စစ်တွေတဝိုက်က ရေလုပ်သားတွေ ကမ်းနီးမှာငါးဖမ်းဖို့ ခက်ခဲနေတဲ့ အကြောင်းစုစည်း တင်ပြချက်

ရခိုင်ပြည်နယ် စစ်တွေမြို့တဝိုက်မှာ တပိုင်တနိုင်ရေ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေဟာ ကမ်းအနီးမှာ ငါးဖမ်းဖို့ ခက်ခဲလာနေတာကြောင့် စားဝတ်နေရေးပြဿနာတွေနဲ့ ရင်ဆိုင်နေကြ ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တဝိုက်မှာ တပိုင်တနိုင်ရေလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေဟာ ကမ်းအနီးမှာ ငါးဖမ်းဖို့ ခက်ခဲလာနေတာကြောင့် စားဝတ်နေရေးပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရေလုပ်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးမွေးမြူရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ဒေသတစ်ခုဖြစ်ပြီး ရေလုပ်ငန်းလို့ဆိုရာမှာ တပိုင်တနိုင်ရေလုပ်ငန်းကိုသာ အဓိက အများဆုံး လုပ်ကိုင်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

စစ်တွေမြို့ မြောက်ဘက်ခြမ်း ကမ်းခြေတလျောက်မှာဆိုရင် ငါးအတင်အချ လုပ်နေတဲ့ ငါးဖမ်းစက်လှေတွေ၊ ငှက်သမ္ဗာန်တွေကို မြင်တွေ့ရပါတယ်။

ဘိုးစဉ်ဘောင်ဆက် ငါးဖမ်းတဲ့လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြပေမယ့် စားဝတ်နေရေး မပြေလည်ကြပါဘူး။ စစ်တွေမြို့နယ် ကျေးတောရွာက ဦးသိန်းကျော်မောင်ဟာ မိသားစုဝမ်းရေးအတွက် ငါးဖမ်းတဲ့အလုပ်ကိုပဲ ဘင်္ဂလားပင်လယ်အော်ကို အမှီပြုပြီး ရပ်တည်နေရသူ ဖြစ်ပါတယ်။

ဦးသိန်းကျော်မောင်။       ။ ကျနော်တို့ ဘဝကတော့ဒီလိုပဲ စားရုံသောက်ရုံလောက်ပဲရတယ် တိုးတက်မှုဆိုတာ သိပ်မရှိတော့ဘူး၊ ရေလုပ်ငန်းလုပ်ရတဲ့ အခါခေတ်ကလဲကုန်ခဲ့တယ်၊ ပိုက်တွေကလဲ မရှိတဲ့ခါမရှိ၊ ပိုက်ဆံကိုလဲမတက်နိုင်လို့ပေါ့လေ

ဖမ်းဆီးရမိလာတဲ့ ငါးတွေကို ပွဲစားတွေကနေတစ်ဆင့် ဈေးတွေမှာ ရောင်းချတာတွေ ရှိသလို တစ်ချို့ငါးတွေကိုတော့ ငါးပိနဲ့ အခြောက်လှန်းလေ့ရှိကြပါတယ်။

ဒါဟာ တစ်ဘက်တစ်လမ်းက ဝမ်းစာဖုံလုံနိုင်ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။အခုနောက်ပိုင်း ရေလုပ်ငန်းလုပ်ကိုင်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ လုပ်သားရှား ပါးမှု ပြဿနာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေ မဖြစ်ခင်ကာလက မူဆလင်တွေကို နေ့တွက်အလိုက် ငှားရမ်း လုပ်ကိုင်နိုင်ခဲ့ကြပေမယ့် အခုနောက်ပိုင်း တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှုမရှိကြသေးတာကြောင့် အတူတကွ အလုပ်လုပ်ကိုင်တာတွေ မရှိကြတော့ပါဘူး။

ဒေသခံလက်လုပ်လက်စားတွေဟာ ရေထဲမှာ နေ့တွက်လုပ်တာနဲ့စာရင် ကုန်းပေါ်မှာ ကြုံရာကျပန်းလုပ်တာက ဝင်ငွေပိုမိုရရှိတာကြောင့် ရေလုပ်ငန်းအတွက် အလုပ်သမားတွေလည်း ပိုမို ရှားပါးလာတယ်လို့ စစ်တွေဒေသခံ တပိုင်တနိုင်ရေလုပ်သားတစ်ဦးဖြစ်သူ ကိုကျော်ဝင်းချေက ပြောပါတယ်။

