ICJ အမှုနဲ့ အငြင်းပွားဖွယ် ဒေါက်တာ William Schabas
မြန်မာအစိုးရဘက်က ကနေဒါနိုင်ငံသား ပါမောက္ခ ဒေါက်တာ William Schabas ကို နယ်သာလန်နိုင်ငံက ကမ္ဘာ့တရားရုံး (ICJ)မှာ ရင်ဆိုင်ရမယ့် အမှုအတွက် ငှားရမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကာယကံရှင် ဝီလီယံ ရှဘတ်စ်ကတော့ အတည်ပြုပေးဖို့ ငြင်းဆန်ထားပါတယ်။
-
နေမျိုးထွန်း
2019-12-02 -
-
-
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားပြီး လာမယ့် ဒီဇင်ဘာ ၁၀ ကနေ့ ၁၂ ရက်နေ့ အထိ နယ်သာလန်နိုင်ငံ The Hague သဟိဂ်မြို့မှာ ကြားနာတော့မှာ ဖြစ်ပါတယ်။
အမှုရင်ဆိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးသွားမယ်လို့ နိုဝင်ဘာလ ကတည်းက အစိုးရဘက်က ကြေညာထားပေမယ့် ဘယ်ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ငှားရမ်းထားတယ်ဆိုတာ ဒီကနေ့ထိ လူသိရှင်ကြား ကြေညာခြင်းမရှိသေးပါ။
ဒါပေမဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တချို့ကတော့ Twitter ပေါ်မှာ ပါမောက္ခ William Schabas ကို မြန်မာအစိုးရဘက်က ငှားရမ်းတယ်လို့ ရေးသားနေကြတာရှိပါတယ်။ ပါမောက္ခ Schabas ကို ငှားရမ်းတဲ့သတင်း မှန်ကန်ခြင်း၊ ရှိ မရှိကို အတည်ပြုနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို RFA က ဆက်သွယ်ပေမယ့် အတည်ပြုဖို့ ငြင်းဆန်ပါတယ်။
“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော် ပြောခွင့်မရှိပါဘူး။ ပြောခွင့်မရှိဘူးဆိုတာ ကျနော် ဒါနဲ့ပတ်သက်ပြီးတော့ အတည်ပြုတာတွေ မလုပ်နိုင်သေးပါဘူ။ ဒီဟာကို အချိန်တန်ရင် အစိုးရက အသိပေးပါလိမ့်မယ်”
ကနေဒါနိုင်ငံသား ပါမောက္ခ ဒေါက်တာ William Schabas လက်ရှိအချိန်မှာ လူ့အခွင့်ရေးဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှုဥပဒေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ နိုင်ငံတကာ ရာဇဝတ်တရားရုံးဥပဒေ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု၊ သေဒဏ်စီရင်မှု စတဲ့ဘာသာရပ်တွေနဲ့ ဒေါက်တာဘွဲ့ယူဖို့ PhD ဆည်းပူးတဲ့ ကျောင်းသားတွေကို Middlesex University London တက္ကသိုလ်မှာ ကြီးကြပ်ပေးရတဲ့သူဖြစ်ပါတယ်။
RFA သတင်းဌာနက ပါမောက္ခ ဒေါက်တာ William Schabas ကို အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းတဲ့အခါ သူ့အနေနဲ့ တိုက်ရိုက်ဖြေဆိုဖို့ မဖြစ်နိုင်သေးကြောင်းနဲ့ သတင်းပြန်ကြားရေး အရာရှိတစ်ဦးကနေ အဲဒီလို ဆက်သွယ်မေးမြန်းမှုတွေကို မကြာမီအချိန်အတွင်းမှာ ဖြေကြားပေးမှာ ဖြစ်တယ်လို့ ဒီကနေ့ အကြောင်းပြန်ပါတယ်။
ပါမောက္ခ Schabas ဟာ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှာ အထူးကျွမ်းကျင်သူဖြစ်ပြီး နိုင်ငံတကာတရားရုံး ICJ မှာတော့ သူ့လက်ရာတွေ သိပ်မတွေ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ လူမျိုးမပွားနိုင်အောင် အစိုးရဘက်က လုပ်ဆောင်ဖူးတယ်လို့ ပြောဆိုခဲ့သူဖြစ်ကြောင်း အမေရိကန်က ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။
“Schabas က ကျနော်သိသလောက်တော့ သူက ပါမောက္ခပေါ့၊ နောက်ပြီးတော့ သိတာတော့ ကျနော် ICC အထူးကျွမ်းကျင်သူပေါ့။ ICJ မှာတော့ သူ့လက်ရာတွေ ကျနော် သိပ်မတွေ့ဘူး။ ကျနော် ကြားဖူးတာကတော့ သူက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကိစ္စတွေမှာ လူမျိုးမပွားနိုင်အောင် အစိုးရဘက်က လုပ်ဆောင်ဖူးတယ်ဆိုတဲ့ဟာ ပြောတာတစ်ခုတော့ ကျနော် မှတ်မိတယ်။”
