ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်း

ပြည်ထဲရေးဝန်ကြီးသစ် လက်ထက်မှာ ရဲမှူးချုပ် နှစ်ဦးကို အရေးယူထားပြီး အခြား ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတယ်လို့ သမ္မတရုံးက ပြောပါတယ်။

မန္တလေးတိုင်းအတွင်း လုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၀၊ ဧပြီ ၁၉ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ခေမဏီဝင်း/ RFA

ပြည်ထဲရေးဝန်ကြီးသစ် လက်ထက်မှာ ရဲမှူးချုပ် နှစ်ဦးကို အရေးယူထားပြီး အခြား ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ စတင်တာဝန်ထမ်းဆောင်တဲ့ ပြည်ထဲရေး ဝန်ကြီးသစ် လက်ထက်မှာ ရာထူးမြင့်တဲ့ အရာရှိကြီးတစ်ဦးကို ထောင်ဒဏ်အပြစ်ပေး အရေးယူမှု ပထမဆုံးဖြစ်ပါတယ်။ ဒီလိုအရေးယူမှုတွေ လုပ်နေပေမယ့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဒီထက်ပိုပြီး လုပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ် အဆင့်ရှိတဲ့ ရထား ရဲတပ်ဖွဲ့မှူးတစ်ဦးနဲ့ ရဲမှူးချုပ် တစ်ဦးတို့ကို ထောင်ဒဏ်ချမှတ်တာ၊ ရဲတပ်ဖွဲ့က ထုတ်ပယ်တာတွေ လုပ်ခဲ့တယ်လို့ သမ္မတအိမ်တော်မှာ ဇွန်လ ၁၉ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

“အခု ပြည်ထောင်စုဝန်ကြီးသစ် ရောက်ရှိလာပြီး အရေးယူတဲ့ အပိုင်းမှာ ရထား ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တစ်ယောက် ထုတ်ပစ် ပြီးတော့ ထောင်တစ်နှစ် ကျခံရတယ်။ အဲဒါကို ကာယကံရှင်က အသနားခံစာ တင်ပြတော့ သက်ဆိုင်တဲ့ ပြည်ထဲရေးဝန်ကြီးက ခြောက်လလျှော့ပေးလိုက်တော့ မူလ တစ်နှစ်ကနေပြီးတော့ ခြောက်လဖြစ်သွားတယ်။ နောက်တစ်ယောက်ကတော့ ရဲထောက်ချုပ် ရဲမှူးချုပ်တစ်ဦး သူကတော့ ထုတ်ပစ်တဲ့ ပြစ်ဒဏ်ချထားတယ်။“

ဘယ်ကိစ္စကြောင့် အရေးယူလိုက်တယ်ဆိုတာကိုတော့ သမ္မတရုံးက ပြောဆိုခြင်းမရှိပါဘူး။

ရဲတပ်ဖွဲ့မှာ အထက် အကြီးအကဲတွေကိုယ်တိုင် အဂတိ မကင်းတာတွေ ရှိတာကြောင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဒီလိုအရေးယူမှုကို ဆက်တိုက်ဆောင်ရွက် သွားဖို့ လိုတယ်လို့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောပါတယ်။

“ကျနော့်အတွေ့အကြုံအရ အဂတိမကင်းလို့ အရေးယူတယ်လို့ ယူဆရတယ်။ အဂတိမကင်းလို့ အရေးယူတယ် ဆိုရင် ဒီအရေးယူမှုကို ကြိုဆိုရမယ်လို့ မြင်ပါတယ်။ ရဲတပ်ဖွဲ့မှာ အထက် အကြီးအကဲတွေကိုယ်တိုင် အဂတိတရား မကင်းဘူး။ ဒါကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုတယ်။ တစ်ဦးတစ်ယောက်တည်းကို အရေးယူတာမျိုး နဲ့ ပြီးမသွားဘဲနဲ့ အထက်အကြီးပိုင်းတွေမှာ အဂတိ မကင်းတာတွေကို ဆက်တိုက် အရေးယူနိုင်မယ်ဆိုရင်တော့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရမ်းကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်မယ်လို့ မြင်ပါတယ်။ ဒါကိုဆက်ပြီးတော့ ဆက်တိုက်လုပ်သွားဖို့ လိုတယ်။“

