ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဖြစ်နိုင်ခြေနည်းသွားတယ်လို့ လေ့လာသူတွေ သုံးသပ်
2019.05.16
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အနိုင်ရပါတီက ရွေးချယ်သူတွေ ဝန်ကြီးချုပ်ဖြစ်လာနိုင်ရေးအတွက် ပြင်ဆင်မယ့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်စရာ နည်းသွားပြီလို့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~
ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဖြစ်နိုင်ခြေနည်းသွားတယ်လို့ လေ့လာသူတွေ သုံးသပ်
(ဝေမာထွန်း)
■၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ တစ်ခုတည်း ပြင်ဆင်ရေးကို သီးသန့်မဆွေးနွေးပဲ ပြင်ဆင်လိုတဲ့ ပုဒ်မအားလုံး ညှိနှိုင်းဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီထံ လွှဲအပ်လိုက်တဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်နိုင်ဖို့ ခက်ခဲသွားပြီလို့ တိုင်းရင်းသားတွေအပါအဝင် လေ့လာသူတွေက ပြောကြပါတယ်။
လာမယ့် ၂ဝ၂ဝ မတိုင်ခင် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ မျှော်လင့်ချက်မရှိဘူးလို့ ပြောလာသူတွေထဲမှာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်လည်း ပါဝင်ပါတယ်။
“ ၂ဝ၂ဝ အမှီဖြစ်ဖို့ကတော့ မျှော်လင့်ချက်မရှိဘူးလို့ပဲ မြင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် တည်ဆောက်လိုတယ်ဆိုရင် ကိုယ့်ရဲ့ လိုဘကို လျှော့ချပြီးတော့မှ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုရပါလိမ့်မယ်။ အဲလိုမျိုး လုပ်ချင်တဲ့ လုပ်နိုင်တဲ့ နိုင်ငံရေးအာသီတ ပြင်းပြတဲ့ အစုအဖွဲ့က လူထုရဲ့ ထောက်ခံမှုကို ရသွားမှာပေါ့နော်။ ဒါပေမဲ့ ဒီနေ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးလိုအပ်ချက် နိုင်ငံရေးလိုဘကို ခွာမချနိုင်ဘဲ ကြိုးစားနေတဲ့ အပိုင်းလို့ပဲ ကျနော်တို့က မြင်ပါတယ်။”
တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတကသာ တိုက်ရိုက်ခန့်အပ်ခွင့်ရှိတဲ့ပုဒ်မ ၂၆၁ ကို သက်ဆိုင်ရာလွှတ်တော်ကနေ ခန့်အပ်နိုင်ဖို့ ပြင်ဆင်လိုက်တဲ့ ဥပဒေမူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်နဲ့ လွှတ်တော်ထံ တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းအပေါ် လွှတ်တော်က အခုလ ၁၄ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လွှတ်တော် ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ဆိုပြီး ဖြစ်လာခဲ့ပါတယ်။
ပုဒ်မ ၂၆၁ ကို သီးသန့်ဆွေးနွေးဖို့ ထောက်ခံဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေ ၁၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အခြေအနေအပေါ် အခုလို သုံးသပ်ပါတယ်။
“ဥပဒေကြမ်းအဆိုတစ်ခုကို ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးပြီးတင်လာလို့ရှိရင် လွှတ်တော်မှာဆွေးနွေးရမယ်လို့ ဥပဒေမှာ ပါရဲ့သားနဲ့ အခုလိုမျိုးဖြစ်တဲ့အခါမှာ အငြင်းပွားမှုတွေဖြစ်လာတယ်။ အဲဒါကြောင့်မို့ လာမယ့် ၄၅ ဦး တင်တဲ့ ဖွဲ့စည်းပုံကို ဆွေးနွေးတဲ့အခါမှာ အဖြေတစ်ခုထွက်လာလိမ့်မယ်။ ၇၅ ရာခိုင်နှုန်းကျော်မှ ဒီပုဒ်မကို ပြင်လို့ရမယ်လို့ ဖွဲ့စည်းပုံမှာ အတိအလင်းပြောထားတဲ့အတွက် ၂၆၁ ကို တင်လာတဲ့အခါ တပ်မတော်ဘက်က ဘယ်လိုမျိုးနဲ့ ဆွေးနွေးလာမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ သူတို့ ထောက်ခံမှုမရှိဘူးဆိုရင် ၂၆၁ က လက်လွှတ်ရလိမ့်မယ်လို့ ပြောချင်တယ်။”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက ပုဒ်မပေါင်း ၄၅၇ ခုလုံးကို လေ့လာစိစစ်ပြီး ပြင်ဖို့ဆောင်ရွက်နေတာဖြစ်လို့ ကြန့်ကြာနိုင်တယ်လို့ ပြောပါတယ်။
