ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအပေါ် အမြင်များ

ထိုင်းဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် တွေ့ဆုံခဲ့ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါဟာ စစ်ကောင်စီအနေနဲ့ နွေဦးတော်လှန်ရေးမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီဆိုတာကို ပြသလိုက်တာပဲလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

၂ဝ၁၆ ခုနှစ် မေလ ၉ ရက်နေ့က နေပြည်တော်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာ ဇူလိုင် ၉ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အာဆီယံအစည်းအဝေးမှာ ဇူလိုင် ၁၂ ရက်နေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်းနဲ့ ကျန်းကျန်းမာမာရှိနေကြောင်းလည်း ထိုင်းဝန်ကြီးကပြောပါတယ်။

အခုလို ထိုင်းဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတာ မဟုတ်မမှန်ပါဘူးလို့ သတင်းတချို့ကပြောပေမယ့် အများစုကတော့ တွေ့ဆုံခဲ့တယ်ဆိုတာကို ယုံကြည်ကြပါတယ်။

အမှန်တကယ် တွေ့ဆုံခဲ့ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီလို ထိုင်းဝန်ကြီးကို နေပြည်တော်ခေါ်ပြီး ပွဲထုတ်တာဟာ စစ်ကောင်စီအနေနဲ့ နွေဦးတော်လှန်ရေးမှာ သူတို့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီဆိုတာကို ပြသလိုက်တာပဲလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“တွေ့တာ၊ မတွေ့တာ ထားလိုက်ပေါ့နော်။ သေချာတာတစ်ခုကတော့ စစ်ကောင်စီဟာ တော်တော်လေးကို အကျဉ်းအကျပ်တွေ့နေလို့သာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကလေ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်သုံးဖို့တောင် မရည်ရွယ်တော့ဘူး။ အခု သူ့ကို ပြန်သုံးရဖို့ကို ပြန်စဉ်းစားရတယ်ဆိုတာကိုက စစ်ကောင်စီအနေနဲ့ အကြံကုန် ဂဠုန်ဆားချက်။ သူတို့အချင်းချင်းကလည်း တစ်ခုခုရှိနိုင်တာပဲလေ။ အဲ..ထိုင်းစစ်တပ်နဲ့ ဗမာစစ်တပ်ကို ပြောတာ။ ဒါကြောင့်မို့လို့ သူတို့လူကို ခေါ်ပြီးတော့ ပြောခိုင်းပြီး ဒီလိုသုံးတာပေါ့။ ကျန်တဲ့သူတွေတောင်းတာ ဘန်ကီမွန်းတို့ဘာတို့ ရေလို့တောင်မရဘူး။ ဟို ဆွန်းကော်ရှန်းက စပြီး အဲဒီလူတွေ ဘယ်သူ့မှမပေးဘဲနဲ့ ဒီလူ့ကျမှ။ နောက်ပြီးတော့ အာဆီယံဆွေးနွေးပွဲမှာ ကပ်ပြီးတော့ပေးတာလည်း အဓိပ္ပါယ်ရှိတယ်ဗျ။ အာဆီယံမှာ သူတို့မပါနိုင်တာကိုလည်း အာရုံလွှဲချင်တာလည်း ပါတယ်။ နောက်ပြီး သူတို့ တကယ့်ကို ရွေးချယ်စရာလမ်း မရှိတော့တာလည်း ပါဖို့များတယ်။”

၈၈ အရေးတော်ပုံက ပေါ်ထွက်ခဲ့တဲ့ လူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပဒေမဲ့ဖမ်းဆီးပြီး လုပ်ကြံစွပ်စွဲချက်တွေနဲ့ မတရားပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရသလို လက်ရှိမှာလည်း ပြင်ပနဲ့ အဆက်ဖြတ်ခံထားရတာကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မမေ့ဖို့လိုပါတယ်။ စစ်ကောင်စီဟာ အခု သူမကို အသုံးချဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီကတော့ သူအကျပ်အတည်းပေါင်းစုံနဲ့ ကြုံရတဲ့အခါမှာ ရှုံးနိမ့်လာတဲ့အခါမှာ သူ မတရားလုပ်ထားတဲ့သူထံက ဂယ်ပေါက်ရမလားလို့ ကြံမိကြံရာ ခိုးကြောင်ခိုးဝှက် ကြံမှာပေါ့ဗျာ။ ပုံစံမျိုးစုံနဲ့ သူလုပ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ရုပ်ပုံကို သူတို့အလွဲသုံးစား လုပ်ချင်တာပေါ့ဗျာ။ ကျွန်တော်တို့ကြည့်ရမှာက ဒီ့မတိုင်မီ တီမောနိုင်ငံကို သွားတဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ် အောင်မြင်မှုတွေကို ကြည့်ပါ။ အဲ့ဒါတွေကို ဖုံးကွယ်ချင်တယ်။ အာရုံလွှဲချင်တာပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့ အမြဲပြောနေတာ “အာရုံမလွဲနဲ့” ဆိုတာ။ ပြီးတော့ မဟာမိတ်တွေနဲ့ NUG နဲ့ ယူထားတဲ့ ညီညွတ်မှုကို ပျက်အောင်လို့ ကြိုးစားကြည့်တာပဲ။ အဲ့ဒါကြောင့်မို့လဲ စိတ်ဝမ်းမကွဲဖို့ ကျွန်တော်တို့ အမြဲတမ်းပြောနေရတာပေါ့။ ပြီးတော့ သူတို့အချိန်လည်း ဆွဲချင်တယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ရှိထင်ရှားရှိနေတယ်ဆိုတာတောင် သူတို့ မပြဝံ့ဘူး။ လုံလောက်တဲ့ သတင်းတွေလည်း မရဘူး၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ဆွေးနွေးခွင့်မရဘဲနဲ့ သူတို့ဘာကို မျှော်လင့်တာလဲ။ သူတို့အလွဲသုံးစားလုပ်ချင်တိုင်း ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုကို ဇွတ်အသုံးချတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။”

