အာဏာသိမ်းပြီးတစ်နှစ်အကြာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အခြေအနေ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်အကြပ်ဆိုက်ခဲ့ရပြီး ပြည်တွင်းတရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုလည်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဒီသီတင်းပတ် အတွင်း ပြောလိုက်ပါတယ်။
-
ဦးသစ္ဆင္း (ဝါရှင်တန်ဒီစီ)
2022-02-04 -
-
-
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်အကြပ်ဆိုက်ခဲ့ရပြီး ပြည်တွင်းတရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုလည်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဒီသီတင်းပတ် အတွင်း ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြား သန်း ၉ဝနဲ့ စိတ်ကြွဆေးအမှုန့် တန်ချိန် ၄.၄ တန် ဖမ်းဆီးရမိခဲ့တဲ့အတွက် သုံးနိုင်ငံအာဏာပိုင်တွေ ထိတ်လန့် စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီ မူးယစ်စိတ်ကြွဆေး အများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အစွန်အဖျားဒေသတွေမှာ ထုတ်လုပ်နေတာပါ။
ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာပြည်မြောက်ပိုင်းမှာ ထုတ်လုပ်မှု အလွန်အမင်း မြင့်တက်လာခဲ့တာ ဖြစ်ပြီး လျော့ကျသွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးကြောင်း UNODC ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်း နယ်မြေကြမ်းတမ်းမှု၊ တရားဥပဒေစိုးမိုးရေး အားနည်းမှု၊ ဒေသတွင်းစစ်ရေးပဋိပက္ခ စတာတွေကြောင့်လည်း မူးယစ်ဆေးထုတ်လုပ်မှု အားကောင်းနေတာ ဖြစ်ပါတယ်။
မြန်မာမှာ အခုနောက်ဆုံး စစ်တပ်အာဏာမသိမ်းခင်ကဘဲ အရှေ့တောင်အာရှအစိုးရတွေ၊ ရှမ်းတာင်တန်းတွေမှာ မူးယစ်ဆေးပပျောက်ဖို့ ကြိုးပမ်းခဲ့ကြပါသေးတယ်။ ၂ဝ၁၇ခုနှစ်က စိတ်ကြွဆေး ၈၂ တန်ခွဲ၊ ၂ဝ၁၈ မှာ ၁၂၇ တန်၊ ၂၀၁၉ မှာ ၁၃၉ တန်၊ ၂၀၂၀ မှာ တန်ချိန် ၁၇၀ အထိ စံချိန်တင် ဖမ်းဆီးမိ ခဲ့ ပါတယ်။ အခုလို အာရှနဲ့တောင်အာရှမှာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ဖမ်းမိတဲ့ မူးယစ်ဆေး ပမာဏ များပြားလာပြီး၊ ဈေးနှုန်း ကျဆင်းလာခဲ့ရတာဟာ COVID-19 ကူးစက်မှုကြောင့်လည်း ပါဝင်တယ်လို့ UNODC က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ ရှမ်းပြည်နယ်မှာ UWSA ၀ တပ်ဖွဲ့အပါအဝင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ မူးယစ်ဆေး လုပ်ငန်းနဲ့ အကျိုးအမြတ် ကြီးမားခဲ့ကြကြောင်းလည်း ဖော်ပြပါတယ်။ ဇူလိုင်လမှာတော့ လာအိုနိုင်ငံက ယာဘစိတ်ကြွဆေးပြား ၁၇ သန်း နီးပါးကို ဈေးကွက်ထဲ မတင်ပို့နိုင်အောင်တားဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက မူးယစ်ဆေးထုတ်လုပ်မှု မြင့်တက်လာခဲ့တာပါ။ ထိုင်းနိုင်ငံမှာလည်း ၂၀၂၀ ပြည့်နှစ်က မက်သာဖက်တမင်း စိတ်ကြွဆေး ၃၆၁ သန်း ဖမ်းဆီးမိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက ဆေးပြား သန်း ၅၂ဝ ရမိခဲ့တာပါ။
မြန်မာနိုင်ငံရဲ့လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ထင်ရှားပြတ်သားတဲ့ ဖြေရှင်းမှု မရှိသေးသလို စီးပွားရေး အခြေအနေကလည်း ၂၀၂၂ ခုနှစ်အထိ ဒရွတ်တိုက်ပြီး သွားနေရမဲ့ အနေအထားဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွားရေးဟာ အလွန်အမင်း ချိနဲ့နေပြီး ဒီနှစ် စီးပွားရေးတိုးတက်မှုနှုန်းကလည်း တစ်ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြပါတယ်။
ဒါကြောင့် မြန်မာမှာ မူးယစ်ဆေးဝါးစီးဆင်းမှု ဆက်လက်တည်ရှိနေဦးမှာဖြစ်ပြီး အခုလက်ရှိအခြေအနေထက်တောင် ပိုမိုကြီးထွားလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်ပါတယ်။ ဒါ့ပြင် မြန်မာ့ စီးပွားရေးဟာ ၂၀၂၀ အောက်တိုဘာလကနေ ၂၀၂၁ စက်တင်ဘာလကုန်အတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားဖွယ်ရှိကြောင်း ခန့်မှန်းလိုက်ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကလည်း မြန်မာ့မြို့ပြဆင်းရဲမွဲတေမှု အခြေအနေဟာ အရင်ကထက် သုံးဆ ပိုမိုမြင့်တက်လာဖွယ် ရှိပြီး တိုင်းရင်းသားဒေသတွေမှာ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်ကြားတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ ဒေသခံတွေ ပိုမိုများပြားလာပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း နေရာသစ်ကိုရွှေ့ပြောင်းရသူ အရေအတွက် အနည်းဆုံး လေးသိန်းနှစ်သောင်းငါးထောင် ဝန်းကျင် ရှိ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။