ကိုကျော်ဝင်းချေ။   ။ ဒီနေရာအတိုင်းအတာနဲ့ဆိုရင် အလုပ်သမားမရ၊ အလုပ်သမားရှားပါတယ်။ အရင်တုန်းကတော့ အလုပ်သမားကိစ္စအဆင်ပြေတယ်။ အခုတော့ ကုန်းပေါ်မှာပြောင်းပြီးလုပ်နေကြတယ်။ ကုန်းပေါ်မှာပြောင်းပြီးလုပ်ကြတာက ရေမှာဆိုရင် ညအိမ်ပျက်တယ်။ ကုန်းပေါ်မှာက နေ့တစ်ဝက်ပဲ လုပ်ရတယ်။ ချောင်လည်း ချောင်ချိကြတယ်။ ကုန်းပေါ်မှာက ရေမှာထက် ပိုအဆင်ပြေကြတယ်

ရေလုပ်သားတွေရဲ့ အခြေအနေဟာ ဒီရေအတက်အကျနဲ့ ရာသီဥတုအခြေအနေတွေအပေါ်မူတည်ပြီး ငါးရှာကြရတာဖြစ်သလို ရတဲ့ဝင်ငွေတွေကလည်း ပုံမှန်မဟုတ်ကြပါဘူး။ တစ်လလုံး လုပ်မှ ကျပ် ငါးသောင်းဝန်းကျင်လောက်သာ ရကြပြီး ရပ်တည်နေကြတဲ့သူတွေလည်း အများအပြားရှိနေတာပါ။


ပိုက်ကြီးသမားတွေက ပင်လယ်ပြင်ထဲသွား ရောက်ရှာဖွေကြပြီး မျှောပိုက်လို့ခေါ်တဲ့ ပိုက်သေးသမား တွေကတော့ ကမ်းခြေနဲ့ အနီးအနားတွေမှာ ရှာဖွေကြရတာဖြစ်ပါတယ်။

တပိုင်တနိုင် ပိုက်သေးသမားအများစုဟာ လှေနဲ့ ငါးဖမ်းပိုက် အလုံအလောက် မရှိကြတာကြောင့် အဆင်မပြေဖြစ်ကြရပြီး သူတို့အတွက် ငါးဖမ်းပိုက်ကောင်းကောင်းနဲ့ လှေကြီးတွေ ပိုင်ဆိုင်လာလို့ ရှိရင် အဆင်ပြေလာမှာပဲလို့ မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် စစ်တွေမြို့နယ်အတွင်းမှာနေထိုင်တဲ့ တပိုင်တနိုင်ရေလုပ်သားအများစုဟာ ပွဲစားတွေ ကနေတစ်ဆင့် ထုတ်ချေးတဲ့ ငွေကြေးအရင်းအနှီးတွေနဲ့ ပိုက်ဝယ်၊ စက်တပ် စတာတွေနဲ့ပဲ ငါးဖမ်းလုပ်ငန်းတွေကို လည်ပတ်နေကြရတာပါ။

အခုနှစ်တွေအတွင်း သားငါးရှားမှုပြဿနာနဲ့ ကြုံတွေ့လာရတာကလည်း တပိုင်တနိုင်ရေလုပ်သားတွေရဲ့ရပ်တည်ရေးကို ပိုမိုအခက်တွေ့စေပါတယ်။

စစ်တွေမြို့နယ်အတွင်းက ရေလုပ်သားတစ်ဦးက သူတို့ရဲ့ အနာဂတ်ဟာ ဝေဝါးနေဆဲပါလို့ ပြောပါတယ်။

