အစုအပြုံလိုက်သတ်ဖြတ်မှုတွေအပါအဝင် သေဆုံးထိခိုက်မှုအများဆုံး ဒီဇင်ဘာလ

စစ်အာဏာသိမ်းမှု ၁၁ လ မြောက်ဖြစ်တဲ့ အခု ဒီဇင်ဘာတစ်လ တည်းမှာတင် RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အနည်းဆုံး အရပ်သားပြည်သူ ၆၁ ဦး အစုအပြုံလိုက် အသတ်ခံခဲ့ရပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀၀၀ ကျော်ရှိနေပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရသော ကားများကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ် Photo- KNDF

စစ်အာဏာသိမ်းမှု ၁၁ လ မြောက်ဖြစ်တဲ့ အခု ဒီဇင်ဘာတစ်လ တည်းမှာတင် RFA က သီးသန့်ကောက်ယူ ထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အနည်းဆုံး အရပ်သားပြည်သူ ၆၁ ဦး အစုအပြုံလိုက် အသတ်ခံခဲ့ရပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည် ၄၀၀၀၀ ကျော်ရှိနေပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကိုင်းတိုင်း ဒုံးတောရွာက အစုအပြုံလိုက် သတ်ဖြတ်မီးရှို့ခံရသူ ၁၀ ဦး၊ ဒီဇင်ဘာ ၁၇ ရက်မှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနဲ့ မွှေ့လည်ရွာတွေမှာ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တဲ့အတွက် သေဆုံးသူ ကိုးဦး၊ ဒီဇင်ဘာ ၂၀ ရက်မှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ လေကြောင်းက ပစ်ခတ်လို့ သေဆုံးသူ ခုနစ်ဦး၊ အခုနောက်ဆုံး ဒီဇင်ဘာ ၂၄ ရက် ကယားပြည်နယ် ဖရူဆိုမြို့နယ်က သတ် ဖြတ်မီးရှို့ခံရသူ ၃၅ ဦး စုစုပေါင်း ၆၁ ဦး သေဆုံးရပါတယ်။

"နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေက အားနည်းနေတဲ့အတွက် လက်ရဲဇက်ရဲဖြစ်နေတာ ဖြစ်နိုင်ပါတယ်"

စစ်ကောင်စီဟာ ကျဆုံးခန်းနီးလာလို့ အခုလို အဆုံးအစွန်အထိ ရက်စက်နေတာလို့ ကယားပြည်နယ်အတွင်း စစ်တပ်နဲ့ တိုက်ပွဲ တွေဖြစ်နေတဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုပါတယ်။

“စစ်တပ်က ကျဆုံးခန်းလုနီးပါး ရောက်သွားရင်တော့ ဒီလိုရက်စက်မှု ကမ်းကုန်ထုတ်သုံးလေ့ရှိတဲ့ လုပ်ငန်း တစ်ရက်ပါပဲ။ လူထုက ကြောက်သွားလန့်သွားအောင် ဒီလိုလုပ်တယ်။ စစ်တပ်အနေနဲ့ ဒီထက်ပိုပြီး ပြင်း ထန်တာတွေ ဘယ်လိုပဲလုပ်လုပ် စစ်တပ်ကိုကြောက်လို့ လက်နက်ချသွားမယ့်ဟာမျိုးတွေ ငြိမ်ခံမယ့်ဟာ မျိုးတွေတော့ မရှိဘူး”

ဖရူဆိုဖြစ်ရပ် မတိုင်ခင် ဒီဇင်ဘာ ၇ရက်မှာလည်း စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာမှာ အရပ်သား ၁၀ ဦး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်တပ်ဟာ သူ့ကိုဆန့်ကျင်သူတွေကို အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ပြီး ဆက်လက်သတ်ဖြတ်နေလိမ့်ဦးမယ်လို့ သုံးသပ်ပါတယ်။

