ဈေးအတွင်း နှာခေါင်းစည်းမတပ်သူတွေကို ဒေသတချို့မှာ ဒဏ်ရိုက်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နှာခေါင်းစည်းမတပ်သူတွေကို တချို့မြို့ရွာတွေမှာ ဒဏ်ငွေရိုက်တာ အပြစ်ပေး တာတွေ လုပ်ဆောင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက နှာခေါင်းစည်းကို တပ်ဖို့ ညွှန်ကြားထားပေမယ့် မတပ်တဲ့ သူတွေကို ပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြဝေဖန်ကြပေမယ့် ဒဏ်ငွေတပ်တာမျိုးပဲဖြစ်သင့် တယ်လို့ ပြောကြပါတယ်။
-
ဝေယံမိုးမြင့်
2020-05-07 -
-
-
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နှာခေါင်းစည်းမတပ်သူတွေကို တချို့မြို့ရွာတွေမှာ ဒဏ်ငွေရိုက်တာ အပြစ်ပေးတာတွေ လုပ်ဆောင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက နှာခေါင်းစည်းကို တပ်ဖို့ ညွှန်ကြား ထားပေမယ့် မတပ်တဲ့သူတွေကို ပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြဝေဖန်ကြပေမယ့် ဒဏ်ငွေတပ်တာမျိုးပဲဖြစ်သင့်တယ်လို့ ပြောကြပါတယ်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် မြို့မဈေးမှာ စည်ပင်သာယာရေးကော်မတီက နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်ငွေ ၅၀၀၀ ကျပ် ဒဏ်တပ်အရေးယူနေတာဖြစ်ပါတယ်။
နှာခေါင်းစည်းမပါရင် မေးစေ့မှာတပ်ထားရင် ဒဏ်ရိုက်တာလို့ ကျုံပျော်မြို့နယ် ဒေသခံ ဦးရွှေ (ကျုံပျော်) က ပြောပါတယ်။
"ဒေသန္တရအမိန့်ပေါ့ စည်ပင်က သူတို့ ဈေးထဲကိုပတ်တယ် အဲမှာ ဈေးရောင်းတဲ့သူတွေ နှာခေါင်းစည်းမတပ် ထားရင် ဒါဏ်ငွေ ၅၀၀၀ တပ်တယ် လက်လုပ်လက်စားတွေ မပြေလည်တဲ့ သူတွေဆိုရင် ငိုကြီးချက်မနဲ့ ပေးရတာပဲ သူတို့လာစစ်ချိန် မတပ်တာပဲဖြစ်ဖြစ် မေးစေ့မှာ တပ်ထားရင်ဖြစ်ဖြစ် ဒါဏ်တပ်တယ်။"
ဒဏ်တပ်နေတာ ၃ ရက်လောက်ရှိပြီဖြစ်ပြီး ဈေးသူဈေးသားတွေကိုပဲ ဒဏ်တပ်တာဖြစ်ပြီး ဈေးလာဝယ်သူတွေနဲ့ ကျုံပျော်မြို့ထဲမှာတော့ အဲဒီလို လုပ်ဆောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ပညာပေးပြီးမှ အခုလို ဒဏ်တပ်တာဖြစ်ပြီး ဒဏ်ငွေက များလွန်းတယ်လို့ ကျုံပျော်နာရေးကူညီမှုအသင်းက ကိုမျိုးကြီးက ပြောပါတယ်။
"ပညာပေးကာလ ကျော်လွန်သွားတော့ ဒဏ်စနစ်နဲ့လုပ်တယ် အဲဒီမှာ ၅၀၀၀ ဆိုတာကတော့ နည်းနည်းများ တာပေါ့ လက်လုပ်လက်စားအနေအထားနဲ့ ၅၀၀ ၊ ၁၀၀၀ နှာခေါင်းစည်းတစ်ခု တန်ကြေးနဲ့ နှာခေါင်းစည်းပြန်ပေး တာမျိုးဆိုရင်တော့ ပညာပေးရာလည်းရောက်တာပေါ့။ ဈေးသူ ဈေးသားတွေအနေနဲ့ ဒါဏ်ကြေးကများတယ် အခုချိန်ကလည်း အရောင်းပါးနေတာဆိုတော့။"
လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမှာ နှာခေါင်းစည်း မတပ်သူတွေကို ထိုင်ထဒဏ်ပေးတာတွေ လုပ်ခဲ့ပါတယ်။
အဲဒီလိုလုပ်တာ မသင့်တော်ဘူးဆိုပြီး တားမြစ်လိုက်လို့ အခုမလုပ်တော့ဘူးလို့ ရေကြည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းက ဆိုပါတယ်။
