မြန်မာတွေ အသုံးပြုနေတဲ့ နယ်စပ်တံတားဖျက်ဆီးမှု စုံစမ်းစစ်ဆေးသင့်လို့ Fortify Rights ပြော

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ဝေါလေမြစ်ပေါ်က လူကူးတံတားကို ထိုင်းစစ်သားတွေ ဖျက်ဆီးနေကြပုံကို မြန်မာဘက်က ဗီဒီယို ရိုက်ကူးခဲ့တာဖြစ်ပြီး Fortify Rights က ရရှိခဲ့တာပါ။

Fortify Rights မှ ထုတ်ပြန်သော ဗီဒီယိုအတွင်း ထိုင်း-မြန်မာနယ်စပ် ဝေါလေမြစ်ပေါ်က လူကူးတံတားအား ထိုင်းစစ်သားများက ဖျက်ဆီးနေသည်ကိုတွေ့ရစဉ်။ Photo: Fortify Rights

မြန်မာနိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြရသူ မြန်မာဒုက္ခသည်တွေ အသုံးပြုနေတဲ့ နယ်စပ်ဖြတ်ကျော် လူကူးတံတားတစ်စင်းကို ထိုင်းစစ်တပ်က မကြာခင်က ဖျက်ဆီးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ဝေါလေမြစ်ပေါ်က လူကူးတံတားကို ထိုင်းစစ်သားတွေ ဖျက်ဆီးနေကြပုံကို မြန်မာဘက်က ဗီဒီယို ရိုက်ကူးခဲ့တာဖြစ်ပြီး Fortify Rights က ရရှိခဲ့တာပါ။

အဲဒီလူကူးတံတားဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နဲ့ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်ကို ဆက်စပ်ထားတာဖြစ်ပြီး မြန်မာဘက်က ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူတွေ၊ သူတို့ပိုင်ဆိုင်သမျှတွေကို တတ်နိုင်သမျှ သယ်ဆောင်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ခွာနေကြတာဖြစ်ပါတယ်။

Fortify Rights က ရရှိခဲ့တဲ့ ၁၆ မိနစ် ကျော်ကြာ ဗီဒီယိုမှာ ထိုင်းစစ်သားတွေက တံတားကို စနစ်တကျ ဖျက်ဆီးနေတာတွေ ပါဝင်ပါတယ်။ အဲဒီဗီဒီယိုကို ပြီးခဲ့တဲ့ မတ်လက ရိုက်ကူးခဲ့တာပါ။

ဒါ့အပြင် နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မှာလည်း ထိုင်းအာဏာပိုင်တွေက မြန်မာဒုက္ခသည်တွေကို ထင်သလို ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်တဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်းလည်း ပြောပါတယ်။ ကရင်ပြည်နယ်မှာလည်း ကလေးသူငယ်တွေအပါအဝင် အရပ်ဘက်ပြည်သူတွေကို မြန်မာစစ်တပ်က လက်ရှိအချိန်အထိ လနဲ့ချီ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနယ်စပ်ကာကွယ်ရေး အထူးတပ်ဖွဲ့ဖြစ်တဲ့ ထိုင်း ဘုရင့်တပ်မတော်ရဲ့ နရစွမ်တပ်ဖွဲ့ဝင်တပ်သားတစ်ဦးက မြန်မာနိုင်ငံက ဒုက္ခသည်တွေ မြစ်ကို ဖြတ်ကူးပြီး ထိုင်းပိုင်နက်ထဲ ရောက်ရှိမလာနိုင်အောင် တားဆီးကာကွယ်ဖို့ အမိန့်ချမှတ်ထားကြောင်း Fortify Rights ကို ပြောဆိုခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ် မတ်လကလည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီးတာနဲ့ ထိုင်းဝန်‌ကြီးချုပ် ပရာယွတ် ချန်အိုချာက မြန်မာနိုင်ငံကနေ ဥပဒေမဲ့ ဝင်ရောက်လာသူတွေကို တားဆီးဖို့ အစိုးရဌာနတွေကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီအမိန့်နဲ့အတူ ထိုင်းအာဏာပိုင်တွေက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်း ပြန်ပို့ခဲ့ပါတယ်။

