စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည်တွေ မြွေအန္တရာယ်ကြုံနေရ
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကန့်ဘလူမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရင်း မြွေကိုက်ခံရသူ ၆၉ ဦးထိရှိလာပြီး မြွေဆိုးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
-
RFA Burmese
2023-06-12 -
-
-
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရင်း မြွေကိုက်ခံရသူ ၆၉ ဦးထိရှိလာပြီး မြွေဆိုးအန္တရာယ်နဲ့ ရင်ဆိုင်နေရ တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၃ ခုနှစ် မေလကုန်ထိ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူ ခရိုင်) က ပြုစုထားတဲ့ စာရင်းဖြစ်ပါတယ်။ မေလတစ်လတည်းမှာတင် လူရှစ်ဦး မြွေကိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
"တောထဲတောင်ထဲမှာ ပြေးရလွှားရတော့ မြွေကိုက်ခံရတဲ့ အရေအတွက်ကလည်း ပိုပြီးတော့များလာတာပေါ့”
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့တာတွေကြား အသက်လုထွက်ပြေးရတာကြောင့် မြွေအန္တရာယ်ကို အရင်ကလောက်ဂရုမစိုက်နိုင်ဘဲ သေဆုံးတဲ့သူတွေရှိလာတာလို့ ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာတွေမှာလည်း စစ်ကြောင်းတွေထိုး မီးတွေကရှို့၊ ရှို့တဲ့အခါကျတော့ တောထဲတောင်ထဲ ထွက်ပြေးရ အဲဒီတော့ စကစရန် ကြောက်ရတာကတစ်မျိုး၊ နောက်တစ်ခါကျတော့ မြွေကိုအရင်ကလောက် ဂရုမစိုက်နိုင်တော့ဘူးပေါ့နော်။ တောထဲတောင်ထဲမှာ ပြေးရလွှားရတော့ မြွေကိုက်ခံရတဲ့ အရေအတွက်ကလည်း ပိုပြီးတော့များလာတာပေါ့”
မြွေကိုက်ခံရသူ ၆၉ ဦးမှာ ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးကတော့ သေဆုံးခဲ့ပါတယ်။
ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းရွာက အသက်ကိုးနှစ်အရွယ် မလှလှမျိုးနဲ့ ဝက်သအင်း ရွာက အသက် ရှစ်နှစ်အရွယ် မောင်မိုးဟိန်းတို့ဟာ တောထဲမှာရှောင်နေရတုန်း မြွေကိုက်ခံရပြီး သေဆုံးခဲ့တာပါ။
ကိုင်းရိုးရွာက အသက် ၆၁ နှစ်အရွယ် ဦးဝင်းညွန့်နဲ့ မလည်တိုက်နယ်က အသက် ၅၃ နှစ်အရွယ် ဦးကျော်ညွန့်တို့ကတော့ မြွေကိုက်ခံရတဲ့အချိန်မှာ စစ်ကြောင်းတွေရှိနေလို့ ဆေးကုခွင့်မရဘဲ သေဆုံးခဲ့တာပါ။ နောက်ထပ်ရွာသားနှစ်ယောက်ကတော့ ဆေးကုခွင့်ရလိုက်ပေမယ့် အချိန်မမီတော့ဘဲ သေဆုံးသွားတာပါ။
သူတို့ဒေသမှာ မြွေဆိပ်ဖြေဆေးရှားပါးတဲ့အပြင် စစ်ကောင်စီတပ်ကပါ ဆေးဝါးသယ်ယူ ခွင့်ကို ပိတ်ထားတာကြောင့် ပိုပြီးအခက်အခဲဖြစ်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မြွေဆိပ်ဖြေဆေးက ဝယ်ဖို့မလွယ်ဘူး။ ဝယ်ဖို့လွယ်တယ်ဆိုရင်တောင်မှ သယ်ယူရတာ တော်တော်ခက်ခဲတဲ့ အနေအထားမျိုးပေါ့။ နောက်တစ်ခုက လမ်းကြောင်းတွေမှာ ကျတော့ ဒီလိုဆေးတွေ တွေ့တယ်ဆိုရင် ဖမ်းခံရတာတွေ ဘာတွေရှိတယ်ပေါ့နော်။ ငွေရှိတိုင်းလည်း မြွေဆိပ်ဖြေဆေးက ဝယ်ဖို့လွယ်တာမဟုတ်သလို မြွေဆိပ်ဖြေဆေး ရှိတဲ့အခါကျတော့လည်း ငွေရေးကြေးရေး အခက်အခဲဖြစ်နေတဲ့အချိန်တွေနဲ့ ကြုံရတာမျိုးတွေလည်း ရှိတာပေါ့”
ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကန့်ဘလူမြို့နယ်က မြွေကိုက်ခံရသူတွေအတွက် အင်းစိန် BPI ဆေးဝါးစက်ရုံထုတ် မြွေဆိပ်ဖြေဆေးနဲ့ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး အမျိုးစားနှစ်မျိုးကို အသုံးပြုကုသပေးတယ်လို့ အဲဒီမြို့နယ်ထဲမှာ ရွေ့လျားစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက် ပေးနေတဲ့သူတွေက ပြောပါတယ်။
အဲဒီမှာ BPI ထုတ်မြွေဆိပ်ဖြေဆေးတစ်လုံးကို ကျပ်တစ်သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး၊ အိန္ဒိယနိုင်ငံထုတ် မြေဆိပ်ဖြေဆေးတစ်လုံးကို ကျပ်လေးသောင်းဝန်းကျင် ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။