ဒေါက်တာ ဝီလီယံ ရှဘတ်စ်ကို ၂၀၁၃ ခုနှစ်တုန်းကလည်း လူမျိုးတုံးသတ်ဖြတ်မှု ဥပဒေရေးရာ ကျွမ်းကျင်သူအဖြစ် AL Jazeera ရဲ့ စုံစမ်းဖော်ထုတ်ရိုက်ကူးတဲ့ မှတ်တမ်းဗွီဒီယို တစ်ခုမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက် စာချုပ်ပါ အချက်တွေကို ချိုးဖောက်ခံနေရကြောင်း၊ မျိုးနွယ်စုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ပျက်သုဥ်းစေဖို့ မြန်မာအာဏာပိုင်တွေက ဆောင်ရွက်နေတယ်လို့ ပြောဆိုဖူးသူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပါမောက္ခ ဒေါက်တာ ဝီလီယံ ရှဘတ်စ် William Schabas နဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူတချို့က “အငြင်းပွားဖွယ်ရာ ဒေါက်တာတစ်ယောက်ပါပဲ”၊ “ရှေ့နေငှားမှ ထောင်လုံးလုံးကျ” ဆိုတဲ့ စကားရပ်တွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ရေးသားနေကြတာရှိပါတယ်။
ပါမောက္ခ ဒေါက်တာ William Schabas ဟာ ဒေါက်တာဘွဲ့တွေ အနည်းဆုံး ၄-၅ ခုလောက် ပိုင်ဆိုင်သူဖြစ်ပြီးတော့ ဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်း ၂၀ ကျော် ရေးသားဖူးသူလည်းဖြစ်ပါတယ်။ အဲဒီထဲက ပထမကမ္ဘာစစ်တုန်းက ဂျာမနီအင်ပါယာပြိုလဲချိန် Kaiser Wilhelm ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICT မှာ တရားစွဲဆိုတဲ့အကြောင်းကို ရေးသားထားတဲ့ The Trial of Kaiser ဟာလည်း ထင်ရှားကျော်ကြားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
သူ့စာအုပ်တွေကို တရုတ်၊ ပါရှန်း၊ တူရကီ၊ နီပေါ၊ ဂျပန်၊ ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ၊ အလ်ဘေးနီးယန်း ဘာသာစကားတွေနဲ့လည်း ပြန်ဆိုထားတာရှိပါတယ်။ ဥရောပတိုက်၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ တရုတ်နိုင်ငံတို့က ထင်ရှားကျော်ကြားတဲ့ ဥပဒေသိပ္ပံ တက္ကသိုလ်ကျောင်းတွေမှာ သင်ကြားပို့ချမှုတွေ လုပ်ဖူးသူလည်းဖြစ်ပါတယ်။
သူဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အမှုတွေမှာလည်း ကျွမ်းကျင်သူအဖြစ် သိရှိကြပါတယ်။ အထူးသဖြင့် ကွန်ဂိုနဲ့ အစ္စရေး-ပါလက်စတိုင်းတွေရဲ့ ဂါဇာကမ်းခြေ ပြဿနာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး AL Jazeera သတင်းဌာနရဲ့ သုံးသပ်ဆွေးနွေးခန်းတွေမှာ ပါလေ့ရှိသူဖြစ်ပါတယ်။
ပါမောက္ခ ဒေါက်တာ William Schabas ဟာ ဂျူးလူမျိုးဖြစ်ပြီးတော့၊ မိသားစုတွေဟာ ဟီဘရူး ဘာသာစကားအရ Ashkenazim လို့ခေါ်ကြတဲ့ အုပ်စုလိုက် ထွက်ပြေးခိုလှုံကြရတဲ့ နောက်ခံ သမိုင်းရှိပါတယ်။ ပါမောက္ခ ဒေါက်တာ William Schabas ဟာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်သာလန်အထိ သွားရောက်ပြီး ရင်ဆိုင်မယ့် ICJ အမှုကို လူထုကြားထဲ ထောက်ခံကြသူ၊ ဝေဖန်သူ စသဖြင့် ကွဲလွဲမှုတွေရှိနေပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေကလည်း နိုင်ငံကို စွဲဆိုတဲ့အမှုဖြစ်တာမို့ အမှုရင်ဆိုင်မယ့်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်သာ အသင့်တော်ဆုံးသူဖြစ်လို့ သွားတယ်လို့ ရှုမြင်ကြောင်းနဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပြီး ရဲရင့်တဲ့ ဆုံးဖြတ်ချက်လို့ မြင်ကြောင်း ဒေါက်တာ တင့်ဆွေက RFA ကို ပြောပါတယ်။