ရခိုင်မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကျန်းမာရေးဌာန လေ့လာနေ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု အတိုင်းအတာနဲ့ ပိုးရဲ့ ပုံသဏ္ဍာန်တွေကို သိနိုင်ဖို့ ပိုးကူးစက်ခံရနိုင်ခြေများတဲ့ လူနေထူထပ်တဲ့နေရာတွေက လူတစ်ထောင်လောက်ကို ကျန်းမာရေးဌာနက စစ်ဆေးနေပါတယ်။
-
နေမျိုးထွန်း
2020-09-01 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု အတိုင်းအတာနဲ့ ပိုးရဲ့ပုံသဏ္ဍာန်တွေကို သိနိုင်ဖို့ ပိုးကူးစက်ခံရနိုင်ခြေများတဲ့ လူနေထူထပ်တဲ့နေရာတွေက လူတစ်ထောင်လောက်ကို ကျန်းမာရေးဌာနက စစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က အတည်ပြုလူနာတွေမှာ ရောဂါလက္ခဏာ မပေါ်လွင်တာကြောင့် ကူးစက်နိုင်ခြေ များတဲ့ ဈေးတွေ၊ ဘဏ်တွေ၊ ဆေးရုံ၊ လေဆိပ်တွေအပြင် အတည်ပြုလူနာများတဲ့ ရပ်ကွက်တချို့နဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကျပန်းစနစ်နဲ့ ရွေးချယ်စစ်ဆေးသွားမယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ကူးစက်ခံရသူတွေဟာ NGO လို့ခေါ်တဲ့ အကူအညီပေးရေးအဖွဲ့မှာ လုပ်ကိုင်နေသူတွေ၊ ဘဏ်ဝန်ထမ်းတွေ စသဖြင့် အလွှာအသီးသီးက ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
“ကူးစက်တဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် ဘဏ်ဝန်ထမ်းရယ်၊ အုပ်ချုပ်ရေးရာဝန်ထမ်းနော်၊ INGO, NGO တွေက ဝန်ထမ်းတွေလည်းပါတယ်။ နောက်တစ်ခုက ကျန်းမာရေး ဝန်ထမ်းတွေလည်းပါတယ်။ တနည်း အားဖြင့် အလွှာပေါင်းစုံ အလုပ်အကိုင်ပေါင်းစုံ ပါဝင်တယ်။ ၁၅ နှစ်ကနေ ၃၀ အတွင်း အမျိုးသမီးတွေက များတာရယ်ဆိုတော့ ဈေးကများ ဖြစ်မလားပေါ့နော်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားမှုကို ကျွန်မတို့က အဲဒီလို ယူဆတာပေါ့။ လူမှုအသိုင်းအဝန်းမှာဆိုရင် ဘယ်လောက်ကူးစက်မှုတွေရှိနေသလဲဆိုတဲ့ နေရာမျိုးတွေကအစ ဆောင်ရွက်နေတာဖြစ်ပါတယ်”
ရခိုင်မှာ လူနာ ၁၀၀ မှာ ၁၆ ယောက်လောက်ပဲ ရောဂါလက္ခဏာပြတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အခု ဗိုင်းရပ်စ်ပိုးဟာ ကူးစက်မှုနှုန်းမြန်ပြီး လက်ရှိ စစ်တွေပြည်သူ့ဆေးရုံမှာ ရောဂါလက္ခ္ခဏာ ပြင်းထန်သူ သုံးဦး တွေ့လာတယ်လို့လည်း ဆိုပါတယ်။
စစ်တွေစည်ပင်သာယာဈေးကြီးမှာ ဈေးရောင်းနေတဲ့ ဦးထွန်းချေက ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှာ စိုးရိမ်လို့ ကျန်းမာရေးဌာနက ဈေးတွေမှာ စစ်ဆေးပေးတာကို သဘောကျတယ်လို့ ပြောပါတယ်။