မြွေကိုက်လူနာတစ်ဦးရဲ့ အသက်ကိုကယ်တင်ဖို့ အနည်းဆုံး မြွေဆိပ်ဖြေဆုံး နှစ်လုံးကနေ အလုံး ၂၀ နီးပါးထိ လိုအပ်တာကြောင့် လိုအပ်ချက်ကလည်း ကြီးတယ်လို့ ကူညီ ဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။
“နိုင်သလောက်တော့ ကျွန်တော်တို့ မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထား ရှိတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့က အသက်အဆုံးအရှုံး မခံနိုင်ဘူးလေ။ အဆင်ပြေရာပြေကြောင်းနဲ့ကတော့ ခက်ခက်ခဲခဲ ရုန်းကန်ပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့ အနေအထားမှာရှိပါတယ်။ မျှတပြီးတော့ပေါ့ဗျာ၊ ဟိုက အကူအညီတောင်း၊ ဒီက အကူအညီတောင်း ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ ကုသဆောင် ရွက်ပေးရတဲ့ အနေအထားမျိုးပဲရှိပါတယ်”
မြွေဆိပ်ဖြေဆေးအပြင် စစ်ဘေးဒုက္ခသည်တွေအတွက် ရာသီတုပ်ကွေးလိုမျိုး ဖျားနာတာ၊ ဝမ်းလျှောတာတွေအတွက်လည်း အခြေခံဆေးဝါးတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ ကြုံနေရပြီး ဆေးရုံ၊ ဆေးခန်းတွေသွားဖို့ အခက်အခဲရှိတာကြောင့် မြွေအန္တရာယ်အတွက် ကာကွယ်တဲ့နည်းလမ်းတွေကို အသုံးပြုသင့်တယ်လို့ CDM ဆရာဝန်တွေနဲ့ စုဖွဲ့ထားတဲ့ Yangon Medical Network က ဒေါက်တာလွမ်းဝေက အကြံပြုပါတယ်။
“ဒီနေ့ဒီချိန်မှာတော့ မြွေဆိပ်ဖြေဆေးပဲဖြစ်ဖြစ်၊ ဆေးရုံဆေးခန်းပဲဖြစ်ဖြစ်၊ ဆရာဝန် ပဲဖြစ်ဖြစ် အလွယ်တကူ ထိတွေ့နိုင်တဲ့အနေအထားမရှိတော့ ကာကွယ်တဲ့အပိုင်းကို အဓိကထား ပြောချင်တယ်။ မြွေရှိနိုင်တဲ့ နေရာတွေသွားရင် အသံပြုပြီးသွားဖို့လိုတယ်။ တစ်ခုခု လူကိုအန္တရာယ်ပြုမယ်ဆိုလည်း ဒါကို ကာကွယ်နိုင်လောက်တဲ့ ဝတ်စား ဆင်ယင်မှုမျိုးလည်း ရှိဖို့လိုတယ်ပေါ့။ စစ်ဘေးရှောင်တဲတွေပဲဖြစ်ဖြစ်၊ ပုံမှန်ရပ်ထဲ ရွာထဲမှာပဲဖြစ်ဖြစ် ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း မြင်သာအောင်ထားဖို့ပေါ့”
မြွေကိုက်ခံရပြီဆိုရင် အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်းထားဖို့၊ မြွေကိုက်ခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို မလှုပ်ဘဲ နေဖို့၊ ဒဏ်ရာကို ရေနဲ့သန့်အောင်ဆေးကြောဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာအထက်ပိုင်းကနေ ကြိုးနဲ့တင်းတင်းကျပ်ကျပ် စည်းနှောင်တာ၊ အဆိပ်ကို စုပ်ထုတ်၊ ညှစ်ထုတ်တာ၊ ဆေးမီးတိုတွေနဲ့ ကုသတာမျိုးတွေ မလုပ်သင့်ဘူးလို့လည်း ဒေါက်တာ လွမ်းဝေက သတိပေးပါတယ်။
အခုမိုးတွင်းကာလ စိုက်ပျိုးချိန်မှာလည်း စစ်ဘေးဒုက္ခသည်တွေ မြွေအန္တရာယ်အထူးသတိ ထားကြဖို့ ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က တိုက်တွန်းပါတယ်။
“ရှေ့လျှောက်ဆိုလည်း မိုးဦးကဝင်တော့မှာ ဆိုတဲ့အခါကျတော့ အဲဒီအချိန်မှာ ပိုပြီးတော့စိုးရိမ်ရတယ်။ လိုအပ်တဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားနိုင်မှသာ အထိုက်အလျောက် ကာကွယ်နိုင်မယ်။ ဒါတောင်မှ တချို့ဒေသတွေမှာ ဆေးက ဆောင်ထားနိုင်တယ်၊ ဒါပေမဲ့ ဒီဆေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန် စသဖြင့် လိုအပ်ချက်က အများကြီးပဲ။ တော်တော်လေးတော့ ဒုက္ခရောက်ဦးမယ့် အနေအထားမှာတော့ရှိတယ်”
ကန့်ဘလူမြို့နယ်မှာ လူရာနဲ့ချီသေဆုံးခဲ့တဲ့ ပဇီကြီးလေကြောင်း တိုက်ခိုက်ခံမှု အပါအဝင် စစ်ကောင်စီတပ်တွေက တစ်ရွာဝင်၊ တစ်ရွာထွက် မီးရှို့နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါကြောင့်ဒေသခံတွေမှာ မြွေပူရာကင်းမှောင့်ဆိုသလို၊ စစ်မက်ကြောင့် အသက်ဆုံးရှုံးရတဲ့အပြင် မြွေကြောင့်ပါ အသက်အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။