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ နယ်ခြားစောင့် ရဲစခန်းတွေ ပထမဆုံး တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိတဲ့ ရဲမှူးချုပ် တစ်ဦးကို ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခဲ့တာရှိပါတယ်။ အဲဒီ နောက်ပိုင်း အဆင့်မြင့် ရဲအရာရှိတွေကို အရေးယူမှုက မရှိသလောက်ဖြစ်ပြီး အခုအရေးယူမှုက အကြီးဆုံး ပြစ်ဒဏ် ချမှတ်မှု တစ်ခု ဖြစ်တာကြောင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ကောင်းမွန်လာနိုင်တယ်လို့ မျှော်လင့်နေသူကတော့ ရဲဝန်ထမ်းဟောင်း ကိုမြတ်သူဟိန်းပါ။

“ဝန်ကြီးသစ်ကလည်း တပ်ဖွဲ့ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ ပြဿနာတွေအပေါ်မှာ အာရုံစိုက်ပြီး ဒီလိုအပြစ် ပေးတာက ကောင်းပါတယ်။ မကောင်းတဲ့သူတွေကို ဒီလိုဖယ်ထုတ်တယ်ဆိုရင် ကောင်းတဲ့သူတွေပဲ ကျန်ခဲ့မှာ။ အဲတော့ ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး ဝမ်းသာစရာ ကောင်းပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့မှာ ရာထူးပေးတာတို့ ပြောင်းရွှေ့မိန့်ထုတ်တာတို့ အဲဒီအပေါ်မှာ ကိုယ်နဲ့အဆင်ပြေတဲ့သူတွေကို ဦးစားပေးပြီး ရာထူးပေးတာတွေ အများကြီးရှိတယ်။ ဒါကတော့ အဂတိမကင်းဘဲ ဒီလိုမျိုးတွေ လုပ်နေတာက ကျနော်တို့ တပ်ဖွဲ့မှာ ကြာပြီ။"

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း မကွေးမြို့က ထမင်းဆိုင်တစ်ခုမှာ ရန်ဖြစ်နေသူတွေကို အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းရာမှာ သေနတ်ကိုင်ဆောင်ခဲ့တဲ့ အထိဖြစ်ခဲ့တဲ့အပြင် ရိုက်နှက်တာတွေလည်း ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာပါဝင်ခဲ့တဲ့ ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးကို ရဲစည်းကမ်း ဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ပြည်ထဲရေး ဝန်ကြီးသစ်လက်ထက် ရာထူးမြင့်တဲ့ အရာရှိကြီးတွေကို ထောင်ဒဏ်အပြစ်ပေး အရေးယူမှုတွေ လုပ်နေပေမယ့် လူအများ စိတ်ဝင်စားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ နစ်နာခဲ့တဲ့ မိသားစုရဲ့ အချက်အလက်တွေကို ထုတ်ဖော်ခဲ့တဲ့ ရဲအရာရှိကြီး သုံးယောက်ကို ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်လောက်သာချပြီး အရေးယူ ထားတဲ့အပေါ်မှာတော့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ရဲလုပ်ထုံးလုပ်နည်းတွေ မပြည့်စုံခဲ့လို့ အမှုမှန်မပေါ်ခဲ့တာလို့ ဗစ်တိုးရီးယားအမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို Facebook အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

“ရဲလုပ်ထုံးလုပ်နည်းတွေ မပြည့်စုံခဲ့လို့ သမီးလေးအမှုသည် အမှုမှန်ပေါ်ဖို့ရာ ရှင်းရှင်းလင်းလင်းရှိနေရဲ့သားနဲ့ ပေါ်မသွားခဲ့ဘူး။ အဲဒီအပိုင်းကို သူတို့ အပြစ်ပေး အရေးယူမှုတွေ မလုပ်ဘဲနဲ့  နောက်က သမီးလေး နာမည် ထုတ်ပြောတာကိုပဲ အရေးယူ နေတယ်။ ကျနော်တို့လိုချင်တာက သူတို့ကိုအရေးယူတာက သူတို့မှားလို့ အရေးယူတာက တစ်ပိုင်း။ တစ်ပိုင်းက သမီးလေး အမှုမှန် ပေါ်စေချင်တာက တစ်ပိုင်း ။ သမီးလေး အမှုမှန်ပေါ် ဖို့အတွက် သူတို့က ဘာမှလုပ်မပေးသေးဘူးဖြစ်နေတာ။"

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ နေ့မှာ တရားဥပေဒစိုးမိုးမှုက အဓိက စိန်ခေါ်မှု ဖြစ်တာကြောင့် အသေအချာ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့ပြီး နောက်ပိုင်း အခုလို အရေးယူမှုတွေ လုပ်ဆောင်လာတာကိုတွေ့ရပေမယ့် ဒီထက်ပိုပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org