“လာလို့ စစ်ဆေးမယ်ဆိုတော့ ကြိုဆိုတာပေါ့ ကောင်းတဲ့အလုပ်ပဲဟာကိုး။ ဒါပေမဲ့ တစ်နေ့လုပ်မှ တစ်နေ့ စားမယ့်ဆိုတော့ နှာခေါင်းစည်းတွေ ဘာတွေတပ် ကာကွယ်ပြီးတော့မှ ရောင်းရတာပေါ့။ မရောင်းဘဲ နေလို့မှ မရတာ။ ဈေးမှာက မတစ်ထောင်သား ရောင်းနေတာပေါ့။ ဘယ်သူမဆို လာဝယ်လို့ရတယ်ပေါ့။ ဘယ်သူမှာ ပိုးပါတယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒါပေမဲ့ ဈေးကိုပဲ အမှီပြုလုပ်စားနေရတာဆိုတော့ မရောင်းလို့လည်းမရဘူး ရောင်းရတာပဲ”
စစ်တွေမြို့ နန်းရွှေဂူ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးနိုင်ချေက ဒေသတွင်း တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းလောက်ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပြီး စခန်းတွေထဲ ဗိုင်းရပ်စ်ပိုးရောက်လာရင် ကူးစက်မှု ထိန်းချုပ်ရ ခက်နိုင်တယ်လို့ ပြောပါတယ်။
“ကြိုတင်ကာကွယ်တားဆီးမှုအနေနဲ့ သြဂုတ်လ ၁၆ ရက်နေ့စပြီး အပြင်ကို ဘယ်သူမှ မထွက်ရတော့ဘူး။ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း အပြင်ကလူလည်း အတွင်းကို မဝင်ရဘူး။ အဲဒီလို စိုးရိမ်မှုရှိလို့ အပြင်ကို မထွက်ရဘူးလို့ ချထားတယ်လေ။ ဒုက္ခသည်စခန်းမှာက ဒီလို ပိုးတွေ့ပြီဆိုရင် အကုန်လုံး ဒုက္ခရောက်မှာပေါ့ လူက ရာနဲ့ချီရှိပြီး ရှိတာကိုး။ အခုလို ကျန်းမာရေးပိုင်းနဲ့ ပတ်သက်လို့ ကောင်းတာ လုပ်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်”
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၅ မြို့နယ်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်နေပြီး ကူးစက်ခံရတဲ့အထဲ ကျန်းမာရေးဝန်ထမ်းတွေလည်း ၁၀ ရာခိုင်ကျော် ပါဝင်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်ခံရမှု မြင့်တက်နေဦးမှာဖြစ်ပြီး ဘယ်လောက်အထိ မြင့်တက်မယ်၊ ဘယ်အချိန် မြင့်တက်မှု တန့်သွားမယ်ဆိုတာဟာ ပြည်သူလူထုနဲ့ အစိုးရရဲ့ ချိန်ကိုက် လုပ်ဆောင်မှုပေါ်မှာ မူတည်နေတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းအထိ အတည်ပြုလူနာ ၃၄၈ ဦးအထိ ရှိနေပြီး အများဆုံး တွေ့ရှိရတာဟာ စစ်တွေမြို့က ဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ကူးစက်နှုန်း ၁၀ ဆ မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးစိတ်သစ်ကို တွေ့ရှိထားပြီး တခြားနိုင်ငံတွေလို ဒုတိယအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့လာနိုင်တဲ့အတွက် ကပ်ဘေးကာလ ညွှန်ကြားချက်တွေနဲ့ အညီ ဂရုစိုက် သွားလာနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အတည်ပြုလူနာတွေထဲက ဓာတ်ခွဲနမူနာ ၁၀ ခုမှာ ၆ ခုက ၁၀ ဆအထိ ကူးစက်နိုင်တဲ့ ရောဂါပိုး ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာနက သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။