"တစ်ရက်ထဲဖြစ်တာပါ ငါတို့က မလုပ်သင့်ဘူးဆိုပြီး လှမ်းပြောတော့ အခုမလုပ်တော့ဘူး ၁၀ ရက်လောက်ရှိပြီ လွန်ခဲ့တဲ့ သူတို့အစီအစဉ်နဲ့ သူတို့လုပ်တာ ဒါကြောင့်မို့ မလုပ်သင့်တာကို မလုပ်ဖို့ လှမ်းပြောတော့ မလုပ် တော့ဘူး။"
ခွဲစိတ်ခန်းသုံး တခါသုံး နှာခေါင်းစည်းတစ်ခုကို နေရာအလိုက် ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်ဝန်းကျင်ဈေး ရှိပါတယ်။ ပိတ်စနဲ့ချုပ်ထားတဲ့ နှာခေါင်းစည်းတစ်ခုကိုတော့ ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်ဝန်းကျင်ဈေးရှိပြီး အဲဒီနှာခေါင်းစည်းတွေဟာ ရောဂါကို မကာကွယ်နိုင်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
နေ့စဉ်အပြင်ထွက်သွားလာနေရတဲ့ အခြေခံလူတန်းစားတွေအဖို့ ဈေးကြီးတဲ့ တစ်ခါသုံး နှာခေါင်းစည်းတပ်ပြီး အပြင်သွားဖို့ဆိုတာ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပါတယ်။ အထပ်ထပ်အခါခါ ပြန်သုံးတာမျိုးတွေ လုပ်နေကြတာပါ။
နှာခေါင်းစည်း မတပ်ရင် ဒဏ်ငွေဆိုတာထက် တစ်ဦးတစ်ယောက်ချင်းစီမှာ ကာကွယ်ရေး အသိပညာပေးတာကို ပိုပြီးလုပ်ဆောင်သင့်တယ်လို့ မန္တလေးမြို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ သီတာလင်း က ပြောပါတယ်။
"ဒါဏ်ငွေထက်စာရင် လူတစ်ယောက်ချင်းစီမှာ အသိစိတ်ဓါတ်ပေါ့ ငါတို့နိုင်ငံ၊ လူမျိုး ၊ မိသားစုအတွက် ငါတို့ တစ်ယောက်ချင်းစီကအတွက် ကာကွယ်သင့်တယ်ဆိုပြီး အသိစိတ်ဓါတ်ဝင်အောင် လုပ်သင့်တယ်ထင်ပါတယ်။ ဒါဏ်ငွေအနေနဲ့ကြတော့ စီးပွားရေးကျပ်တည်းနေချိန် သူတို့အတွက် အခက်အခဲဖြစ်သွားမလားပေါ့။ သူတို့နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အုပ်ချုပ်ရေးမှုးတွေက နှာခေါင်းစည်းဟာ အရေးကြီးတယ် တစ်ဦးရဲ့ နှာခေါင်းစည်းတစ်ဦး တပ်လို့မရဘူး ဈေးသွားရင် ရော့ငါ့နှာခေါင်းစည်းတပ်ဆိုပြီး ပေးတာမျိုး အသိမှားတွေ မဖြစ်အောင် လုပ်သင့် တယ်၊ ဒါဏ်ရိုက်တာ ပြစ်ဒါဏ်ပေးတာထက်စာရင် ပညာပေးတာ ပိုကောင်းတယ်လို့ ယူဆပါတယ်။"
မန္တလေးမြို့ ချမ်းအေးစည်သာဈေးမှာလည်း နှာခေါင်းစည်းမတပ်ထားရင် ဈေးထဲမဝင်ဖို့ တားမြစ်ထား ပါတယ်။အဲဒီလို နှာခေါင်းစည်းမတပ်ရင် ဈေးထဲမဝင်ရဆိုပြီး တားမြစ်လာတဲ့ ဈေးတွေလည်း တော်တော် များများရှိနေပါတယ်။
ပြီးခဲ့တဲ့ဧပြီလကလည်း ရှမ်းပြည်နယ် ဟဲဟိုးမြို့မှာ နှာခေါင်းစည်းမတပ်သူတွေကို တုတ်နဲ့ နှစ်ချက်ရိုက် အပြစ်ပေးတာတွေလုပ်ခဲ့ပြီး နောက်ပိုင်း တားမြစ်မှုတွေလုပ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဟာ ရောဂါလက္ခဏာမပြတာ ၁၄ ရက်အထိ လူကောင်းအတိုင်းသွားလာ မပြတ်နေနိုင်တာကြောင့် မလိုအပ်ပဲအပြင်မထွက်ဖို့နဲ့ ထွက်ရင် နှာခေါင်းစည်းကို မဖြစ်မနေတပ်ကြဖို့ ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်းထားပါတယ်။