“ဒီကော်မတီဖွဲ့စဉ်တည်းက ၁ ကနေ ပုဒ်မပေါင်း ၄၅၇ လုံးကို စိစစ်ပြီးတော့ အကုန်လုံးတပေါင်းတည်း ပြင်မယ်ဆိုတော့ ဒီဟာက အချိန်ကြန့်ကြာနိုင်တဲ့အနေအထားရှိလို့ ကျနော်တို့က ဒီ ၂၆၁ ကို ပြင်နိုင်ရေးအတွက် ဥပဒေနဲ့အညီဆောင်ရွက်တာလေ။ တိုင်းရင်းသားအခွင့်အရေးကို မြန်မြန်ရအောင် ကျနော်တို့လုပ်တာ။ ကြန့်ကြာအောင်လုပ်တဲ့ ပုံစံမျိုးဖြစ်အောင် သူတို့တွေလုပ်တဲ့အပေါ်မှာတော့ ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်ဗျ။ ပုဒ်မပေါင်း ၄၅၇ ခုလုံးကို သုံးသပ်နေမယ်ဆိုရင်တော့ ကြန့်ကြာမှုတွေဖြစ်သွားနိုင်တယ်လို့ ဒီလိုပဲ ကျနော်မြင်ပါတယ်ခင်ဗျ။”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ မေလ ၁၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ အဓိပ္ပါယ်ဖွင့်ပေးနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကျလာပြီးနောက်မှသာ ပြည်ထောင်စု လွှတ်တော်နာယကအနေနဲ့ ဥပဒေဘောင်ကျော်လွန် လုပ်ဆောင်မှုရှိ၊ မရှိ အပိုင်းကို ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောတယ်။
တပ်မတော်ဘက်က သဘောထားကို ကြည့်မယ်ဆိုရင်လည်း NLD က ဦးဆောင်ဖွဲ့စည်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းစဉ်ကတည်းက ဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာတွေရှိသလို မေလ ၁၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်ဟာလည်း ဒီမိုကရေစီအနိုင်ကျင့်တာဖြစ်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောထားကို တွေ့ရမှာပါ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ နာမည်လိုချင်တဲ့ အခြေအနေတွေကို သိသိသာသာတွေ့နေရတယ်လို့ ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ နာမည်လိုချင်ကြတာပေါ့နော်။ အန်အယ်လ်ဒီက ဦးဆောင်ပြီးတင်တာမို့ ပြည်ခိုင်ဖြိုးက ဦးဆောင်ပြီးတင်တာမို့လိုဆိုတဲ့ သူတင်မယ်ငါတင်မယ် လုတာမျိုးအဖြစ်နဲ့ မြင်ရတာပေါ့နော်။ သို့သော်လည်း NLD ကော်မတီကနေပဲ ဒီ ၂၆၁ ကိုပဲ မူလစာသားတွေအတိုင်း သူတို့ကော်မတီအနေနဲ့ တင်လို့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်က ကန့်ကွက်တယ်ဆိုရင် ကိုယ်တင်တာမဟုတ်လို့ ကန့်ကွက်တာ အထဲက ပါတာက အတူတူပဲဆိုတဲ့ ရိုက်ခတ်မှုလည်း ရှိနိုင်တယ်။ ရှိနိုင်တဲ့အခါကျတော့ ကန့်ကွက်လိမ့်မယ်လို့ ကျနော် မထင်ဘူး။ ကန့်ကွက်လို့ရှိရင်တော့ ကလေးဆန်တာပေါ့နော်။”
လွှတ်တော်ပြင်ပဆောင်ရွက်ချက်တွေကြည့်မယ်ဆိုရင် မနေ့က တောင်ကြီးမြို့မှာ တပ်မတော် ထောက် ခံပွဲနဲ့ အတူ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို လူအင်အား ၁ဝဝဝ ခန့်နဲ့ ဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။
တပ်မတော်သားအငြိမ်းစားအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးက လက်ရှိလွှတ်တော်တွင်း အခြေအနေတွေအရ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ပြီးဖို့ ခဲယဉ်းတယ်လို့ ပြောပါတယ်။
“၂၆၁ ပြင်ဆင်ရေးက လွှတ်တော်ထဲမှာတင်လည်နေတယ်။ လည်နေတယ်ဆိုတဲ့ သဘောတရားက သွားမယ့်အချိန်နဲ့ဆိုရင် ၂ဝ၂ဝ ဖြစ်ဖို့က အခုအနေအထားတိုင်း ကြည့်မယ်ဆိုရင် ခဲ့ယဉ်းတယ်။ လွယ်လွယ်ကူကူနဲ့ ဖြစ်သွားနိုင်ပါ့မလားဆိုတာ ကျနော်တို့က ဆက်စောင့်ကြည့်ရမယ့် အနေအထား ၂ဝ၂ဝ ကျရင် ပထမ ၆ လလောက်ပဲ ကျနော်တို့က ပြင်ဆင်ရေးမှာ အပြီးသတ်ဖို့ စဉ်းစားရမှာလေ။ အဲတော့ လောလောဆယ်အနေအထားက ဒါကို ပြင်ဖို့မှာတင်သွားတဲ့ နည်းလမ်းက သိပ်မရှင်းလင်းဘူး ဖြစ်နေတာပေါ့ဗျာ။”
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ ပြင်ဆင်လိုတဲ့ ဥပဒေပုဒ်မတွေ၊ ပြင်ဆင်လိုတဲ့အချက်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို လာမယ့် ဇူလိုင်လအတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။
အစီရင်ခံတင်သွင်းလို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးနောက်မှာ မဲပုံးထောင် မဲပေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမှာ ဖြစ်ပါတယ်။