ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လိုရှိပါသလဲ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး ၃ဝ ဦးကော်မတီဝင် ရှေ့နေကြီး ဦးအောင်သိန်းက လက်ရှိအစိုးရသက်တမ်းအတွင်းမှာတော့ ဒီကိစ္စမဖြစ်နိုင်တော့ဘူးလို့ RFA ကိုပြောပါတယ်။
-
ခင်မောင်စိုး
2020-08-18 -
-
-
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ ပြင်နိုင်ရေးအတွက် ဘယ်လိုအခြေအနေတွေ လိုအပ်မှာလဲ။ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး ၃ဝ ဦးကော်မတီဝင် ရှေ့နေကြီး ဦးအောင်သိန်းက လက်ရှိအစိုးရသက်တမ်းအတွင်းမှာတော့ ဒီကိစ္စမဖြစ်နိုင်တော့ဘူးလို့ RFA ကိုပြောပါတယ်။
“ရွေးကောက်ပွဲကာလနဲ့ နီးကပ်လာတဲ့အခါမှာ ရွေးကောက်ပွဲကိစ္စတွေကို ဦးစားပေးဆောင်ရွက်ရမယ့် အခြေအနေမျိုး ရှိတဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကတော့ လောလောဆယ် ဒီ ၂ဝ၂ဝ အတွင်းမှာ မဖြစ်နိုင်ဘူးလို့ ကျနော်ယူဆတယ်။ နောက်သက်တမ်းတခုမှာလည်း ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရမယ်ဆိုရင်တော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆုံးခန်းတိုင်ထိ ဆက်လုပ်သွားနိုင်မယ်လို့ ကျနော်ထင်ပါတယ်”
ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD က ဘာဖြစ်လို့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့တယ် ထင်ပါသလဲလို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါရဂူဘွဲ့ရခဲ့တဲ့ ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန် ကို မေးမြန်းခဲ့ရာမှာတော့-
“၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ နောက်ခံသမိုင်းကို သိပ်ပြီးတော့ သူတို့က ဂရုမစိုက်ဘူး။ ပုဒ်မ ၁ ကနေ ပုဒ်မ ၄၈ အထိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဒသန၊ ပုဒ်မ ၄၉ ကနေ ဟိုးနောက်ဆုံးအထိက Structure ဖွဲ့စည်းမှုသဏ္ဍာန်ပေါ့။ ၄၃၆-က နဲ့ ဆိုင်တဲ့ဟာတွေက ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ ဒဿနလည်းပါတယ် Structure လဲပါတယ်။ ကျန်တဲ့ဟာတွေအားလုံးက essence လို့ခေါ်တဲ့ အခြေခံဥပဒေရဲ့ အနှစ်သာရတွေဖြစ်တယ်။ ဒီ ၄ ခုလုံးကို သေသေချာချာလေ့လာပြီး ခွဲပြီးတော့သိဖို့ လိုတယ်လို့ ကျနော်ထင်တယ်။ ကျနော်တွေ့တာကတော့ ပြည်သူက ဒီအခြေခံဥပဒေကို ဖတ်လဲမဖတ်ဘူး နားလည်းမလည်ဘူး။ တခုတော့ရှိတယ် တပ်မတော်က ရေးတဲ့ဟာဖြစ်တဲ့အတွက် မကောင်းဘူး ဒီမိုကရေစီမကျဘူး အဲဒီတခုပဲ သိတယ်”
ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က NLD ဟာ ၂ဝ၁၆ ကနေ ၂ဝ၁၉ အထိ စောစောပိုင်းကာလတွေအတွင်း ဖွဲ့စည်းပုံပြင်ရေးအတွက် တစုံတရာ ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ပြောပါတယ်။ ဦးအောင်သိန်းမှာတော့ သူနဲ့ ကွဲလွဲတဲ့အမြင် ရှိပါတယ်။
“အစောကြီးက ပြင်နိုင်ရင် ကျနော်တို့ ဒီအုပ်ချုပ်ရေးယန္တရားရဲ့ လုပ်ဆောင်မှုတွေက ကျနော်တို့ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့လုပ်သင့်လုပ်ထိုက်တဲ့ အချိန်တခုမှာ ဒီဖွဲ့စည်းပုံပြင်ရေးကို NLD အစိုးရက ဆောင်ရွက်တယ်ပေါ့နော်။ တပ်ပိုင်းဆိုင်ရာတွေ တော်တော်များများက လက်မခံတဲ့ သဘောထားတွေရှိတယ်။ နောက်တခါ လက်ခံပြန်တော့လည်း ကျနော်တို့ဘက်က ပြင်နိုင်တဲ့အခြေအနေကို တင်တဲ့အခါကျတော့လည်း ၇၅ ရာခိုင်နှုန်းက မကျော်တဲ့အတွက်ကြောင့် ဟိုဟာဖြစ်ခဲ့ရတာရှိတယ်ပေါ့နော်။ နောက်ဆုံးကျနော်တို့ referendum ခေါ်ဖို့အတွက် အချိန်မရတဲ့အတွက် နောက်သက်တမ်းအတွက် ဆက်ပြီး ထားလိုက်တာပေါ့နော်”
ဖွဲ့စည်းပုံကို အမြန်ဆုံးဘယ်လိုပြင်နိုင်မလဲဆိုတဲ့ အချက်အပေါ် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် ရဲ့ အမြင်က-
“တိုင်းရင်းသားပြည်နယ် ၇ ခုရဲ့ အမျိုးသားလွှတ်တော်က ၈၄ ယောက်၊ ပြည်သူ့လွှတ်တော်က ၁၁၉ ယောက် ၊ အားလုံးပေါင်း ၂ဝဝ ကျော်တယ်။ တပ်မတော်ဆိုတာ ၆၆ မဲပဲရှိတယ်။ တိုင်းရင်းသားတွေနဲ့ ညီညွတ်မှုမရတော့ ၂ဝဝ၈ ကို သူတို့လိုချင်တဲ့ပုံစံနဲ့ ဘယ်ပြင်နိုင်မလဲ။ နံပါတ်တစ်က တိုင်းရင်းသားတွေနဲ့ ညီညွတ်ဖို့လိုတယ်။ နံပါတ်နှစ်က ညီပြီးမှ တပ်မတော်ကို ခုနပြောတဲ့ အချက်လေးချက်နဲ့ ညှိနှိုင်းနိုင်ဖို့ လိုတယ်။ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီထဲမှာ ပါတဲ့ တပ်မတော်ဘက်ကလူကြီးတချို့ ကျနော်ပြောဖူးတယ်။ ညှိချင်တယ်။ တပ်မတော်ဘက်က”
ရှေ့နေကြီး ဦးအောင်သိန်း ကတော့...
“ဖွဲ့စည်းပုံပြင်ဆင်ရေး အားလုံးအဆင်ပြေချောမောဖို့ ဆိုရင် တပ်မတော်ကလည်း စိတ်ကောင်းစေတနာကောင်းနဲ့ မှန်မှန်ကန်ကန် ပြင်မယ်၊ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ အနိုင်ရပါတီတွေကလည်း မိမိတို့ရဲ့ ခံစားချက်တွေကို ဇောင်းမတင်ပဲနဲ့ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် နိုင်ငံတော်ရဲ့ တည်တံ့ခိုင်မြဲရေးအတွက်ကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်လို့ ကျနော်ထင်တယ်ခင်ဗျ”
လာမယ့်ရွေးကောက်ပွဲအလွန်မှာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေ ဘယ်လိုပေါ်ထွက်လာမှာလဲ။ စောင့်ကြည့်ရမှာဖြစ်ပါတယ်။