“အခုဆိုရင် ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာတယ်၊ လူထုအုံကြွမှုတွေကိုလည်း အကြမ်းဖက်လုပ်ရပ်အဖြစ် တံဆိပ်ကပ်ပြီးတော့ နှိမ်နင်းတဲ့ကိစ္စတွေကိုလည်း သူက စည်းမဲ့ဘောင်မဲ့ အားရပါးရ လုပ်နေပြီဆိုတဲ့ဟာ သွားတွေ့ရတယ်။ အခု သတ်နေဖြတ်နေရတဲ့သူတွေဟာ အကြမ်းဖက် သမားတွေပါဆိုတဲ့ ပုံစံမျိုး စစ်တပ်က ပုံဖော်နေတယ်လို့ ကျွန်တော်အနေနဲ့ တွေ့ရတယ်။ အဲတော့ စစ်တပ်က ဒီလမ်းအတိုင်းပဲ ဆက်လျှောက်မယ်ဆိုတဲ့ သဘောမျိုး”

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေကို တုဲပပြန်ဖြေကြားတာမရှိဘဲ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တယ်လို့သာ ဖြေကြားခဲ့ ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ရှုတ်ချကြောင်းနဲ့ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ တွေကို စိုးရိမ်ကြောင်း သဘောထား ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အမျိုးသမီးတွေ၊ ကလေး သူငယ်တွေ အပါအဝင် အရပ်သားတွေကို စစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုမြောက်ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်မှုတွေက အားနည်းနေတယ်လို့ ဝေဖန်ထောက်ပြပါတယ်။

“လူအမြောက်အများကို ရည်ရွယ်ချက်ရှိရှိနဲ့ အမိန့်ပေး သတ်ဖြတ်မှု၊ သေဆုံးတဲ့သူတွေကလည်း အပြစ်မဲ့ ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေဖြစ်တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်မှုလို့ ပြောလို့ရပါပြီ။ ဒီလိုမျိုး နိုင်ငံတကာ ရာဇဝတ်မှုအထိ ကျူးလွန်နေတာကြောင့် နိုင်ငံတကာရဲ့ ပိုမိုအရေးယူဆောင်ရွက်မှုနဲ့ တရားမျှတမှု ဖော်ဆောင်ဖို့အတွက် လက်ကမ်းခေါ်နေသလိုမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေက အားနည်းနေတဲ့အတွက် လက်ရဲဇက်ရဲဖြစ်နေတာ ဖြစ်နိုင်ပါတယ်”

မြန်မာနိုင်ငံမှာ အပြစ်မဲ့ပြည်သူတွေ ထပ်မံမသေဆုံးစေဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် ထိထိရောက်ရောက် ခုချက်ချင်း အရေးယူဖို့လည်း ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။

(ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်ကို ဖြတ်ပြီး စစ်ဘေးဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေတာကို ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်) Photo: CJ

ဒီဇင်ဘာ၂၄ ရက်မှာ ဖရူဆိုမြို့နယ် မူဆိုကျေးရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနောက်ပိုင်း ကျေးရွာ ဆယ်ရွာလောက်က အရပ်သားနှစ်သောင်း ဝန်းကျင်ဟာ ဒုက္ခသည်စခန်းတွေနဲ့ ဘေးလွတ်ရာတောတောင် တွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိ သူက RFA ကို ပြောပါတယ်။

တချိန်တည်းမှာပဲ ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ အနီးတဝိုက်မှာ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁၆၅၀၀ လောက် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ သောင်ရင်းမြစ် ကမ်းတွေကို ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလအတွင်း စစ်တပ်ကလေကြောင်းက ပစ်ခတ်တဲ့အတွက် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သားအရေအတွက်ဟာ အနည်းဆုံး ၄၀၀၀ ဝန်းကျင်အထိရှိခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါကြောင့် ဒီဇင်ဘာလအတွင်း ကယားပြည်နယ် ဖရူဆို၊ ကရင်ပြည်နယ် လေးကေ့ကော်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ ရေဦးနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း လေးသောင်း ကျော်အထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org