့ ဒေါက်တာ လှကျော်ဇောကို RFA ကမေးမြန်းခဲ့ပါတယ်။

“မြစ်ဆုံကိစ္စက စကတည်းက တရုတ်က လုပ်ချင်တာမဟုတ်ဘူး။ ဗိုလ်ချုပ်သန်းရွှေတို့က အတင်းသွားတောင်းဆိုတာ။ ဒီဘက်ကလည်း စားပုံရတယ်။ အခု အဲဒီတရုတ် စွမ်းအင်ကုမ္ပဏီ က ညွှန်ကြားရေးမှုးချုပ် ၂ ယောက်လုံး ဖမ်းထားပြီးပြီ။ ယူနန်က အုပ်ချုပ်ရေးမှုး ၂ ယောက် ကိုလည်း ဆက်တိုက်ဖမ်းထားပြီးပြီ။ နောက်တခုက သူတို့က  နေရောင်ခြည်တို့ လေတို့ အဲဒါတွေပိုပြီး အားသာနေတယ်။ မြစ်ဆုံကို တရုတ်ဘက်က သိပ်စိတ်မဝင်စားတော့ပါဘူး။ သူတို့နိုင်ငံမှာ စွမ်းအားက ပြည့်နေပြီ။ ဒါကြောင့် ဒီကိစ္စက ဘာမှ ပြဿနာမရှိဘူးထင်တယ်။ ကိုယ့်ဘက်က လုပ်ချင်ရင် လုပ်မှပဲ”

ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် က ...

"လက်ရှိ မြန်မာနဲ့ အမေရိကန်ဆက်ဆံရေးဟာ ရိုဟင်ဂျာပြဿနာကြောင့် ထိခိုက်နေတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ်  ဖိနှိပ်ချေမှုန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ရဲ့ ရပ်တည်ချက်က သိပ်ပြီး ခိုင်မာပြင်းထန်တယ်။ အပြစ်ရှိသူတွေကို အရေးယူဖို့အတွက် မြန်မာအစိုးရက သိပ်ပြီး လုပ်ကိုင်တာမတွေ့ရဘူး။

အဲ့ဒါကြောင့် အမေရိကန်နဲ့ မြန်မာဆက်ဆံရေး ဆိုးဝါးလာခဲ့ချိန်မှာ တရုတ်နဲ့ ဂျပန်အစိုးရတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမဝေဖန်ဘဲ ရေငုံနေကြတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲကို အထူးသတိထား စောင့်ကြည့်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအနေနဲ့ အရင်ကလို သောင်ပြိုကမ်းပြိုမနိုင်ရင်တောင် မဲအများအပြားရနိုင်ခြေရှိပါတယ်လို့ ဒေါက်တာ ဒေးဗစ် စတိုင်းဘာ့ဂ် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org