၂ဝ၁၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP)

စစ်ကိုင်းတိုင်းက အမည်မဖော်လိုတဲ့ CDM ကျောင်းဆရာဟောင်း တော်လှန်ရေးသမားတစ်ဦးကတော့ အဖက်ဖက်က ကျဆုံးနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးကို သပ်လျှိုဖြိုခွဲဖို့ ကြံစည်နေတယ်၊ ဒါပေမဲ့ နွေဦးတော်လှန်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ သမိုင်းသစ်ကို စတင်နေပြီဖြစ်တယ်လို့ မှတ်ချက်ချ ပြောကြားပါတယ်။

“ကျွန်တော်ကိုယ်တိုင်လည်း အမေစုကို ထောက်ခံတဲ့သူပါပဲ။ သူ့ရဲ့ အမျိုးသားရင်ကြားစေ့ရေး မူပေါ့နော်။ ပြည်သူမနာမယ့် မူကို ကျွန်တော်တို့ မမှိတ်မသုန် ထောက်ခံခဲ့ကြတယ်။ ဒါပေမဲ့ အခုတော်လှန်ရေးစပြီးနောက်ပိုင်းတော့ နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ခေါင်းထဲတောင် သိပ်မရှိတော့ဘူး။ ကျွန်တော်တို့ ကိုယ်ပိုင်လမ်းကြောင်းနဲ့ သွားနေကြပြီ။ ၂၀၀၈ ကို ဖျက်သိမ်းမယ်။ ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုသွားမယ်ဆိုတဲ့လမ်းကြောင်း ကျွန်တော်တို့က ရှင်းရှင်းပြတ်ပြတ် ရှိပြီးသားပါ။ သူတို့ဘာသူတို့ ဘယ်လိုပဲ ကစားကစား အင်အားစုအနည်းအငယ်လောက် ပဲ့ပြီးတော့ ပါသွားတာလောက်ပဲ ရှိကောင်းရှိမယ်။ တော်လှန်ရေးကတော့ ဘာမှသိပ်ပြီးတော့ ဒီအပေါ်မှာ အကျိုးသက်ရောက်မှု ရှိမယ်မထင်ပါဘူး။ အကျိုးသက်ရောက်မှုဆိုတာ တုံ့ဆိုင်းသွားတာ၊ ရပ်တန့်သွားတာ ရှိမှာမဟုတ်တော့ပါဘူး။ အားလုံးကလည်း နားလည်ကြပြီးသား ခံစားကြပြီးသား။ ဒီအမေ့အပေါ် ယုံကြည်တယ်ဆိုရင်တောင် သူ့ကို Honorable အနေနဲ့ပဲ ကျွန်တော်တို့သူ့ကို ကရုဏာသက်စွာနဲ့ပဲ Respect ပေးကြမှာပေါ့။ ဒီအနေအထားလောက်ပါပဲ။ အခုဟာက ကျွန်တော်တို့ သမိုင်းသစ်ကို စနေပါပြီ။"

မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူအများစုက အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အသုံးပြုဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကိုကြည့်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ ကျဆုံးမှုကို ထင်ထင်ရှားရှားမြင်လာရပြီ ဖြစ်တယ်။ ဒါဟာ စစ်ကောင်စီအတွက် နိုင်ဖဲတစ်ချပ်ဖြစ်လာမှာတော့ မဟုတ်ပါဘူးလို့ RFA ကိုပြောပါတယ်။ 

စစ်ကောင်စီကတော့ ထိုင်းဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org