Fortify Rights ဟာ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကုလသမဂ္ဂ အရာရှိ သုံးဦး ၊ အမျိုးသမီး ခုနစ်ဦး၊ လူသားချင်းစာနာကူညီရေး ဝန်ထမ်းလေးဦး အပါအဝင် မြန်မာဒုက္ခသည် ၁၅ ဦးကို ထိုင်း-မြန်မာနယ်စပ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် မနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာလည်း Fortify Rights က စုဆောင်းခဲ့တဲ့ ကနဦး သက်သေခံချက်တွေအရ ထိုင်းအာဏာပိုင်တွေရဲ့ ထင်သလို ဖမ်းဆီးထိန်းသိမ်းတာတွေ၊ မြန်မာဒုက္ခသည်တွေကို ခြိမ်းခြောက်ငွေညှစ်တာတွေကို ဖော်ထုတ်ခဲ့ပါတယ်။

ဧပြီလ ၈ ရက်နေ့ အေပီသတင်းမှာလည်း Police Cards လို့ခေါ်တဲ့ ရဲကတ်ပြားတွေကို ကြားလူတွေကတဆင့် လစဉ်ကြေးအဖြစ် အမေရိကန် ၁၀ ဒေါ်လာနဲ့ညီတဲ့ ထိုင်းဘတ်ငွေ ၃၅၀နဲ့ ဝယ်ယူနေထိုင်ကြရကြောင်း၊ အဲဒီကတ်ပြားရှိရင် ရဲအဖမ်းမခံရကြောင်း၊ ထိုင်းရဲတွေအတွက် စားပေါက်တစ်ခုအဖြစ် ဖန်တီးထားတာဖြစ်ကြောင်း ဖော်ပြပါတယ်။ ဒီကိစ္စကို ထိုင်းအစိုးရက ငြင်းဆိုပေမယ့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို အရေးယူမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီအတွင်း ငါးနိုင်ငံ ပြည်ပခရီးစဉ်နဲ့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ တနင်္လာနေ့မှာ တွေ့ဆုံတဲ့အခါ စီးပွားရေးကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံတွင်းက ကသောင်းကနင်း ဖြစ်ရပ်တွေ၊ ရုရှားရဲ့ယူကရိန်းစစ်ပွဲကိစ္စတွေ ဆွေးနွေးဖွယ်ရှိကြောင်း အေပီသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာသူတချို့က ပြည်တွင်းစစ်အဖြစ် ပြောဆိုကြပြီး အစိုးရအများကလည်း မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူခဲ့ကြပါတယ်။ အင်ဒိုနီးရှားနဲ့စင်္ကာပူလို အရှေ့တောင်အာရှနိုင်ငံတွေကလည်း စစ်ကောင်စီရဲ့ အာဏာအလွဲသုံးမှုတွေအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ထိုင်းနဲ့ဂျပန်ကတော့ ဝေဖန်သံ သိပ်မကျယ်ခဲ့ပါဘူး။

ဂျပန်ရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာ ပြီးခဲ့တဲ့ နှစ် ၆၀ အတွင်း ထိုင်းရဲ့ စက်မှုဖွံ့ဖြိုးရေးအတွက် အခရာ ကျခဲ့ပါတယ်။ အထူးသဖြင့် မော်တော်ကားထုတ်လုပ်ရေးမှာ လျှပ်စစ်ကားကဏ္ဍအထိ တိုးချဲ့ဖို့ ထိုင်းနိုင်ငံက စီစဉ်နေပြီဖြစ်ပါတယ်။

ကီရှီဒါဟာ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်ကို ရောက်ရှိခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိမှာပါ။ အဲဒီနောက် အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org