စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-အိန္ဒိယ ဆက်ဆံရေး

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ မြန်မာနဲ့ အိန္ဒိယကြား ဆက်ဆံရေးအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်က ဒုက္ခသည် ပြဿနာ၊ အိန္ဒိယရဲ့ လက်နက်ဈေးကွက်ဆိုင်ရာအနေအထားတွေနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။

၂ဝ၁၇ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ချိန် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကို တွေ့ရစဉ်။ Photo: Reuters

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ အနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းစေဖို့ အကြောင်း အချက်တွေ ရှိနေပေမယ့် စွန့်စားရမှာတွေလည်း ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်စောင်၊ အမေရိကန်အခြေစိုက် CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာမသိမ်းခင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ နဲ့ အကြီးတန်း အရာရှိတွေက မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မိုဒီအစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို မျက်နှာလို မျက်နှာရ လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအနိုင်ရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်တာဖြစ်ကြောင်း နရင်ဒရာမိုဒီက တွစ်တာ လူမှုကွန်ရက်က တဆင့် ဖော်ပြခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့မှာလည်း မိုဒီအစိုးရ နိုင်ငံခြားရေးဝန်‌ကြီးဌာနက အိန္ဒိယအနေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အားပေးထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် ထိန်းသိမ်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မြန်မာ့လက်ရှိအခြေအနေတွေအပေါ် အလေးအနက် စိုးရိမ်ကြောင်းထုတ်ပြန်ပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီး ဆယ်လအတွင်း မိုဒီအစိုးရဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ အားပေးခဲ့သလို အကြမ်းဖက်မှုတွေကိုလည်း ပြစ်တင် ပြောဆိုခဲ့ပါတယ်။ မတ်လ ၁၈ ရက်နေ့ကတော့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက အရုနာချယ်ပရာဒက်၊ မဏိပူ၊ မီဇိုရမ်နဲ့ နာဂလဲင်း ပြည်နယ်တွေအတွင်း၊ ချင်းပြည်ကနေ မြန်မာဒုက္ခသည်တွေ ဝင်ရောက်လာနေကြတာကို သင့်တော်တဲ့နည်းလမ်းနဲ့ တားဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒီအချိန် မီဇီုရမ်မှာ ချင်းဒုက္ခသည် တစ်ထောင်ဝန်းကျင် ရောက်ရှိနေပါပြီ။ အဲဒီကစလို့ အိန္ဒိယနိုင်ငံအတွင်း ချင်းဒုက္ခသည်တွေ တဖွဲဖွဲ ဝင်ရောက်လာနေကြရာမှာ၊ အခုအခါ လူတစ်သောင်းကျော် ရောက်ရှိနေပြီး၊ နယ်စပ်မှာ ချင်းဒုက္ခသည်သုံးသောင်းဝန်းကျင် ပိတ်မိနေတာပါ။ မိုဒီအစိုးရကလည်း ချင်းပြည်နယ်နဲ့ နယ်စပ် တစ်လျှောက် လူသားချင်း စာနာကူညီရေး မြင့်တက်လာနေတဲ့ပြဿနာ၊ လျော့ပါးသွားအောင် နည်းလမ်းစုံနဲ့ ကြိုးစားနေရပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာ ကူညီရေးအဖွဲ့တွေကိုလည်း ဝင်ခွင့်ပိတ်ပင်ထားတာ ကြောင့် အိန္ဒိယရောက် ချင်းဒုက္ခသည်တွေနဲ့ ချင်းပြည်နယ်တွင်းက နေရာရွှေ့ပြောင်းရသူတွေ အခက်တွေ့ နေရပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်ပြည်ထောင်စု နဲ့ တခြားနိုင်ငံတွေကို သွားရောက်မယ့် ချင်းဒုက္ခသည်တွေကို ထွက်ခွာခွင့်ဗီဇာ ဆိုင်းငံ့ထားလို့ အခက်တွေ့နေရသလို ဒုက္ခသည်တွေနဲ့ နေရာ ပြောင်းရွှေ့ကြရသူ စုစုပေါင်း လေးထောင်ကျော် ဟာလည်း စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာ၊ အဝတ်အထည် စတဲ့ အခြေခံ လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ကိုဗစ်-၁၉ ကာကွယ်ဆေးလည်း ထိုးနှံခွင့်မရကြပါဘူး။

မြန်မာစစ်တပ်ရဲ့ မတ်လ ၂၇ရက်၊ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်တဲ့ နိုင်ငံ ၈ နိုင်ငံထဲမှာ အိန္ဒိယလည်း ပါဝင်ပါတယ်။ အိန္ဒိယသံရုံးက စစ်သံမှူးကိုယ်တိုင် တက်ရောက်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ လာအို၊ ပါကစ္စတန်၊ ရုရှား၊ ထိုင်း နဲ့ ဗီယက်နမ်တို့က ဆိုင်ရာ သံရုံး ကိုယ်စားလှယ်တွေသာ တက်ရောက် ကြပါတယ်။ ဒါ့ပြင် မြန်မာမှာ အာဏာသိမ်းပြီး ကတည်းက မိုဒီအစိုးရက မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချခဲ့ပါတယ်။ အိန္ဒိယအစိုးရ ရှယ်ယာအများဆုံးပါဝင်တဲ့ လက်နက်ကုမ္ပဏီ Bharat အီလက်ထရောနစ် လိမိတက်ကလည်း အဝေးထိန်းစနစ်သုံး လေကြောင်းကာကွယ်ရေးဌာနတစ်ခု ဒီနှစ်ဇူလိူင်လက တည်ဆောက် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကတော့ မြန်မာနိုင်ငံတွင်း လက်နက်တွေ စီးဝင်နေ တာကို ရပ်ဆိုင်ဖို့ ကုလသမဂ္ဂက တားမြစ်ခဲ့ပေမဲ့၊ အိန္ဒိယကတော့ မလိုက်နာခဲ့ပါဘူး။

အိန္ဒိယ မြန်မာနယ်စပ်မှာလည်း နာဂပြည် အမျိုးသားဆိုရှယ်လစ်ပါတီ NSCN နဲ့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့လို လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးအကျိုးအမြတ်ဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ် ပတ်သက်နေတာပါ။ မြန်မာရဲ့သဘာဝဓာတ်ငွေ့၊ လောင်စာဆီ၊ မြေရှားသတ္တု စတဲ့ သယံဇာတတွေဟာ အိန္ဒိယရဲ့ အဆင့်မြင့်စက်မှုကဏ္ဍအတွက် အလွန်အသုံးတည့်တာပါ။ တည်ငြိမ်တဲ့ အစိုးရတစ်ရပ် မြန်မာမှာ ရရှိမယ်ဆိုရင်၊ အိန္ဒိယရဲ့ ကုလားတန် ဘက်စုံ ဆက်သွယ်ရေးစီမံကိန်း အတွက် အလွန်တရာအကျိုးရှိမှာဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ ချင်းနဲ့ ရခိုင်ပြည်နယ်ကို ဖြတ်သန်းသွားမှာဖြစ်ပြီး အိန္ဒိယကနေ မြန်မာနဲ့ ထိုင်းအထိ ပေါက်မယ့် သုံးလမ်းသွား အဝေးပြေးလမ်း စီမံကိန်းလည်း ပါဝင်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org