ရေလုပ်သားတစ်ဦး။               ။ ကျွန်တော်တို့ဟာ အရင်တုန်းက ပိုက်တစ်လက်တည်းနဲ့ မိသားစုတစ်ခုလုံးကို ဖူလုံအောင်လုပ်ကိုင် စားသောက်လို့ အဆင်ပြေပါတယ်။ အခုအချိန်မှာ မိသားစုဖူလုံအောင်စားသောက်လို့ မရတော့ဘူး။ ငါးက အရနည်းလာတယ်။ အောက်ဘက်ကိုဆင်းရှာမယ်ဆိုရင် လှေအကြီး၊ ပိုက်များများ၊ စက်ကောင်း ကောင်းနဲ့မှ ကျွန်တော်တို့ လုပ်ကိုင်စားသောက်ရတာအဆင်ပြေမှာပါ။ အခုတော့ လှေလည်း ကောင်း ကောင်းမရှိ၊ ပိုက်ကောင်းကောင်းလည်း မဝယ်နိုင်၊ ဝယ်နိုင်ဖို့ အင်အားလည်း မရှိဘူးဆိုတော့ မိသားစု စားဝတ်နေရေးအခြေအနေက မဖူလုံပါဘူး။

ရခိုင်ပြည်နယ်အတွင်းက ရေလုပ်သားအချို့ဟာ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေနောက်ပိုင်း အဆင်မပြေမှု တွေ ပိုမိုကြုံတွေ့လာခဲ့ကြရတာကြောင့် ရေလုပ်ငန်းကို စွန့်လွှတ်သွားခဲ့ ကြတဲ့သူတွေရှိပေမယ့် တပိုင် တနိုင်ရေလုပ်သားအများစုကတော့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြတဲ့ မိမိတို့ ကျွမ်းကျင်ရာ လုပ်ငန်းဖြစ်တာကြောင့် အဆင်ပြေသည် ဖြစ်စေ၊ မပြေသည်ဖြစ်စေ ရေလုပ်ငန်းတစ်ခုကိုပဲ ဆက်လက် လုပ်ကိုင်နေကြတာပါ။

ငွေကြေးအရင်းအနှီးနဲ့ ရေလုပ်ငန်းမှာ အဆင်မပြေမှုတွေ ရှိတာကြောင့် သားသမီးတွေအတွက် ပညာရေးကို ၁၀ တန်းထိရောက်အောင် သင်ကြား နိုင်ခြင်းမရှိကြဘူးလို့လည်း စစ်တွေမြို့နဲ့ ချောင်းငယ်တစ်ခု သာခြားတဲ့ ကျေးတောပိုက်ဆိပ်က ရေလုပ်သား ဦးဟန်သိန်းက ပြောပါတယ်။

ဦးဟန်သိန်း။         ။ရွာကအိမ်ခြေ ၃ဝဝ လောက်ပဲရှိတယ်လေ၊ ပညာအရည်အချင်းက ၆ တန်း ၇ တန်းလောက်ပဲရှိတယ်ဆိုတော့ကာ ရှေ့ကိုဆက်ပြီး မသင်နိုင်တော့ဘူးလေ၊ အများဆုံး ၇ တန်း ၈ တန်းပဲသင်ရတာများတယ်၊ ရှေ့ကိုပညာရေး တိုးတက်မှှုမရှိတော့ဘူး၊ လုပ်စားရတာက တံငါသည်ပဲ၊ တံငါသည်လုပ်စားရတာဆိုတော့ ဒီနေ့ ၁ ရက်သွားလုပ်လို့ ၇ဝဝဝ၊ ၈ဝဝဝ ရတဲ့အခါရတယ်၊ မရတဲ့အခါဆိုလည်း ၃ ထောင် ၄ ထောင်နဲ့ပဲနေရတာ။

ပညာရေးကို ဆုံးခန်းတိုင် မသင်ကြားနိုင်ကြတော့တဲ့ ကလေးအမြောက်အမြားဟာ စစ်တွေမြို့ပေါ်မှာ ကြုံရာကျပန်းအလုပ်တွေကို သွားရောက် လုပ်ကိုင်တာတွေရှိသလို တစ်ချို့ကလေးတွေကတော့ နီးစပ် ရာဘုန်းကြီးကျောင်းတွေမှာ လောကုတ္တရာစာပေတွေကို ဆက်လက်သင်ကြားနေကြ တာတွေလည်း ရှိပါတယ်။

ရေလုပ်သားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ကမ်းနီးကမ်းဝေးမှာ ငါးဖမ်းလှေအကြီးတွေဟာ သတ်မှတ်ထားတဲ့ ရေပိုင်နက်ကိုကျော်လွန်ပြီး ဖမ်းယူနေတာတွေကြောင့် မိသားစု ဝမ်းရေးအတွက် ငါးဖမ်းစားကြရသူတွေ အခက်အခဲတွေ့နေရပါတယ်ခင်ဗျား။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org